ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) အစီအစဉ်အရ ၂၀၂၃ ခုနှစ် မေလ မှ ၂၀၂၄ ခုနှစ် ဧပြီလအထိ ဧရာဝတီတိုင်းဒေသကြီးတွင် အလား အလာရှိသော ထုတ်ကုန် (အုန်းသီး) တန်ဖိုးကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင် ထုတ်လုပ်ခြင်းစီမံကိန်းကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
စီမံကိန်းအစီအစဉ်အရ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အုန်းစိုက်ပျိုးထုတ်လုပ်သူများအတွက် စီးပွားဖြစ်အုန်းပင် စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် ကွင်းဆင်းသရုပ်ပြလေ့ကျင့်ခြင်း သင်တန်းဖွင့်ပွဲကို ဇွန် ၈ ရက် နံနက် ၉ နာရီတွင် မော်လမြိုင် ကျွန်းမြို့နယ် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အုန်းသီးစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ သင်တန်းသားများ တက်ရောက်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသီဟဇော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စီမံကိန်းကြီးကြပ်မှု ကော်မတီအဖွဲ့ဝင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းက သင်တန်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းအစီအစဉ်များ အကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သင်တန်းနည်းပြနှင့် သင်တန်းသားများက တစ်ဦး ချင်းမိတ်ဆက်ခဲ့ကြပြီး သင်တန်းဖွင့်ပွဲ အခမ်းအနားကို နံနက် ၁၀ နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ပြီး သင်တန်းပို့ချခြင်း အစီအစဉ်ကို ဆက်လက်ဆောင်ရွက်ခဲ့သည်။ သင်တန်းကို ဇွန် ၈ ရက် မှ ၁၀ ရက် အထိ သုံးရက်ကြာ ပို့ချခဲ့ကြောင်း သိရသည်။
ခက်ခက်နွယ်ဖူး