Main menu

Background

ပြည်ပဲစျေးကွက်အတွင်း ပဲစျေးအချို့စျေးပြန်မြင့်တက်လာခဲ့

Thu, 12/17/2020 - 13:41 -- journal_editor

ပြည်ပဲမျိုးစုံစျေးကွက်အတွင်း ယခုတစ်ပတ်မှာ မတ်ပဲနှင့် ပဲတီစိမ်းသိးနှံများစျေးအနည်းငယ် ပြန်မြင့်တက်လာခဲ့ပြီး ပဲစင်းငုံနှင့် ကုလားပဲသီးနှံစျေးငြိမ်နေကာ ပဲကြီးသီးနှံစျေးလျော့သွားခဲ့ကြောင်း သိရပါတယ်။  ဘိုကိတ်နှင့်ပဲလွမ်းဖြူသီးနှံများစျေးကောင်းရနေပြီး ပဲသစ်များ၀င်ရောက်လျှက်ရှိခဲ့ကြပါတယ်။

မတ်ပဲ

မတ်ပဲသီးနှံမှာ လက်ကျန်ပဲအချို့အားရန်ကုန်၀ယ်လက်သမား တစ်ခါတစ်ရံမှသာ ၀ယ်ယူပြီး ၀ယ်ယူသည့်ရက်တွင် အိတ် ၁၀၀/၂၀၀ ကျော်ရောင်းချမှုရှိခဲ့ကြပါတယ်။ ပဲစျေးမှာတစ်တင်းကျပ် ၃၃၀၀၀ ဖြင့်  ယခင်ပတ်ထက်စျေးပြန်မြင့်တက်လာခဲ့ပါတယ်။ ယခင်နှစ်ကနှစ်ကုန်ပိုင်းတွင် မတ်ပဲသီးနှံစျေးမှာတစ်တင်း ၃၄၅၀၀ကျပ်ခန့်ရရှိခဲ့သည့်အတွက် ယခုနှစ်နှစ်ကုန်စျေးနှင့် စျေးကွာခြားမှု့သိပ်မဖြစ်ဘဲ ရောင်း၀ယ်နေရတယ် လို့သိရပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းသီးနှံမှာ ပဲစျေးကွက်အတွင်း၀င်ရောက်မှုများနေတဲ့အတွက် တစ်ရက်အိတ် ၁၀၀၀ ကျော်ထိ ၀င်ရောက်လျှက်ရှိကာ အရောင်းအ၀ယ်ဖြစ်မှု ပမာဏကလည်း၀င်လာသမျှ ရောင်းချခဲ့ကြောင်းသိရပါတယ်။ မန္တလေးလိုင်းသမားရော ရန်ကုန်၀ယ်လက်သမားကပါ ၀ယ်ယူလျက်ရှိပြီး ပဲစျေးမှာတစ်တင်း ၄၃၅၀၀ ကျပ်ဖြင့် ယခင်ပတ်ထက်စျေးအနည်းငယ်ပိုလာခဲ့ပါတယ်။ ပဲစျေးကွက်အတွင်း ပြည်ပ၀ယ်လက် ပဲအမျိုးအစားထဲမှာ ပဲတီစိမ်းသီးနှံက စျေးအမြင့်ဆုံးဖြင့် ရောင်းချခဲ့ကြတယ်လို့သိရပါတယ်။

ပဲစင်းငုံ

ပဲစင်းငုံသီးနှံမှာ စျေးငြိမ်နေလျှက်ရှိပြီး တစ်တင်း ၂၅၀၀၀ ကျပ်ဖြင့် ပဲအ၀င်သိပ်မရှိသေးတဲ့အတွက် လက်ကျန်ပဲအချို့ရောင်းချမှုရှိခဲ့ပါတယ်။ နေ့စဉ်အရောင်းအ၀ယ်မဖြစ်ဘဲ ရက်ခြားရောင်း၀ယ်မှုဖြစ်ကာ အိတ် ၁၀၀/၂၀၀ ကျော်ရောင်းချနိုင်ခဲ့ပါတယ်။ ပဲစျေးမှာတစ်တင်း ၂၅၀၀၀ကျပ်ဖြင့် စျေးအပြောင်းအလဲမရှိဘဲ စျေးငြိမ် နေခဲ့ကြောင်းသိရပါတယ်။ ယခင်နှစ်က ဒီဇင်ဘာလအတွင်း ပဲစင်းငုံသစ်များ စျေးကွက်သို့ စတင် ၀င်ရောက် လာပြီး ပဲသစ်အဖွင့်စျေး တစ်တင်း ၂၃၀၀၀ ကျပ်ဖြင့် စျေးဖွင့်ရောင်း၀ယ်ခဲ့ကြတဲ့အတွက် ယခုနှစ်အဖွင့်စျေးမှာ ယခုနှစ်စျေးထက်တော့ စျေးပိုရနိုင်ကြောင်း ခန့်မှန်းသိရှိရပါတယ်။

ပဲလွမ်းဖြူ

ပဲလွမ်းဖြူသီးနှံမှာ ပဲစျေးကွက်အတွင်း စျေးအမြင့်ရနေတဲ့ ပဲသီးနှံဖြစ်ပြီး ပဲသစ်အနည်းငယ်၀င်ရောက် လာခဲ့တာကြောင့် လက်လီသာအရောင်းအ၀ယ်ဖြစ်နေခဲ့ကြပါတယ်။ တစ်ရက်အိတ် ၂၀/၃၀ခန့် ရောင်း၀ယ် မှုဖြစ်ပြီး ပဲစျေးမှာ တစ်တင်း ၄၀၀၀၀ကျပ်ဖြင့်ရောင်း၀ယ်လျှက်ရှိကာ ယခင်နှစ်ထက် စျေးထက်၀က်နီးပါး မြင့်တက်ခဲ့ကြောင်းသိရပါတယ်။ ယခင်နှစ်က ပဲလွမ်းဖြူသီးနှံစျေးမှာ တစ်တင်း ၂၄၅၀၀ ကျပ်ဖြင့်သာ ရောင်း၀ယ်ခဲ့ကြရကြောင်းသိရပါတယ်။

ခင်ဆွေ၀င်း(ပြည်)