ပဲခူးတိုင်းဒေသကြီး ပြည်ပဲဈေးကွက်တွင် ဆောင်းပဲသီးနှံများ ပဲအဝင်များချိန်ဖြစ်ပြီး နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိခဲ့ကြရာ ပြည်ပဝယ်လက်ရှိသော ပဲများနှင့် ပြည်တွင်းဝယ်လက်ရှိသော ပဲများ လက်လီ/လက်ကားရောင်းဝယ်လျက်ရှိသည်။
မတ်ပဲ၊ ပဲစင်းငုံ၊ ပဲကြီး၊ ကုလားပဲ စသည့် သီးနှံများမှာ ပဲအားလုံးနီးပါး ရိတ်သိမ်းပြီးချိန်ဖြစ်သဖြင့် နေ့စဉ် အိတ်အများအပြား ဝင်ရောက်လျက်ရှိပြီး ပြည်ပဝယ်လိုအားရှိသော ပဲများနှင့် ပြည်တွင်း အဓိက ဝယ်ယူစားသုံးမှုရှိသည့်ပဲများ၏ နှစ်အလိုက်ဈေးနှုန်းများအား အောက်ပါအတိုင်း လေ့လာသိရသည်။
တင်း/ကျပ်
စဉ် ပဲအမျိုးအစား ၂၀၂၁ ၂၀၂၂ ၂၀၂၃ ၂၀၂၄ ၂၀၂၅
၁။ မတ်ပဲ ၂၇၀ဝ၀ ၄၇၅၀ဝ ၆၁၅၀ဝ ၉၅၀ဝ၀ ၉၃၀ဝ၀
၂။ ပဲစင်းငုံ ၂၄၀ဝ၀ ၄၄၅၀ဝ ၆၉၀ဝ၀ ၁၁၆၅၀ဝ ၉၃၅၀ဝ
၃။ ကုလားပဲ ၂၅၅၀ဝ ၄၃၅၀ဝ ၆၇၅၀ဝ ၉၇၀ဝ၀ ၉၀ဝ၀ဝ
၄။ ပဲကြီး ၃၀ဝ၀ဝ ၆၀၅၀ဝ ၈၁၀ဝ၀ ၁၁၀၅၀ဝ ၇၈၀ဝ၀
၅။ ဗိုလ်ကိတ် ၃၆၀ဝ၀ ၃၅၅၀ဝ ၄၈၀ဝ၀ ၆၆၀ဝ၀ ၇၃၀ဝ၀
မတ်ပဲသီးနှံအနေဖြင့် ပြည်ခရိုင်တွင် ဆောင်းပဲအဖြစ်စိုက်ပျိုးမှုများရှိကာ ဇန်နဝါရီလဆန်းပိုင်းမှ စ၍ ဝင်ရောက်မှုရှိလာပြီး ပဲဈေးမှာ တစ်တင်း ကျပ် ၁၁၀ဝ၀ဝ ရရှိခဲ့သည်။ ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ ပဲဈေးနှုန်း ဈေးပြန်လျော့ကျသွားသည့်အတွက် ကျပ်တစ်သိန်းအောက် လျော့နည်းသွားခဲ့သည်။
ပဲအထွက်လှိုင်ချိန်ဖြစ်လာသည့်အတွက် ဈေးကွက်အတွင်း နေ့စဉ်ပဲသစ်များ ပြည်အနီး တစ်ဝိုက် ဒေသများမှဝင်ရောက်မှုရှိခဲ့သည့်အတွက် တစ်ရက်လျှင် အိတ် ၉၀ဝ ကျော်အထိ ဝင်ရောက်လာခဲ့သည်။ မတ်ပဲတစ်တင်း ကျပ် ၉၃၀ဝ၀ ဖြင့်သာ ရောင်းဝယ်နေရသည့်အတွက် ယခုနှစ် ပဲဈေးအေးနေခဲ့သည်ကို တွေ့ရသည်။ ယခင်နှစ်က ယခုကာလပဲတစ်တင်း ကျပ် ၉၅၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည့်အတွက် ယခုနှစ်ပဲဈေးမှာ ယခင်နှစ်ကထက်ပင် ဈေးလျော့နည်းနေခဲ့သည်။
ပဲစင်းငုံ သီးနှံအနေဖြင့် ပဲသစ်များဝင်ရောက်လာပြီး အိတ် ၄၀ဝ ကျော် ၅၀ဝ ခန့် ပြည် တစ်ဖက်ကမ်း ဒေသများဖြစ်သော ပန်းတောင်း၊ ဥသျှစ်ပင်၊ကံမ ဘက်မှ နေ့စဉ်ဝင်ရောက်နေခဲ့သည်။ ပဲဈေးနှုန်းမှာ တစ်တင်း ကျပ် ၉၃၅၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်နေခဲ့သည့်အတွက် မတ်ပဲနှင့် ဈေးပြိုင်ရနေသည်။
ကုလားပဲသီးနှံသည် ယခုကာလတွင် ပဲသစ်များ ဝင်ရောက်မှုရှိလာသည့်အတွက် ပဲဟောင်းလက် ကျန်ရော ပဲသစ်များပါ အရောင်းအဝယ်ဖြစ်နေသည်။ ပဲဈေးနှုန်းမှာ တစ်တင်းလျှင် ကျပ် ၉၀ဝ၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်နေသည်။
ပဲကြီးသီးနှံမှာ ပဲဈေးကွက်အတွင်းနေ့စဉ် လက်လီ/လက်ကား ရောင်းဝယ်မှုရှိကြပြီး ပဲကြော်ဖို လုပ်ငန်းသမားများ အဓိက ဝယ်ယူမှုရှိကြကာ ပဲဟောင်းအပြင် ပဲသစ် အနည်းငယ်ဝင်ရောက်မှုအပေါ် ပဲဟောင်း/ပဲသစ် နှစ်မျိုး အရောင်းအဝယ် နေ့စဉ်ဖြစ်နေသည်။ ပဲဈေးနှုန်းမှာ တစ်တင်းလျှင် ကျပ် ၇၈၀ဝ၀ ဖြစ်သည်။
ဗိုလ်ကိတ်ပဲသီးနှံမှာ ပြည်ပဲဈေးကွက်၌ ပဲအဝင်များချိန်တွင်သာ လက်လီ/လက်ကား ရောင်းဝယ် နေကြပြီး ကျန်ကာလများတွင် လက်လီသမားများဖြင့် အရောင်းအဝယ်ပုံမှန်ဖြစ်သည့် ပဲသီးနှံဖြစ်သည်။ ယခုကာလတွင် ပဲသစ်များ အဝင်များနေသည့်အတွက် လက်လီ လက်ကား ရောင်းဝယ်နေကြရပြီး အဝင်ရှိ သလောက် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။ ပဲဈေးနှုန်းမှာ တစ်တင်းလျှင် ကျပ် ၇၃၀ဝ၀ ဖြင့် ရောင်းဝယ်နေကြသည်။
ခင်ဆွေဝင်း (ပြည်)