Main menu

Background

တရုတ်နိုင်ငံသို့ ပါကစ္စတန်ဆန်တင်ပို့မှု ယခုနှစ် ပထမ ငါးလအတွင်း ၁၂၁ ရာခိုင်နှုန်း မြင့်တက်

Mon, 07/07/2025 - 12:48 -- journal_editor

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC)) မူဘောင်အောက်တွင် နှစ်နိုင်ငံအကြား ပိုမိုခိုင်မာသော ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုများ တိုးတက်လာခဲ့ရာ တရုတ်နိုင်ငံသို့ ပါကစ္စတန်၏ ဆန်တင်ပို့မှု သည် ယခုနှစ် ပထမငါးလတွင် ၁၂၁ ရာခိုင်နှုန်းအထိ သိသာစွာ မြင့်တက် လာခဲ့ကြောင်း PTV World ပါကစ္စတန် သတင်းဌာနက ဖော်ပြထားသည်။ 
ပေကျင်းမြို့ရှိ ပါကစ္စတန်သံရုံးမှ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု သံမှူးGhulam Qadir ၏ ပြောကြားချက်အရ ပါကစ္စတန်အနေဖြင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ မေလအထိ တရုတ်နိုင်ငံသို့ ဒေါ်လာ ၃၂ ဒသမ ဝ၇၆ သန်း တန်ဖိုးရှိသော ဆန်များတင်ပို့နိုင်ခဲ့ရာ ယခင်နှစ် အလားတူကာလအတွင်း ဆန်တင်ပို့နိုင်ခဲ့သည့် တန်ဖိုးဒေါ်လာ ၁၄ ဒသမ ၅၃ သန်းထက် သိသာစွာ မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အထူးသဖြင့် HS Code 10063020  အောက်ရှိ တစ်ပိုင်းတစ်စ သို့မဟုတ် အပြည့်အဝ ကြိတ်ခွဲထားသော ဆန် များကို တန်ချိန်အားဖြင့် ၆၀၇၆၉ တန်၊ တန်ဖိုးအားဖြင့် ဒေါ်လာ ၂၆ ဒသမ ၆၈ သန်း တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။
ပါကစ္စတန် ဆန်မျိုးကွဲများစွာအနက် အထူးသဖြင့်Super Basmati နှင့်IRRI-6  တို့သည် ၎င်းတို့၏ မွှေးရနံ့၊ ဆန်လုံးသွယ်မှုနှင့် တရုတ်ရိုးရာ အစားအစာများ   ပြင်ဆင်ပြုလုပ်မှုများအတွက်   သင့်လျော်မှုရှိခြင်းတို့ ကြောင့် တရုတ်နိုင်ငံရှိ ဆန်တင်သွင်းသူများအကြား ရေပန်းစားလာခဲ့သည်။ ယေဘုယျအားဖြင့် ဆန်ကြိတ်ထွက်နှုန်း ၆၆ - ၆၈ ရာခိုင်နှုန်းရှိသော တရုတ် ပြည်တွင်း စပါးမျိုးကွဲများနှင့် နှိုင်းယှဉ်ပါက ပါကစ္စတန်ဆန်သည် ပိုမိုမြင့် မားသော ကြိတ်ခွဲအထွက်နှုန်း (၆၈ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ) ပေး စွမ်းနိုင်သဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ် သက်သာမှုရှိသည်။ 
တရုတ်နိုင်ငံရှိ လက်လီဈေးကွက်အတွင်း ပါကစ္စတန်ဆန်ကို အထူး သဖြင့် တောင်အာရှဒေသထွက် ဆန်မျိုးကွဲများကို ဝယ်ယူလိုသော မြို့ပြ လူလတ်တန်းစား စားသုံးသူများက စားသုံးလျက်ရှိသည့်အပြင် ခန့်မှန်းခြေ အားဖြင့် ၃၀ မှ ၃၅ ရာခိုင်နှုန်းခန့်အထိကို  အသင့်စား အစားအစာထုတ် လုပ်သည့် လုပ်ငန်းများမှ ဝယ်ယူသုံးစွဲမှုရှိကြောင်း သိရသည်။
Source: PTV World, June 23, 2025

DHTSN, DOCA