Main menu

Background

အိန္ဒိယနိုင်ငံ၏ ၂၀၂၀-၂၁ ဘဏ္ဍာနှစ် ပထမသုံးလပတ်တွင် စီးပွားရေးကျုံ့ဝင်ကျဆင်းခဲ့ခြင်း

Fri, 09/18/2020 - 15:35 -- journal_editor

အိန္ဒိယနိုင်ငံ စာရင်းအင်းနှင့် စီမံချက်များ အကောင်အထည်ဖော်ရေး ဝန်ကြီးဌာနသည် ၂၀၂၀-၂၁ဘဏ္ဍာနှစ် ဧပြီလမှ ဇွန်အထိ ပထမသုံးလပတ်အတွက် စီးပွားရေးတိုးတက်မှု ခန့်မှန်း ချက် အစီရင်ခံစာကို သြဂုတ် ၃၁ ရက်တွင်ထုတ်ပြန်ခဲ့ရာ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၂၀၁၁-၁၂ ပုံသေဈေးနှုန်းများဖြင့် တွက်ချက်သည့် စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုတန်ဖိုးမှာ တိုး တက်မှုမရှိပဲ အနှုတ်လက္ခဏာဖြင့် စီးပွားရေး ကျုံ့ဝင်ကျဆင်းခဲ့ကြောင်း သိရှိရသည်။

          အဆိုပါ အစီရင်ခံစာအရ ၂၀၁၁-၁၂ ပုံသေဈေးနှုန်းများဖြင့်တွက်ချက်ရာတွင် ၂၀၂၀-၂၁ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုတန်ဖိုးမှာ ရူပီးငွေ ၂၆ဒသမ ၉ ထရီလီယံခန့်ရှိကြောင်း ခန့်မှန်းရရှိပြီး  ယခင်ဘဏ္ဍာနှစ် ပထမသုံးလပတ် GDP မှာ ရူပီး ၃၅ဒသမ၃၅ ထရီလီယံရှိရာ စီးပွားရေးကျုံ့ဝင်မှုနှုန်း အနှုတ် ၂၃ဒသမ၉ရာခိုင်နှုန်း ဖြစ်ပေါ်ပြီး တိုးတက်မှု ကျဆင်းခဲ့ခြင်းဖြစ်သည်။ GDP တန်ဖိုးအား လက်ရှိကာလဈေးနှုန်း များဖြင့် တွက်ချက်ပါကလည်း ၂၀၂၀-၂၁ ဘဏ္ဍာနှစ် ပထမသုံးလပတ်၌ ရူပီးငွေ ၃၈ဒသမ၀၈ ထရီလီယံသာရှိပြီး ၂၀၁၉-၂၀ ဘဏ္ဍာနှစ် ကာလတူ ၌ GDP တန်ဖိုး ရူပီးငွေ ၄၉ဒသမ၁၈ ထရီလီယံအောက်သို့ လျော့ကျလျက် စီးပွားရေးကျုံ့ဝင်မှု အနှုတ် ၂၂ဒသမ ၆ရာခိုင်နှုန်း ဖြစ်ပေါ်ကြောင်း တွေ့ရှိရသည်။

          အိန္ဒိယစာရင်းအင်းဝန်ကြီးဌာန၏ ဖေါ်ပြချက်အရ စီးပွားရေးတိုးတက်မှုအား တိုင်းတာ တွက်ချက်သည့် အဓိကလုပ်ငန်းအုပ်စု ၈ ခုအနက် လယ်ယာ၊ သစ်တောနှင့် သားငါးအုပ်စုမှအပ ကျန်အုပ်စု ၇ ခုတွင် တိုးတက်မှုနှုန်းမှာ အနှုတ်လက္ခဏာ ဖြစ်ပေါ်ခဲ့ကြောင်း၊  ဆောက်လုပ်ရေး အုပ်စု၊ ကုန်သွယ်ရေး၊ ဟိုတယ်ခရီး၊ ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးအုပ်စုနှင့် ကုန်ထုတ် လုပ်မှုအုပ်စုတို့သည်  စီးပွားရေးကျုံ့ဝင်မှုနှုန်း (-)၅၀ဒသမ၃ရာခိုင်နှုန်း၊  (-)၄၇ရာခိုင်နှုန်း နှင့် (-) ၃၉.၃ရာခိုင်နှုန်း အသီးသီး ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အကျပ်အတည်းကာလအတွင်း စာရင်း ကောက်ယူပြုစုရန် ခက်ခဲမှုများအရ ယခုခန့်မှန်းစာရင်း များအား သတင်းထုတ်ပြန်မှု ပြက္ခဒိန် ကာလအလိုက် ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း အိန္ဒိယအမျိုးသားစာရင်းအင်းရုံး (NSO) က ဖော်ပြထားသည်။

          ၂၀၂၀-၂၁ ဘဏ္ဍာနှစ် ပထမသုံးလပတ် GDP တိုးတက်မှုကျဆင်းလျက် စီးပွားရေးကျုံ့ ဝင်ခြင်းသည် နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အကျပ်အတည်းအား စီးပွားရေးကျဆင်းစေသည့် အဓိကအကြောင်းအရင်းအဖြစ် ပြောဆိုကြ သော်လည်း ၎င်းရောဂါကူးစက်မှု မဖြစ်ပေါ်မီအချိန်ကပင် အိန္ဒိယ၏ စီးပွားရေးအခြေအနေမှာ အားနည်းနေခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ ဘဏ်လုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်း ကြီးများ၌ ငွေဖြစ်လွယ်မှု အကျပ်အတည်းများ၊ ရင်းနှီးမြှုပ်နှံမှု လျော့ပါးခြင်းများ၊ NPAs ခေါ် ငွေဖြစ်လွယ်ရန်ခက်ခဲသည့် ပိုင်ဆိုင်မှု များပြားခြင်းများ ဖြစ်ပေါ်လျက်ရှိပြီး အိမ်ခြံမြေလုပ်ငန်း၊ တည်ဆောက်ရေးလုပ်ငန်းနှင့် ကုန်ထုတ်လုပ်မှုတို့ ကျဆင်းနေခဲ့ကြောင်း၊ ထို့နောက် Covid-19 ကပ်ရောဂါ ရိုက်ခတ်မှုက ထိုသို့စီးပွားရေး ကျဆင်းစပြုနေသည့် အခြေအနေကို ပိုမိုဆိုးရွားစေ ခဲ့ခြင်း ဖြစ်ကြောင်း၊  လက်ရှိကာလ၌ အိန္ဒိယပြည်သူများသည်  အရေးကြီးလိုအပ်သည့် ကုန်စည်များမှအပ မလိုအပ်သော အသုံးစရိတ်များကို လျော့ချလျက်ရှိရာ ကုန်စည်နှင့် ဝန်ဆောင်မှုများ အပေါ် ဝယ်လိုအားကျ ဆင်းလျက်ရှိပြီး စီးပွားရေးကျုံ့ဝင်မှုဇုန်မှ ရုန်းထွက်နိုင်ရန်အတွက် အလုပ် အကိုင်များ ဖန်တီးနိုင်မှုက အဓိကကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း စသည်ဖြင့် အိန္ဒိယ သတင်းဌာန များက ဖော်ပြကြသည်။

           အိန္ဒိယ၏စီးပွားရေးတိုးတက်မှု အခြေအနေနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံပိုင်ဘဏ် (SBI) က လေ့လာဆန်းစစ်မှု အစီရင်ခံစာတစ်စောင်အား ၃.၉.၂၀၂၀ နေ့တွင် ထုတ်ပြန်ခဲ့ရာ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်အတွင်း ဒုတိယသုံးလပတ်၌ GDP သည် ၁၂ရာခိုင်နှုန်း မှ ၁၅ရာခိုင်နှုန်း အထိလည်းကောင်း၊ တတိယ သုံးလပတ်တွင် ၅ရာခိုင်နှုန်း မှ ၁၀ရာခိုင်နှုန်း အထိလည်းကောင်း ဆက်လက်ကျဆင်းဖွယ်ရှိပြီး ၁ နှစ်တာကာလ အတွင်း စီးပွားရေးကျုံ့ဝင်မှု ၁၀ဒသမ၉ ရာခိုင်နှုန်း ခန့်ရှိနိုင်ကြောင်း ခန့်မှန်းထားပါသည်။

(နေအေးလွင်)