
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး အေးစက်နေသော်လည်း အိမ်နီးချင်း နှစ်နိုင်ငံအကြား ကုန်သွယ်မှုမှာ နှစ်ကာလကြာမြင့် လာသည်နှင့်အမျှ တဖြည်းဖြည်း တိုးလာနေသည် ကို တွေ့ရမည်ဖြစ်သည်။ လွန်ခဲ့သည့် ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် နှစ်နိုင်ငံကြား ကုန်သွယ်မှုများ ထိခိုက်ခဲ့သော်လည်း ၂၀၂၁-၂၂ ဘဏ္ဍာနှစ် ကုန် ဆုံးပြီးနောက် နှစ်နိုင်ငံကုန်သွယ်မှု အထူးသဖြင့် ကုန်းတွင်းပိုင်းများမှတစ်ဆင့် ကုန်သွယ်မှုမှာ ၂၂၅ ရာခိုင်နှုန်းကျော် ခုန်တက်မည်ဟု ခန့်မှန်းထား သည်။
၂၀၂၂-၂၃ ဘဏ္ဍာနှစ် ပထမ ခြောက်လ (ဇူလိုင်လမှဒီဇင်ဘာလအထိ)အတွင်း ဘင်္ဂလား ဒေ့ရှ်၏ ဘိလပ်မြေလုပ်ငန်းသည် အိမ်နီးချင်း အာရှနိုင်ငံများသို့ ဘိလပ်မြေ အများစုတင်ပို့မှုမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၄ ဒသမ ၆၉ သန်းရရှိခဲ့သည်။ ၎င်းပမာဏမှာ ယမန်နှစ် အလား တူ ခြောက်လအတွင်း ရရှိခဲ့သော အမေရိကန် ဒေါ်လာ ၃ ဒသမ ၉၁ သန်းထက်ကျော်လွန်၍ ရရှိ ခဲ့ခြင်းဖြစ်သည်။ ဤတိုးတက်မှုနှုန်းမှာ ယခင်နှစ် ကထက် ၂၀ ရာခိုင်နှုန်း ကျော်လွန်သည်ဟု ဆိုနိုင် သော်လည်း လက်ရှိ ဘဏ္ဍာရေးနှစ်အတွက် သတ် မှတ်ထားသည့် လျာထားချက်ဖြစ်သော အမေ ရိကန်ဒေါ်လာ ၅ ဒသမ ၁၆၆ သန်းကို ပြည့်မီရန် ၉ ဒသမ၁ ရာခိုင်နှုန်း လိုအပ်နေဆဲဖြစ်သည်။
လက်ရှိဘဏ္ဍာရေးနှစ်အတွင်း ဘိလပ်မြေ လုပ်ငန်းမှ ပို့ကုန်ရည်မှန်းချက် အမေရိကန်ဒေါ်လာ ၁၁ သန်းရရှိရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံက သတ်မှတ် ထားသည်။ ၂၀၂၁-၂၂ ဘဏ္ဍာနှစ်တွင်မူ အမေရိ ကန်ဒေါ်လာ ၉ဒသမ ၅၇ သန်း ရရှိခဲ့သည့်အတွက် ယခုဘဏ္ဍာနှစ်တွင် ၁၅ ရာခိုင်နှုန်း တိုးလာရန် မျှော်မှန်းထားသည်ကို တွေ့ရသည်။
၂၀၂၂-၂၃ ဘဏ္ဍာနှစ် ခြောက်လတာကာလ အတွင်း ဘိလပ်မြေအပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၏ စုစုပေါင်း ကုန်စည်တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၂၇ ဒသမ ၃၁ ဘီလီယံရရှိခဲ့ပြီး လွန်ခဲ့ သည့်နှစ် အလားတူကာလအတွင်း တင်ပို့မှု အမေ ရိကန်ဒေါ်လာ ၂၄ ဒသမ ၆၉ ဘီလီယံထက် ၁၀ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်လာသည်။
ဘင်္ဂလားဒေ့ရှ်မှ ဘိလပ်မြေတင်ပို့သည့် ကုမ္ပဏီ တစ်ဒါဇင်ကျော်တို့က အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ မော်လ်ဒိုက်နှင့် သီရိလင်္ကာနိုင်ငံများသို့ တင်ပို့လျက်ရှိသည်။ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် နှင့်နီးစပ်နေသည့် ပြည်နယ်များတွင် ဖွံ့ဖြိုးမှု လုပ်ငန်းကြီးများကို ဆောင်ရွက်နေသည့်အတွက် မြန်မာနိုင်ငံမှာ ဘိလပ်မြေများရောင်းချရန် အလား အလာရှိသော နိုင်ငံဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်မှ ထုတ်လုပ်သူများက ရှုမြင်လျက်ရှိကြသည်။
ပြည်တွင်း ဘိလပ်မြေထုတ်လုပ်သည့်ကုမ္ပဏီ တစ်ခုဖြစ်သည့် Premier Cement က မြန်မာနိုင်ငံ သို့ ဆောက်လုပ်ရေးပစ္စည်း တင်ပို့ရောင်းချမှု စတင်နေပြီဖြစ်ပြီး အခြားကုမ္ပဏီများမှာလည်း အဆိုပါပစ္စည်းများ တင်ပို့ရန် ညှိနှိုင်းမှု သို့မဟုတ် စီစဉ်ဆောင်ရွက်မှုများ ပြုလုပ်နေဆဲဖြစ်သည်။ လက်ရှိတွင် ပြည်တွင်း ဘိလပ်မြေထုတ်လုပ် သည့် ကုမ္ပဏီ ငါးခုခန့်သည် ပို့ကုန်ဈေးကွက် ချဲ့ထွင်ရန်နှင့် နှစ်နိုင်ငံကြားကုန်သွယ်မှုကွာဟချက်ကို လျှော့ချရန် ကြိုးပမ်းမှုဖြင့် အိန္ဒိယနိုင်ငံသို့ ဘိလပ်မြေ တင်ပို့ရောင်းချလျက်ရှိသည်။
အိန္ဒိယဘက်သို့ တစ်လလျှင် ဘိလပ်မြေအိတ် နှစ်သောင်း တင်ပို့နေသော်လည်း ဝယ်လိုအားက ပိုမိုများပြားနေကြောင်း၊ မြန်မာကုမ္ပဏီများ ဘက်ကလည်း လစဉ် ဘိလပ်မြေအိတ် နှစ်သောင်း အနည်းဆုံးဝယ်လိုသည်ဟု သိရကြောင်း၊ ဘင်္ဂလားဒေ့ရှ်ဘက်တွင် ထုတ်လုပ်မှုစွမ်းရည် အကန့်အသတ်များရှိနေသဖြင့် ထိုပမာဏက ရောင်းချပေးနိုင်ခြင်း မရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ်ဘက်မှ ဘိလပ်မြေများမှာ ဈေးနှုန်းတွက်ခြေကိုက်သဖြင့် မြန်မာဆောက်လုပ်ရေး လုပ်ငန်းများက ဝယ်ယူကြခြင်းဖြစ်ကြောင်း၊ သို့ရာတွင် ဘင်္ဂလားဒေ့ရှ်နှင့် တရားဝင် ဘဏ်လုပ်ငန်းအစီအစဉ် မရှိသဖြင့် ငွေလွှဲပေးရန် အပြည်ပြည်ဆိုင်ရာ ငွေပေးငွေယူစနစ် ပြုလုပ်နိုင်ခြင်းမရှိကြောင်း Premier Cement ၏ အုပ်ချုပ်မှုဒါရိုက်တာ Amirul Haque က Financial Express သို့ ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်ဘက်မှ ပို့ကုန်တင်ပို့သူအများအပြားမှာ ဘိလပ်မြေထုတ်လုပ်ခြင်း မရှိသော်လည်း မြန်မာဘက်သို့ ဘိလပ်မြေများကို ပုံမှန်တင်ပို့နေကြောင်း၊ ၎င်းပုဂ္ဂိုလ်များက စစ်တကောင်း နှင့် အနီးဝန်းကျင်နေရာများရှိ စက်ရုံများမှ ထုတ်လုပ်နေသည့် ဘိလပ်မြေများကို ဝယ်ယူတင်ပို့နေ ကြခြင်းဖြစ်ကြောင်း Aramit Cement မှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။
ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်က အိမ်နီးချင်း တစ် ဖက်နိုင်ငံမှ ဘိလပ်မြေ တင်သွင်းရေးအတွက် ခွင့်ပြုပေးရန် ဗဟိုသို့ တိုက်တွန်းခဲ့ပြီးနောက် ရခိုင် ပြည်နယ်သို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဘိလပ်မြေတန် ချိန် ၃၀ဝ၀ ကို တင်သွင်းရန် မြန်မာနိုင်ငံက ဆုံး ဖြတ်ခဲ့ခြင်းဖြစ်သည်။ ၎င်းဖွံ့ဖြိုးရေးလုပ်ငန်းများမှာ ယခင်နှစ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက အတည်ပြု ခွင့်ပြုခဲ့ပြီးနောက်ပိုင်း၌ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်အစိုးရက ဘိလပ်မြေကို ဈေး ကွက်တန်ဖိုး တည်ငြိမ်စေပြီး သင့်လျော်သည့်ဈေး နှုန်းနှင့် ရောင်းချနိုင်စေရန် ရည်ရွယ်၍ ဘိလပ်မြေ ကို တင်သွင်းခွင့်ပြုထားခြင်းဖြစ်ကြောင်း ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးက ပြောသည်။ အစောပိုင်းက ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်မှ တစ်ဆင့် ဘိလပ်မြေနှင့် ဓာတ်မြေသြဇာကုန်သွယ်မှု ကို ကန့်သတ်ခဲ့သည်။
မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းအား ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဘိလပ်မြေတင်သွင်းခွင့်ပြု ပြီးနောက် ဘိလပ်မြေတင်သွင်းခွင့်ကို လျှောက် ထားရန် လိုအပ်ကြောင်း နယ်စပ်ကုန်သွယ်ရေး ကုမ္ပဏီများထံ နေပြည်တော်ရှိ ကုန်သွယ်ရေး ဦးစီးဌာနက ထုတ်ပြန်အကြောင်းကြားခဲ့သည်။ လက်ရှိတွင် ရခိုင်ပြည်နယ်၌ ဘိလပ်မြေတစ်အိတ် လျှင် ကျပ် ၁၂၀ဝ၀ မှ ကျပ် ၁၆၅၀ဝ ကြား ပေါက် ဈေးရှိကြာင်း သိရသည်။
ရင်းမြစ်။ https://www.scoop.co.nz/stories/HL2301/S00044/myanmar-bangladesy-cement-... (31-1-2023)
မေလေးမြန်မာ