Main menu

Background

ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း လျှပ်စစ်ကဏ္ဍ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက်ခဲ့

Wed, 05/10/2023 - 12:02 -- journal_editor

ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဝင်ရောက်ခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအနက် လျှပ်စစ်ကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှု  အများဆုံးဖြစ်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန(DICA)မှ သိရသည်။   လျှပ်စစ်ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ သန်း ၈၂၀ကျော်ဖြင့် အများဆုံး ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ယင်းကဏ္ဍကအတွက် ပြည်တွင်း၊ပြည်ပ ရင်းနှီးမြှုပ်နှံ မှုများကို ဖိတ်ခေါ်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံအတွက်လျှပ်စစ်ကဏ္ဍသည် လိုအပ် နေသည့် ကဏ္ဍကြီးတစ်ခုဖြစ်သည့်အတွက် လက်ရှိ တွင် ဖြေလျှော့မှုများကိုလည်း ပြုလုပ်ပေးနေပြီး မကြာ ခင်တွင် နိုင်ငံတော်အဆင့်အနေဖြင့် တင်ဒါဖိတ်ခေါ်သွားရန်လည်းရှိကြောင်း သိရသည်။
၂၀၂၂ ခုနှစ် ဧပြီလမှ ယခု ၂၀၂၃ ခုနှစ်၊ မတ်လ အထိ မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၁၆၄၀ ကျော် ဝင်ရောက် ထားပြီး စင်ကာပူနိုင်ငံက အမေရိ ကန်ဒေါ်လာ ၁၁၅၈ သန်းကျော်ဖြင့် ရင်းနှီးမြှုပ်နှံမှုအများဆုံးဖြစ်သည်။ 
ယခုကဲ့သို့ ဝင်ရောက်လာသည့်    နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများတွင် လျှပ်စစ်ကဏ္ဍက အများဆုံးဖြစ် သည့်အပြင် ကျန်ကဏ္ဍများအနေနှင့် ဝန်ဆောင်မှု ကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၅၀၄ ဒသမ ၁၂၃သန်း ဖြင့် ဒုတိယအများဆုံးဖြစ်ခဲ့ပြီး ကုန်ထုတ်လုပ်မှုကဏ္ဍတွင်တော့ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် အမေ ရိကန်ဒေါ်လာ ၂၇၁ ဒသမ ၈၀၆ သန်းဖြင့် တတိယ အများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။
လျှပ်စစ်စွမ်းအင်ကဏ္ဍတွင်    နှစ်အလိုက် ဝင်ရောက်လာသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအနေ ဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင်   အမေရိကန် ဒေါ်လာ ၉၃ ဒသမ ၂၈ သန်း၊၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် တွင် အမေရိကန်ဒေါ်လာ ၁၀၂၆ ဒသမ ၈၉ သန်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင်  အမေရိကန်ဒေါ်လာ ၃၁၂၁ ဒသမ ၃၂၃ သန်း၊   ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ အောက်တိုဘာလမှ မတ်လအထိ ခြောက်လအတွင်း အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၅၈၄ သန်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း အမေရိကန်ဒေါ်လာ ၈၂၀ ဒသမ ၂၇ သန်း စသည်ဖြင့် ဝင်ရောက်ခဲ့‌ခြင်းဖြစ်ကြောင်း သိရသည်။

ပန်းဆု