ပဲခူးတိုင်းဒေသကြီး ပြည်ဈေးကွက်အတွင်း ပြည်တွင်း၊ ပြည်ပ ဝယ်လိုအားရှိသော ပဲများအားလုံး နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြရာ မတ်ပဲ၊ ကုလားပဲ၊ ပဲကြီး စသည့် သီးနှံများမှာ အိတ် ၇၀ဝ-၈၀ဝ ကျော် အဝင်ရှိပြီး ဝယ်လိုအားအနေဖြင့်လည်း လှောင်ပဲသမားနှင့် လက်ကားဝယ်ယူမှုများရှိသည့်အတွက် ဝင်ရောက်မှုရှိခဲ့သလောက် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။ ပဲစင်းငုံသီးနှံအနေဖြင့် ပဲအဝင်မရှိသလောက်ဖြစ်ခဲ့ပြီး တစ်ခါတစ်ရံ အိတ် ၂၀ဝ-၃၀ဝ ကျေ ာ်ဝင်ရောက်ခဲ့သည်ဟုသိရသည်။
မတ်ပဲ၊ ပဲကြီး၊ ကုလားပဲ စသည့်သီးနှံများသာ တစ်နှစ်ပတ်လုံးရောင်းဝယ်မှုရှိသော်လည်း ပဲစင်းငုံသီးနှံမှာ ပဲအထွက်လျော့ချိန်၊ အဝင်များချိန်တွင်သာ အရောင်းအဝယ်သွက်ခဲ့ပြီး ကျန်ကာလများတွင် အရောင်းအဝယ် နေ့စဉ်မဖြစ်တော့ဘဲ ရက်ခြားသာ ရောင်းဝယ်နေခဲ့ကြောင်းသိရသည်။
ပြည်ပဲမျိုးစုံဈေးကွက်မှာ ရောင်းဝယ်မှုအဖြစ်များသည့် ပဲများ၏ သင်္ကြန်မတိုင်ခင် ကာလဈေးနှုန်းနှင့် သင်္ကြန်ပြီးကာလ ဈေးနှုန်းများကို အောက်ပါအတိုင်း လေ့လာသိရှိရပါသည်-
စဉ် ပဲအမျိုးအစား သင်္ကြန်မတိုင်ခင် သင်္ကြန်ပြီးကာလ
၁။ မတ်ပဲ ၉၉၀ဝ၀ ၉၈၀ဝ၀
၂။ ပဲစင်းငုံ ၉၅၀ဝ၀ ၉၅၀ဝ၀
၃။ ကုလားပဲ (ဟော်လန်) ၈၂၀ဝ၀ ၈၄၀ဝ၀
ကုလားပဲ (မြကြေးမှုံ) ၈၅၀ဝ၀ ၈၆၀ဝ၀
၄။ ပဲကြီး (ရွှေကျွန်း) ၁၇၅၀ဝ၀ ၁၈၅၀ဝ၀
(ကုန်းပဲ) ၁၆၀ဝ၀ဝ ၁၇၀ဝ၀ဝ
၅။ ဗိုလ်ကိတ် ၆၈၀ဝ၀ ၆၈၅၀ဝ
အထက်ဖော်ပြပါ ဈေးနှုန်းနှိုင်းယှဉ်မှုဇယားအရ မတ်ပဲသီးနှံမှာ သင်္ကြန်မတိုင်ခင်ကာလတွင် ပိဿာ၂၀ တစ်တင်းလျှင် ကျပ် ၉၉၀ဝ၀ ဖြင့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြပြီး သင်္ကြန်ပြီးကာလတွင် တစ်တင်းလျှင် ကျပ် ၉၈၀ဝ၀ဖြင့် ဈေးဖွင့်ခဲ့သည်။ သင်္ကြန်ပြီးကာလတွင် ဈေးအနည်းငယ်ကျဆင်းလာသော်လည်း ပဲအဝင်များပြီး ဝယ်လိုအားလည်းများသည့်အတွက် အရောင်းအဝယ်ဖြစ်မှုပမာဏ များပြားခဲ့ကြောင်း သိရသည်၊။
ပဲစင်းငုံသီးနှံမှာ ပိဿာ၂၀ တစ်တင်းလျှင် ကျပ် ၉၅၀ဝ၀ ဖြင့် သင်္ကြန် မတိုင်ခင်ကာလက ရောင်းဝယ်နေပြီး သင်္ကြန်ပြီးကာလတွင်လည်းတစ်တင်းလျှင် ကျပ် ၉၅၀ဝ၀ ဖြင့်သာ ဈေးအတက်အကျမဖြစ်ဘဲ ရောင်းဝယ်နေခဲ့ သည်ကို သိရသည်။
ကုလားပဲသီးနှံ ဈေးနှုန်းအနေဖြင့် သင်္ကြန်ပြီးကာလတွင် ဈေးအနည်းငယ်တက်လာပြီး ဟော်လန်အမျိုးအစားမှာ တစ်တင်းလျှင် ကျပ် ၈၅၀ဝ၀၊ မြကြေးမှုံပဲတစ်တင်းလျှင် ကျပ် ၈၆၀ဝ၀ တို့ဖြင့် သင်္ကြန်မတိုင်ခင် ရောင်းဝယ်ခဲ့သော ဈေးနှုန်းထက် ဈေးပိုရရှိနေခဲ့ကြသည်။ ပဲအဝင်နေ့စဉ်ရှိသည့်အတွက် ခွဲစက်သမားများနှင့် ရန်ကုန်ဝယ်လက်သမားများမှ နေ့စဉ်ဝယ်ယူနေကြရသည်ဟု သိရသည်။
ပဲကြီးသီးနှံမှာလည်း သင်္ကြန်ပြီးကာလတွင် ဈေးတက်ရိပ်ပြလာခဲ့ပြီး ရွှေကျွန်းတစ်တင်းလျှင် ကျပ် ၁၈၀ဝ၀ဝ မှ ၁၈၅၀ဝ၀၊ (ကုန်းပဲ) တစ်တင်း ကျပ် ၁၆၀ဝ၀ဝ မှ ၁၇၀ဝ၀ဝ တို့ဖြင့် ပဲကြော်ဖိုလုပ်ငန်းသမားများ ဝယ်ယူမှု ရှိကြသည်ဟု သိရသည်။
ဗိုလ်ကိတ်ပဲသီးနှံမှာမူ ပဲဈေးကွက်တွင် ဈေးနိမ့်နေပြီး ဈေးနှုန်းနှိုင်း ယှဉ်မှုအရ သင်္ကြန်ပြီးကာလတွင် ဈေးအနည်းငယ်မြင့်တက်လာပြီး ပိဿာ ၂၀ တစ်တင်းလျှင် ကျပ် ၆၈၅၀ဝ ဖြင့်သာ ရောင်းဝယ်နေခဲ့ကြသည်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် အိတ် ၂၀ဝ-၃၀ဝ ကျော် အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်ခဲ့ကြသည်။
ဝေဝေမင်း(ပြည်)
