Main menu

Background

လာမည့်ကြံရာသီတွင် ပြည်တွင်းသကြားစက်များမှ ကြံဈေးနှုန်း တိုးမြှင့်ဝယ်ယူရန် စီစဉ်နေ

Tue, 03/28/2023 - 13:11 -- journal_editor

လာမည့် ၂၀၂၃ - ၂၀၂၄ ကြံရာသီတွင် ပြည်တွင်းရှိ သကြား စက်ရုံများအ‌နေဖြင့် ကြံစိုက်တောင်သူများထံမှ ကြံဈေးနှုန်း တိုးမြှင့်ဝယ်ယူရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းမှ သိရသည်။
၂၀၂၃ ခုနှစ် ဆန်းပိုင်းမှစ၍ ပြည်တွင်းသကြားဈေး မြင့်တက်ခဲ့သည့်အတွက် သကြားစက်ရုံများမှ ကြံတစ်တန်လျှင် စက်ရုံအလိုက် ငွေကျပ် ၅၀ဝ၀ နှင့်အထက် ဝယ်ဈေးမြင့်တက်လာပြီး လာမည့်ဘဏ္ဍာနှစ်တွင်တော့ ယခုထက်ဈေးပိုမိုမြင့်တက်လာနိုင်ကြောင်း သိရသည်။
ပြည်တွင်း သကြားစက်များမှ ကြိတ်ဝါးကြံ တစ်တန်ဝယ်ယူမည့် ဈေးနှုန်းများမှာ ငွေရည်ပုလဲသကြားစက်မှ ငွေကျပ် ၉၅၀ဝ၀၊ မြဘုရင်သကြားစက်မှ ငွေကျပ် ၁၀ဝ၀ဝ၀၊ မိုင်းရယ်သကြားစက်မှ ငွေကျပ် ၉၅၀ဝ၀၊ ဝေမာသကြားစက်မှ ငွေကျပ် ၉၄၀ဝ၀ တို့ဖြင့် ဝယ်ယူမည်ဖြစ်ကာ အခြားသော သကြားစက်များကလည်း ယခင်ထက် ဈေးနှုန်းမြင့်ကာ ဝယ်ယူမည်ဖြစ်သည်ဟု ကြေညာထားသည်။
ယခုနှစ် ကြံရာသီတွင် မိုးခေါင်သည့်အတွက် အထွက်နှုန်း ၁၀ ရာခိုင်နှုန်း ကျသွားကာ ပြည်တွင်းလိုအပ်ချက် မြင့်လာပြီး သကြားဈေးမြင့်လာသည့်အတွက် စက်ရုံများ၏ ကြံတစ်တန်ဝယ်ဈေး ပိုမိုပေးလာကြကြောင်း သိရသည်။ 
မြန်မာနိုင်ငံအနေဖြင့် ဗီယက်နမ်နိုင်ငံ တစ်ခုတည်းကိုသာ မြန်မာ့သကြား တန်ချိန် လေးသောင်းခွဲ တင်ပို့ရောင်းချရန် စာချုပ်ချုပ်ဆိုထားပြီး တန်ချိန် ၅၀ဝ၀ ခန့်သာ တင်ပို့ရသေးကြောင်း သိရသည်။ 
လက်ရှိဘဏ္ဍာနှစ် ကြံရာသီတွင် ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့တွင် တန် ၁၂၀ဝ၀ နှင့် တန် ၅၀ဝ၀ သကြားစက်များ လည်ပတ်နေပြီး လာမည့် ဘဏ္ဍာနှစ်မှစတင်ကာ ပြည်တွင်း သကြားထုတ်လုပ်မှု မြင့်တက်လာနိုင်ကြောင်း အဆိုပါအသင်းက ခန့်မှန်းထားသည်။ သကြားပေါက်ဈေးမှာ ပြည်တွင်း၌ တစ်ပိဿာ ကျပ် ၂၉၃၀ ရှိနေပြီး သကြားဈေး ဆက်လက်မြင့်တက် လာဖွယ်ရှိကြောင်း သိရသည်။

ပန်းဆု