Main menu

Background

အိန္ဒိယမှ ဆန်လုံးညိုများ ဗီယက်နမ် တင်သွင်းမှုပြု

Mon, 03/04/2024 - 11:01 -- journal_editor

ဗီယက်နမ်နိုင်ငံသည်  ကမ္ဘာ့ဆန်ဝယ်လိုအား ခိုင်မာ ကောင်းမွန်နေမှုအပေါ် ဝင်ငွေတိုးတက်ရရှိရန် ကြိုးပမ်းလျက် ရှိရာ ပြန်လည်ပြုပြင်ကြိတ်ခွဲပြီး  သန့်စင်ထားသော ဆန်ဖြူ အမျိုး အစားများကို ပြည်ပသို့ ပြန်လည်တင်ပို့ရန်အတွက် ဆယ်စုနှစ် များစွာအတွင်း အိန္ဒိယမှ စပါးခွံချွတ်ပြီးသော ဆန်လုံးညိုများကို ပထမဆုံးအကြိမ်အဖြစ် တင်သွင်းခဲ့ကြောင်း ကုန်သွယ်ရေးနှင့် အစိုးရ သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ သိရသည်။
ကမ္ဘာ့တတိယအကြီးဆုံး ဆန်တင်ပို့သည့် နိုင်ငံဖြစ်သည့် ဗီယက်နမ်နိုင်ငံသည် ဒီဇင်ဘာလနှင့် ဖေဖော်ဝါရီလအတွင်း အိန္ဒိယနိုင်ငံမှ ဆန်လုံးညို မက်ထရစ်တန် ၂၀ဝ၀ဝ၀ ထက်မနည်း တင်သွင်းခဲ့ကြောင်း၊ ကမ္ဘာ့ထိပ်တန်းဆန်တင်ပို့သူ အိန္ဒိယသည် ၂၀၂၃ ခုနှစ်တွင် ဆန်ဖြူတင်ပို့မှုကို ပိတ်ပင်ပြီးနောက် ဗီယက်နမ် ၏ ဆန်တင်ပို့မှုမှာ သွက်လက်လျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံမှ ဆန်တင်ပို့မှုသည် မက်ထရစ်တန် ၈ဒသမ၃ သန်းသို့ စံချိန်တင်တိုးတက်ခဲ့ကြောင်း သိရသည်။ တင်ပို့မှုများ   တစ်ဟုန်ထိုး   မြင့်တက်လာခြင်းသည် ဗီယက်နမ်၏   ဆန်သိုလှောင်မှုပမာဏကို  ကျဆင်းမှုဖြစ်စေ ကြောင်း၊ သို့သော်လည်း ဗီယက်နမ်အနေဖြင့် ကမ္ဘာ့ဝယ်လိုအား မြင့်တက်လာခြင်းကို ဖြည့်ဆည်းပေးရန်အတွက် စိတ်အားထက် သန်နေဆဲဖြစ်ကြောင်း အိန္ဒိယနိုင်ငံအရှေ့ပိုင်း ကောလ်ကတ္တား မြို့မှ ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။
ဗီယက်နမ်တွင် ဆန်ကြိတ်ခွဲထုတ်လုပ်ရန် စပါးကို မရရှိနိုင် သောကြောင့် ကုန်သည်အချို့သည် အိန္ဒိယမှ စပါးခွံချွတ်ပြီး ဆန်လုံးညိုများကို တင်သွင်းကာ ပြုပြင်ကြိတ်ဖွတ်တင်ပို့ခြင်းဖြင့်  အမြတ်အစွန်းများ ရရှိခဲ့ကြောင်း၊ နောက်ပိုင်းတွင် အခြားသော ကုန်သည်များကလည်း အဆိုပါ လုပ်ငန်းကို လုပ်ကိုင်လာကြ ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
အိန္ဒိယ၏ အရှေ့ဘက်ကမ်းရိုးတန်းမှ ဆန်လုံးညို တစ် တန်လျှင် ကုန်ပစ္စည်းသင်္ဘောပေါ်အရောက် အခြေခံဈေးနှုန်း FOB) ဒေါ်လာ ၅၀ဝ ဝန်းကျင်ဖြင့် ကမ်းလှမ်းရောင်းချခဲ့ပြီး  ဗီယက်နမ်ကုန်သည်များသည် ပြန်လည်ပြုပြင်ထားသော ဆန် များကို ဒေါ်လာ ၆၀ဝ ကျော်ဖြင့်  ရောင်းချခြင်းဖြစ်ကြောင်း၊ ဗီယက်နမ်သည် အိန္ဒိယမှ ဆန်လုံးညိုကို မကြာသေးမီက စတင် ဝယ်ယူခဲ့ပြီး ယခုအခါ အိန္ဒိယ၏ စုစုပေါင်း ဆန်လုံးညိုတင်ပို့မှု၏ ၉၅ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။ လက်ရှိကာလ  ဗီယက်နမ်သည် အိန္ဒိယမှ ဆန်လုံးညို မက်ထရစ်တန်ချိန် ၇၀ဝ၀ဝ ခန့်အား လစဉ်တင်သွင်းနေကြောင်း အမည်မဖော်လိုသည့်  အစိုးရအရာရှိတစ်ဦးက  ပြောဆိုခဲ့ပြီး ဗီယက်နမ်နိုင်ငံတွင် ရာသီအသစ်မှ ထွက်ရှိသော စပါးများဈေး ကွက်သို့  စတင်ဝင်ရောက်လာသော်လည်း အိန္ဒိယဆန်သည် ဈေးနှုန်းသက်သာဆဲဖြစ်ကြောင်း ကောလ်ကတ္တားမြို့အခြေစိုက် ဆန်တင်ပို့သူ၏ ပြောကြားချက်အရ သိရသည်။
အိန္ဒိယမှ ဆန်တင်ပို့မှု မပိတ်မီအချိန်ထိ ဗီယက်နမ်နိုင်ငံ သည်  တိရစ္ဆာန်အစာနှင့်  ဘီယာချက်လုပ်ရန်အတွက် ၁၀ဝ ရာခိုင်နှုန်းပြည့်  ဆန်ကွဲများကို  ဝယ်ယူတင်သွင်းခဲ့ကြောင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ နိုင်ဂျီးရီးယား၊ ဆီနီဂေါ၊ အိုင်ဗရီကို့စ်နှင့် မလေးရှားနိုင်ငံတို့သည် ဆန်တင်သွင်းမှုတွင် ဦးဆောင်နေပြီး အဆိုပါနိုင်ငံများသည် အိန္ဒိယ၊ ထိုင်း၊ ဗီယက်နမ်၊ ပါကစ္စတန်နှင့် မြန်မာနိုင်ငံတို့မှ ဆန်တင်ပို့မှုအပေါ် မှီခိုနေရကြောင်း၊ အိန္ဒိယ သည် လက်ရှိတွင် ပေါင်းဆန်နှင့် ပရီမီယံအဆင့်  အရည်အသွေး မြင့်  ဘာစမာတီဆန်မျိုးများကိုသာ  တင်ပို့ခွင့်ပြုထားကြောင်း သိရှိရသည်။
Source ; Reuters, 
DPTM, DOCA