
အမေရိကန် Fed ဗဟိုဘဏ်သည် မတ်လ တတိယပတ်က အတိုးနှုန်းကို အခြေခံပွိုင့် ၂၅ ပွိုင့် (ဝ.၂၅%)အထိ မြှင့်တင်ခဲ့ကြောင်း သိရသည်။
၎င်းဘဏ်အနေဖြင့် ကိုဗစ်(၁၉)ရောဂါ ဖြစ်ပွားနေချိန်က Quantitative easing (QE) ပေါ်လစီကို ကျင့်သုံးခဲ့ပြီး ကိုဗစ်(၁၉)ရောဂါ သိသိ သာသာ လျော့ကျလာသည့် ၂၀၂၂ ခုနှစ်အရောက်တွင် အတိုးနှုန်းကို မကြာခဏ ဆိုသလိုပင် မြှင့်တင်ခဲ့သည်။ ထိုသို့ မြှင့်တင်ရာတွင် ၂၀၂၂ ခုနှစ် တစ်နှစ်တည်း၌ပင် အတိုးနှုန်းကို ခုနစ်ကြိမ်အထိ တိုးခဲ့ပြီး Quantitative tightening (QT) ပေါ်လစီကို ကျင့်သုံးသည့် လမ်းကြောင်းသို့ ရောက်လာခဲ့သည်။
အမေရိကန် Fed ဗဟိုဘဏ်၏ အတိုးနှုန်း မြှင့်တင်မှုများကြောင့် ငွေကြေးဈေးကွက်တွင် ဂရက်ထခဲ့ပြီး အမေရိကန်ပြည်ထောင်စုရှိ ဘဏ် ကြီးနှစ်ဘဏ် ပြိုလဲသည်အထိ ဖြစ်ခဲ့ရသည်။
အမေရိကန် Fed ဗဟိုဘဏ်၏ အတိုးနှုန်း မြှင့်တင်မှုများနှင့်အတူ ကမ္ဘာ့နိုင်ငံအချို့ရှိ ဗဟို ဘဏ်များကလည်း အတိုးနှုန်းကို လိုက်ပါမြှင့်တင် ခဲ့ကြသည်။ ထိုသို့ အတိုးနှုန်းမြှင့်တင်ခဲ့သည့် ဘဏ်များတွင် ဆွစ်ဇာလန် ဗဟိုဘဏ်၊ ထိုင်ဝမ် ဗဟိုဘဏ်၊ နော်ဝေဗဟိုဘဏ်၊ အင်္ဂလန် ဗဟိုဘဏ် နှင့် ဖိလစ်ပိုင်ဗဟိုဘဏ်တို့ ပါဝင်လာခဲ့သည်။
ဆွစ်ဇာလန် ဗဟိုဘဏ်က အတိုးနှုန်းကို အခြေခံပွိုင့် ၅၀ အထိ တိုးမြှင့်လိုက်ပြီး ၎င်းတို့အနေဖြင့် လေးကြိမ်မြောက် အတိုးနှုန်း တိုးမြှင့် သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဆွစ်ဇာလန် ဗဟိုဘဏ်၏ လက်ရှိအတိုး နှုန်းမှာ ၁ ဒသမ ၅ ရာခိုင်နှုန်းဖြစ်သည်။
ထိုင်ဝမ်ဗဟိုဘဏ်က အတိုးနှုန်းကို အခြေခံ ပွိုင့် ၁၂ ဒသမ ၅ ပွိုင့်အထိ တိုးမြှင့်လိုက်ပြီး ၎င်းတို့ အနေဖြင့် ငါးကြိမ်မြောက် အတိုးနှုန်းတိုးမြှင့် သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ထိုင်ဝမ်ဗဟိုဘဏ်၏ လက်ရှိအတိုးနှုန်းမှာ ၁ ဒသမ ၈၇၅ ရာခိုင်နှုန်းဖြစ်သည်။
နော်ဝေဗဟိုဘဏ်က အတိုးနှုန်းကို အခြေခံ ပွိုင့် ၂၅ ပွိုင့်အထိ တိုးမြှင့်လိုက်ပြီး ၎င်းတို့အနေဖြင့် ကိုးကြိမ်မြောက် အတိုးနှုန်း တိုးမြှင့်သတ်မှတ် လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် နော်ဝေဗဟိုဘဏ်၏ လက်ရှိအတိုးနှုန်းမှာ ၃ ရာခိုင်နှုန်းသို့ပင် ရောက်ရှိနေပြီဖြစ်သည်။
အင်္ဂလန်ဗဟိုဘဏ်က အတိုးနှုန်းကို အခြေခံ ပွိုင့် ၅၀အထိ တိုးမြှင့်လိုက်ပြီး ၎င်းတို့အနေဖြင့် (၁၁)ကြိမ်မြောက် အတိုးနှုန်း တိုးမြှင့်သတ်မှတ် လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် အင်္ဂလန် ဗဟိုဘဏ်၏ လက်ရှိအတိုးနှုန်းမှာ ၄ ဒသမ ၂၅ ရာခိုင်နှုန်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ယင်းမှာ အင်္ဂလန်တွင် ၂၀ဝ၈ ခုနှစ်နောက်ပိုင်း အမြင့်မားဆုံးသော အတိုးနှုန်းဖြစ်သည်။
ဖိလစ်ပိုင်ဗဟိုဘဏ်က အတိုးနှုန်းကို အခြေခံ ပွိုင့် ၂၅ ပွိုင့်အထိ တိုးမြှင့်လိုက်ပြီး ၎င်းတို့အနေဖြင့် ကိုးကြိမ်မြောက် အတိုးနှုန်း တိုးမြှင့်သတ်မှတ်လိုက် ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဖိလစ်ပိုင် ဗဟိုဘဏ်၏ လက်ရှိအတိုးနှုန်းမှာ ၆ ဒသမ ၂၅ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးဖြစ်ကြောင်း သိရသည်။
Source; BBC
စိုင်းဗညား