Main menu

Background

တရုတ်နည်းပညာနှင့် ဆက်သွယ်ရေးကုန်ပစ္စည်းတချို့ကို အမေရိကန်ပိတ်ပင်

Tue, 12/13/2022 - 10:58 -- journal_editor

အမေရိကန်ပြည်ထောင်စုသည် တရုတ်နည်းပညာနှင့်ဆက်သွယ်ရေးကုန်ပစ္စည်းတချို့ကို ပြည်တွင်း၌ရောင်းချခြင်းအား ပိတ်ပင်လိုက်ကြောင်း အမေရိကန်အစိုးရက သတင်းထုတ်ပြန်ထားကြောင်း ရိုက်တာသတင်းတစ်ရပ်၏ ရေးသားချက်အရ သိရသည်။ 
အမေရိကန်ပြည်ထောင်စုက တရုတ်နည်းပညာနှင့်  ဆက်သွယ်ရေးကုန်ပစ္စည်းတချို့ကို ပြည်တွင်း၌ရောင်းချခြင်းအား ပိတ်ပင်လိုက်ရာတွင် တရုတ်နိုင်ငံဆက်သွယ်ရေးကုမ္ပဏီများဖြစ်သည့် Huawei နှင့် ZTE ကုမ္ပဏီတို့ ပါဝင်ကြောင်း သိရသည်။ 
ထို့ပြင် ယင်းဆက်သွယ်ရေးကုမ္ပဏီများအပြင် တရုတ်နိုင်ငံနည်းပညာကုမ္ပဏီများက ထုတ်လုပ်ထားသည့် ဆက်သွယ်ရေးပစ္စည်းများကိုလည်း အမေရိကန်ပြည်ထောင်စုအတွင်း ရောင်းချခြင်းမပြုလုပ်ရန် ပိတ်ပင်လိုက်ခြင်းဖြစ်သည်။ 
အကြောင်းရင်းမှာ အမေရိကန်အစိုးရသည် နိုင်ငံတွင်းလုံခြုံရေးအတွက်  စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေခြင်းကြောင့် တရုတ်နိုင်ငံထုတ် ဆက်သွယ်ရေးကုမ္ပဏီများမှ ပစ္စည်းများကို တင်သွင်းရောင်းချခြင်းများအား ယခုကဲ့သို့ ပိတ်ပင်လိုက် ခြင်းဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ Dahua Technology ကုမ္ပဏီမှ ထုတ်လုပ်သည့် နည်းပညာသုံးပစ္စည်းများနှင့် Hangzhou Hikvision Digital Technology နှင့် Hytera Communications တို့မှ ထုတ်လုပ်ထားသည့် ဆက်သွယ်ရေးနှင့် နည်းပညာပိုင်းဆိုင်ရာ ထုတ်ကုန်ပစ္စည်းများကို နိုင်ငံအတွင်း ရောင်းချခွင့်မပြုရန်  အမေရိကန်ပြည်ထောင်စု ဖက်ဒရယ်ဆက်သွယ်ရေးကော်မရှင်က  ပိတ်ပင်လိုက်ခြင်း ဖြစ်သည်ဟု သိရသည်။
အမေရိကန်နိုင်ငံသားများကို စုံစမ်းထောက်လှမ်းနိုင်ရေးအတွက် တရုတ်နည်းပညာနှင့် ဆက်သွယ်ရေးကုမ္ပဏီများကို အသုံးချနေသည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီးနောက်တွင် အမေရိကန်အစိုးရက ယခုကဲ့သို့ တရုတ်နိုင်ငံထုတ် ဆက်သွယ်ရေးနှင့် နည်းပညာပစ္စည်းများရောင်းချခြင်းကို တားဆီးပိတ်ပင်ခဲ့ခြင်းဖြစ်သည်။ 
အဆိုပါ တရုတ်ဆက်သွယ်ရေးနှင့် နည်းပညာကုမ္ပဏီများဖြစ်သည့် Huawei, ZTE, Dahua, Hikvision and Hytera  ကုမ္ပဏီများဘက်ကမူ အမေရိကန်ပြည်ထောင်စု၏ ပိတ်ပင်မှုများ နှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ မှတ်ချက်ပြုပြောဆိုခြင်းမရှိသေးကြောင်း  ရိုက်တာသတင်းတွင် ဆက်လက်ဖော်ပြထားသည်။ 
သို့သော် အမေရိကန်ဖက်ဒရယ် ဆက်သွယ်ရေးကော်မရှင်ကမူ  ယခုအသစ်ထပ်မံသတ်မှတ်လိုက်သည့် စည်းကမ်းအသစ်သည် အမေရိကန် ပြည်ထောင်စုနှင့်  အမေရိကန်နိုင်ငံသားများ၏ လုံခြုံရေးကို ကာကွယ်ပေးရန် လုပ်ဆောင်မည့် အစီအစဉ်များလည်း ပါဝင်ကြောင်း ပြောဆိုထားသည်။
Source; Reuters