Main menu

Background

ဂျပန်နိုင်ငံရှိ စျေးဝယ်စင်တာများသည် ကိုရိုနာကပ်ရောဂါ ပြန့်ပွားနေချိန်အတွင်း အင်တာနက်မှ ဝန်ဆောင်မှုပေးခြင်းကို ပိုမိုမြှင့်တင်ဆောင်ရွက်နေကြ

Fri, 09/18/2020 - 15:31 -- journal_editor

ဂျပန်နိုင်ငံရှိ စျေးဝယ်စင်တာများသည် ကိုရိုနာကပ်ရောဂါပြန့်ပွားနေချိန်အတွင်း နေအိမ် အင်တာနက်မှတစ်ဆင့် စျေးဝယ်ကြသည့် စားသုံးသူများ၏ စိတ်ချယုံကြည်မှုကို ခိုင်မာစေရန်နှင့် အမျိုးမျိုးသော ဝန်ဆောင်မှုများ ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်၍ အင်တာနက်ဝန်ဆောင်မှုကို ပိုမို မြှင့် တင်ဆောင်ရွက်နေကြကြောင်း သိရသည်။

          လက်ရှိပြန့်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်သည် မည်သည့်အချိန်တွင် အဆုံးသတ်မည်ကို မည်သူမျှ မခန့်မှန်းနိုင်သဖြင့် ပြည်တွင်းရှိ စားသုံးသူများ အဆင်ပြေကျေနပ်မှု ရရှိစေရန် ဂျပန်နိုင်ငံ မှ စျေးဝယ်စင်တာများက အအေးခန်းနှင့် ရေခဲသေတ္တာများ အသုံးပြုကာ စားသောက်ကုန်ပစ္စည်း များ ဖြန့်ဝေပေးပို့သည့် စနစ်ကို စတင်ဆောင်ရွက်နေသည်။

          Life Corporation က ယခင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာတွင် ဂျပန်၏ အကြီးမားဆုံးသော e-Commerce  Website ဖြစ်သည့် Amazon မှတစ်ဆင့် ဟင်းသီးဟင်းရွက်များ ရောင်းချကာ အိမ်တိုင်ရာရောက် ဖြန့်ဝေပေးပို့မှုလုပ်ငန်းကို စတင်ခဲ့ပြီး ယခု ၂၀၂၀ ပြည့်နှစ်တွင် Amazon မှ တစ်ဆင့် အိမ်တိုင်ရာရောက် အစားအသောက် ဖြန့်ဝေပေးပို့မည့်လုပ်ငန်းကို တိုးချဲ့ရန် ပြင်ဆင် ဆောင်ရွက်ခဲ့သည်။

          ပြီးခဲ့ ဇူလိုင်လကုန်၎င်း၏ ကနဦးလုပ်ငန်းတိုးချဲ့မှုတစ်ရပ်အနေဖြင့် Life က တိုကျိုမြို့တော် ၏ ရပ်ကွက် ၂၃ ခုနှင့် အိုဆာကာကဲ့သို့သော အခြားစီရင်စုများ၏ မြို့တော် ၄ ခုအပါအဝင် အစား အသောက် ဖြန့်ဝေပေးပို့ပေးသည့် ဝန်ဆောင်မှုကို စတင်ခဲ့ပြီးဖြစ်ကြောင်း သိရပါသည်။

          e-Commerce အသုံးပြုကာ Amazon မှတစ်ဆင့် ဟင်းသီးဟင်းရွက်များ အိမ်တိုင်ရာ ရောက်ပေးပို့ရောင်းချခြင်းအားဖြင့် Life သည် ယခင်က စျေးကွက် အဆက်အစပ်မရှိခဲ့သည့် ဒေသ များ၌ ကုန်ပစ္စည်းရောင်းချရမှုမှ အမြတ်အစွန်းများ ရရှိရန် ဖန်တီးနိုင်မည်ဖြစ်ပါသည်။ အိမ်တိုင်ရာ ရောက် ပေးပို့ဖြန့်ဝေရာတွင် ၂ နာရီအတွင်း ရောက်ရှိနိုင်သည့် နေရာဒေသများအတွက် အသက် သာဆုံးသော သယ်ယူပို့ဆောင်ခနှုန်းထားဖြင့် စားသုံးသူများကို ဝန်ဆောင်မှုပေးရန် Life Corporation က စီမံထားကြောင်း သိရသည်။

          ပြီးခဲ့သည့် မေလအတွင်း Aeon Co.Ltd., က စားသုံးသူများကို လိုအပ်သည့် ကုန်ပစ္စည်း များအားလုံး အင်တာနက်မှ မှာယူစေပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသည့် ဝန်ဆောင်မှုကို စတင်ခဲ့ပါသည်။ အဆိုပါဝန်ဆောင်မှုကို ပြည်တွင်းရှိ စားသုံးသူဖောက်သည်အများအပြားက စိတ်ကျေနပ်မှုရှိသည်ဟု ချီးမွမ်းပြောဆိုခဲ့ကြကြောင်း၊ အင်တာနက်မှ စျေးဝယ်ခြင်းသည် စားသုံးသူများအနေဖြင့် လိုအပ်သည့် ကုန်ပစ္စည်းအားလုံးကို သက်တောင့်သက်သာဖြင့် နေအိမ်မှ နေ၍ မှာယူကာ အချိန်တိုအတွင်း အိမ်တိုင်ရာရောက် ရရှိနိုင်ခြင်းကြောင့် ၎င်းတို့အတွက် များစွာ အဆင်ပြေကြောင်း ဆိုပါသည်။ ဇူလိုင်လကုန်အထိ Aeon အနေဖြင့် အဆိုပါ ဝန်ဆောင်မှုကို ဂျပန် နိုင်ငံအနှံ့အပြားရှိ ဆိုင်ခွဲပေါင်း ၁၈၀ ကျော်တွင် ဆောင်ရွက်အောင်မြင်နေကြောင်း သိရသည်။

          အလားတူ ဂျပန်နိုင်ငံ၏ အစားအသောက်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့်  Cookpad Inc., သည်လည်း အင်တာနက်မှတစ်ဆင့် မှာယူကြသည့် အသင့်စား စားသောက်ကုန်များကို အသုံးပြု ကာ မီးရထားဘူတာရုံများ၊ ဆေးဆိုင်များနှင့် အခြားသောနေရာများတွင် အ​အေးခန်းများ၊ ရေခဲသေတ္တာများထားရှိပြီး ဖြန့်ဝေရောင်းချပေးနေပါသည်။ အဆိုပါကုမ္ပဏီအနေဖြင့် အစား အသောက်ဝန်ဆောင်မှုကို တစ်ကြိမ်တည်း အနည်းဆုံး လူ ၅၀ စာအထိ စီမံပံ့ပိုးပေးနိုင်ကြောင်း သိရသည်။

          ပြီးခဲ့သည့် ဇူလိုင်လကုန်အထိ Cookpad Mart များမှ လတ်ဆတ်သော စားသောက် ကုန်များ ဝန်ဆောင်မှုပေးနေပြီး တိုကျိုမြို့တော်တဝိုက်ရှိ နေရာပေါင်း ၁၅၀ ခန့်အထိနှင့် ကာနာဂါဝါ စီရင်စုဒေသရှိ နေရာများသို့ ပို့ဆောင်ပေးနေပါသည်။ အဆိုပါဝန်ဆောင်မှု နှင့်ပတ်သက်၍ မှာယူကြသည့် စားသုံးသူများ တိုးပွားလာပြီး နေအိမ်တိုက်ခန်းများ၌ပင် အအေး ခန်းနှင့် ရေခဲသေတ္တာများ တိုးချဲ့တပ်ဆင်ထားပေးခြင်းဖြင့် ဝန်ဆောင်မှုတိုးမြှင့်ရန် စားသုံးသူ များက တောင်းဆိုနေကြသည်။