စားအုန်းဆီ အများဆုံးထုတ်လုပ်သည့် အင်ဒိုနီးရှားသည် စားအုန်း ဆီကို အချိုးကျရောနှော အသုံးပြုသည့် ဇီဝဒီဇယ်အသုံးပြုမှုအား မြှင့်တင် ထားသောကြောင့် မလေးရှားစားအုန်းဆီကြမ်း (CPO) ၏ အနာဂတ် အလားအလာမှာ ၂၀၂၅ ခုနှစ်တွင် ပျမ်းမျှ အားဖြင့် ဈေးနှုန်း ပိုမိုမြင့်တက် လာမည်ဟု စစ်တမ်းကောက်ယူမှုအရ သိရကြောင်း ရိုက်တာသတင်းဌာန က ဖော်ပြထားသည်။
စားအုန်းဆီ တစ်တန်၏ ပျမ်းမျှဈေးနှုန်းသည် ယခုနှစ်တွင် ရင်းဂစ် ၄၃၅၀ (အမေရိကန် ဒေါ်လာ ၉၇၂ ဒသမ ဝ၇) ရှိပြီး ၂၀၂၄ ခုနှစ်၌ ဖြစ် ပေါ်ခဲ့သောဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ၅ဒသမ၄ ရာခိုင်နှုန်း မြင့်တက် လာမည်ဟု ကုန်သည်များ၊ လေ့လာသုံး သပ်သူများနှင့် စားအုန်းဆီနယ် ပယ်၌ လုပ်ငန်း ပါဝင်ဆောင်ရွက်သူ ၁၁ ဦး၏ ပျမ်းမျှခန့်မှန်းချက်အရ သိရှိရကြောင်း ရိုက်တာက ရေးသားဖော်ပြသည်။
ဆိုးရွားသော ရာသီဥတုက ရောင်းလိုအားကို အနှောင့်အယှက် ဖြစ်စေသောကြောင့် ၂၀၂၄ ခုနှစ်တွင် စားအုန်းဆီကြမ်း ဈေးကွက် အပိတ် ပျမ်းမျှဈေးနှုန်းသည် တစ်တန်လျှင် ၄၁၂၈ ရင်းဂစ် ဖြင့် ယခင် နှစ်ထက် ၈ဒသမ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် နှစ် နှစ်ခွဲတာ ကာလအတွင်း အမြင့်ဆုံး ဈေးနှုန်းအဖြစ်သို့ ရောက်ရှိခဲ့ သည်။
အင်ဒိုနီးရှား၌ စားအုန်းဆီ ၄၀ ရာခိုင်နှုန်း ရောနှောအသုံးပြုမည့် ဇီဝဒီဇယ် (B၄၀) အစီအစဉ်ကို ခွင့်ပြုခဲ့ပါက ပြည်ပသို့စားအုန်းဆီတင်ပို့ နိုင်မှုကို လျော့ကျသွားစေမည်ဖြစ်ပြီး ရလဒ်အနေဖြင့် မလေးရှားစား အုန်းဆီ တင်ပို့မှုကို ပိုမိုအားကောင်းလာစေနိုင်ကြောင်း မွမ်ဘိုင်းအခြေ စိုက် စားသုံး ဆီလုပ်ငန်းတစ်ခုဖြစ်သော Sunvin Group မှ သုတေသန အကြီးအကဲMr. Anilkumar Bagani က ပြောကြားခဲ့သည်။
အင်ဒိုနီးရှား၏ ဇီဝဒီဇယ်၌ စားအုန်းဆီအချိုးကျရောနှော အသုံးပြု မှုကို ၂၀၂၅ ခုနှစ်တွင် ၄၀ ရာခိုင်နှုန်းအထိ တိုးမြှင့်မည့် အစီအစဉ်သည် စားအုန်းဆီကြမ်း တန်ချိန် ၁ ဒသမ၂ သန်းမှ ၁ ဒသမ ၇ သန်းအထိ ထပ်မံ လိုအပ်မည်ဖြစ်သည်ဟု မလေးရှား စားအုန်းဆီအသင်းမှ အမှုဆောင် အရာရှိချုပ် Mr. Roslin Azmy Hassan က ပြောကြားခဲ့သည်။ အရှေ့တောင် အာရှဒေသတွင် ဆိုးရွားသည့် ရာသီဥတုနှင့် ရင်ဆိုင်ကြုံ တွေ့ရမှုကြောင့် အင်ဒိုနီးရှား၏ စားအုန်းဆီတင်ပို့မှုကို လျော့ကျစေပြီး ဈေးနှုန်းမြင့်တက်မှုကို အထောက်အကူဖြစ်စေလျက်ရှိကြောင်း၊ ထို့အပြင် အင်ဒိုနီးရှားသည် ဇီဝဒီဇယ်မူဝါဒကို အထောက်အပံ့ဖြစ်ရန် ပို့ကုန်အခွန် တိုးမြှင့် ကောက်ခံမည်ဆိုပါက စားအုန်းဆီဈေးနှုန်းကို ထပ်မံတိုးမြင့်စေ မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ဇီဝဒီဇယ်သုံးစွဲမှု အစီအစဉ်ကို ဘဏ္ဍာ ငွေ ထောက်ပံ့ပေးနိုင်ရန်အတွက် စားအုန်းဆီကြမ်းတင်ပို့မှုအပေါ် အခွန် စည်းကြပ်မှုအား ၇ ဒသမ ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းသို့ တိုးမြှင့်ရန် စီစဉ်နေသော်လည်း နည်းဥပဒေတစ်ရပ်ချမှတ်ရန် လိုအပ်နေသေး ကြောင်း အင်ဒိုနီးရှား တာဝန်ရှိသူများက ပြော ကြားခဲ့သည်။
တောင်အမေရိကမှ ပဲပုပ်ဆီများ၏ ရောင်းလိုအား မြင့်မားလာ ခြင်းသည် စားအုန်းဆီ ဈေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်ဖွယ်ရှိကြောင်း နယူးဒေလီအခြေစိုက် ကုန်သည်တစ်ဦးက ပြောဆိုသည်။ ၂၀၂၅ ခုနှစ် တွင် အင်ဒိုနီးရှားနှင့် မလေးရှားတို့မှ စားအုန်းဆီ အထွက်ပမာဏ အနည်း ငယ်တက်လာမည်ဟု မျှော်လင့်ရကြောင်း၊ အင်ဒိုနီးရှား၏ ထုတ်လုပ်မှု သည် ယခင်နှစ်ကထက် ၁ ဒသမ ၉ ရာခိုင်နှုန်း ပိုမိုလျက် ၂၀၂၅ ခုနှစ်တွင် တန်ချိန် ၄၉ ဒသမ ၈ သန်းအထိ တိုးတက်လာမည်ဟု စစ်တမ်းအရ ခန့် မှန်းထားကြောင်း သိရှိရသည်။
ကမ္ဘာ့ဒုတိယအများဆုံး စားအုန်းဆီ ထုတ်လုပ်သည့် မလေးရှား နိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် စားအုန်းဆီတန်ချိန် ၁၉ဒသမ၅ သန်း ထုတ် လုပ်မည်ဟု ခန့်မှန်းထားပြီး ယခင်နှစ်ထက် သုညဒသမ ၈၃ ရာခိုင်နှုန်း တိုးတက်လာနိုင်ကြောင်းနှင့် ၂၀၁၉ ခုနှစ်နောက်ပိုင်း ထုတ်လုပ်မှုအများ ဆုံးနှစ်ဟု ခန့်မှန်းထားကြောင်း ဖော်ပြထားသည်။
ဆိုးရွားသော ရာသီဥတု၊ လုပ်သားရှားပါးမှုနှင့် ဆီအုန်းပြန်လည် စိုက်ပျိုးမှုနည်းပါးခြင်းတို့က မလေးရှားနိုင်ငံ၏ စားအုန်းဆီအထွက်နှုန်း တိုးတက်မှုအလားအလာအပေါ် သက်ရောက်ဆဲဖြစ်သည်ဟု စားအုန်းဆီ လုပ်ငန်းဆိုင်ရာ အစိုးရ တာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း ရိုက်တာ စစ်တမ်းအရ ရေးသားဖော်ပြလိုက်ပါသည်။
Source: Reuters, D Thi, DOCA
Background