Main menu

Background

ပြည်တွင်းငွေကြေးဈေးကွက်ကြိုက်ရောင်းကြိုက်ဝယ်စနစ်ဖြင့်အရောင်းအဝယ်ပြုလုပ်လျက်ရှိ

Mon, 08/14/2023 - 11:03 -- journal_editor

ပြည်တွင်း ငွေကြေးဈေးကွက်၌  လက်ရှိတွင် ကြိုက်ရောင်း၊ ကြိုက်ဝယ် စနစ်ဖြင့်သာ အရောင်းအဝယ်ပြုလုပ်လျက်ရှိကြောင်း နိုင်ငံခြားငွေကြေး ရောင်း ဝယ်သူများထံက သိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ပြည်တွင်း ငွေကြေးဈေးကွက် တည် ငြိမ်စေရေး ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင်လည်း နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်ရေးနှင့် နိုင်ငံခြားငွေ ထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် နိုင်ငံခြား သုံးငွေကြီးကြပ်မှုကော်မတီကို ပြင်ဆင်ဖွဲ့စည်းထားကြောင်း သိရသည်။
ယင်းကော်မတီသည် လုပ်ငန်းတာဝန် ခြောက်ရပ်ကို တာဝန်ယူရမည်ဖြစ်ပြီး ပြည်တွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက် လိုအပ်သည့် စက်ပစ္စည်းများ၊ လုပ်ငန်းသုံး ယာဉ်ယန္တရားများ၊ ကုန်ထုတ်လုပ်မှု အတွက် လိုအပ်သည့် အသုံးအဆောင်များနှင့် ကုန်ကြမ်းပစ္စည်း စသည်တို့ တင် သွင်းရန် လိုအပ်သည့် နိုင်ငံခြားသုံးငွေများအား စိစစ်ခွင့်ပြုရမည်ဖြစ်ကြောင်း သိရ သည်။ ပြည်သူများ စားဝတ်နေရေးအတွက် လိုအပ်သည့် စက်သုံးဆီ၊ ဆေးဝါး၊ စားသုံးဆီ၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ပြည်တွင်း၌ ဝယ်ယူနိုင်ခြင်း မရှိသည့် တည်ဆောက်ရေးလုပ်ငန်းသုံး   ပစ္စည်းများ အစရှိသည်တို့ ဝယ်ယူရေးအတွက် လိုအပ်သည့် နိုင်ငံခြားသုံးငွေအား စိစစ်ခွင့်ပြုခြင်း၊ ပြည်ပသို့ ဆေးဝါးကုသခြင်း၊ ပညာရေးကိစ္စများအတွက် သွားရောက်ခြင်းနှင့် ဘာသာရေးကိစ္စများအတွက် သွား ရောက်ခြင်း စသည်တို့အတွက် နိုင်ငံခြားသုံးငွေကို စိစစ်ခွင့်ပြုရန်လည်း ဖြစ်ကြောင်း သိရသည်။                                                                                                          

ပန်းဆု