Main menu

Background

မြန်မာ့သကြားဈေး မြင့်တက်လာ

Fri, 03/03/2023 - 12:08 -- journal_editor

ပြည်တွင်းသကြားဈေးမှာလက်ရှိတွင် တစ်ပိဿာ ၂၉၆၀ ကျပ်အထိ  ရောက်ရှိလာပြီး ငွေကျပ် ၆၀ဝ ခန့် မြင့်တက်လာကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက် ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။ 
ကမ္ဘာ့သကြားဈေး  မြင့်တက်နေမှုကြောင့် ပြည် တွင်း သကြားဈေး    မြင့်တက်လာခြင်းဖြစ်ပြီး ကမ္ဘာ့ သကြားဈေးမှာ ယခင်က   အမေရိကန်ဒေါ်လာ ၅၀ဝ ဝန်းကျင်သာရှိခဲ့ခြင်းဖြစ်ကာ  လက်ရှိတွင် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၇၈၀ ဝန်းကျင်သို့ရောက်ရှိနေခြင်း ဖြစ်ကြောင်း အဆိုပါအသင်းမှ  တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြောသည်။
“သကြားဈေးလည်း  တက်တယ်။ နောက်ပြီး ကြံ ထုတ်လုပ်မှုကလည်း ဒီနှစ် နည်းတယ်။ တချို့စက်ရုံတွေ ဆို စောပြီး သိမ်းတာတွေတောင်ရှိတယ်။   လက်ကျန် နည်းတာလည်းပါတယ်”ဟု ၎င်းက ပြောသည်။ 
ယခုကဲ့သို့ ပြည်တွင်းသကြားဈေး မြင့်တက်နေမှု သည် ကြံအထွက်နှုန်း နည်းပါးခဲ့ခြင်းကြောင့် ဖြစ်သလို ပြည်တွင်းရှိ သကြားလက်ကျန်   နည်းပါးခြင်း၊ ပြည်ပမှ သကြားဝင်ရောက်မှု မရှိခြင်းတို့ကြောင့် ဖြစ်သည့်အပြင် ကြံကြိတ်ခွဲရာသီအတွင်းကတည်းက သကြားဈေးနှုန်း များ စံချိန်တင် မြင့်တက်လာမှုကြောင့်ဖြစ်သည်ဟု ဆို သည်။ ယင်းသို့ သကြားဈေး စံချိန်တင်   မြင့်တက်နေမှု ကြောင့် ကြံကုန်ကြမ်း၏ ဈေးနှုန်းများကိုလည်း သကြား စက်များအလိုက် တိုးမြှင့်သတ်မှတ်ပေးနေရပြီး အမြင့် ဆုံးဈေးနှုန်းအဖြစ် တစ်တန်လျှင်   ငွေကျပ် တစ်သိန်း ဝန်းကျင်အထိ ပေးချေနေရကြောင်း သိရသည်။ 
မြန်မာနိုင်ငံ၏    ကြံကြိတ်ခွဲရာသီသည် နှစ်စဉ် ဒီဇင်ဘာလတွင် စတင်ပြီး ဧပြီလဆန်းပိုင်းတွင် ကုန်ဆုံး လေ့ရှိကာ ကြံကို အဓိကအားဖြင့် စစ်ကိုင်းတိုင်း၊ ပဲခူး တိုင်း (အရှေ့ခြမ်းနှင့် အနောက်ခြမ်း)၊  ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် စိုက်ပျိုးနေခြင်းဖြစ် ကြောင်း သိရသည်။
ထုတ်လုပ်မှုအားဖြင့် တစ်နိုင်ငံလုံးတွင် သကြား စက်ရုံပေါင်း ၂၃ ရုံရှိကာ သကြားထုတ်လုပ်သည့် စက်ရုံ များကို ကြံစိုက်ပျိုးရာနေရာများ၏ အနီးဆုံးတွင် တည် ဆောက်ထားရှိကြောင်း သိရသည်။ လက်ရှိ မြန်မာနိုင်ငံ တွင် တစ်နှစ်လျှင် သကြားတန်ချိန်    ငါးသိန်းခန့်အထိ ထွက်ရှိကာ တန်ချိန်  လေးသိန်းခွဲခန့်ကို ပြည်တွင်း၌ စားသုံးနေခြင်းဖြစ်သည်။

ပန်းဆု