Main menu

Background

မွန်ပြည်နယ်အတွင်း ရော်ဘာဖွံ့ဖြိုးတိုးတက်ရေး အခန်းကဏ္ဍ

Tue, 12/20/2022 - 14:30 -- journal_editor

 စီးပွားရေးပို့ကုန် မဟာဗျူဟာအရ တတိယအရေးပါသော သီးနှံဖြစ်သည့်  ရော်ဘာကို မြန်မာနိုင်ငံ တောင်ပိုင်းရှိ မွန်ပြည်နယ်၌ အများအပြားစိုက်ပျိုးလျက်ရှိသည်။ မွန်ပြည်နယ်သည် မြန်မာနိုင်ငံ၏ ရော်ဘာစိုက်ဧရိယာအများဆုံး ပြည်နယ်တစ်ခုဖြစ်ပြီး တစ်နိုင်ငံလုံး စိုက်ပျိုးဧရိယာ၏ ၃၀ ရာခိုင်နှုန်းကျော်ရှိသည်။ ရော်ဘာအထွက်နှုန်း တိုးတက်ရေးနှင့် အရည်အသွေးမြင့်မားရေးအတွက် ရော်ဘာ တစ်ဧကထွက်နှုန်း တိုးတက်ရေး အဆင့်မြင့်ရော်ဘာပြားများ ထုတ်လုပ်နိုင်ရေး  ရော်ဘာအခြေပြုကုန်ချောများ  ထုတ်လုပ်နိုင်ရေးတို့ကို ဦးစားပေးဆောင်ရွက်ရန်လိုအပ်သည်။
ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု အခြေအနေ 
၂၀၂၂-၂၀၂၃ ခုနှစ် မွန်ပြည်နယ် ရော်ဘာစိုက်ဧက ၅၀၄၉၈၈ ရှိသည်။ မွန်ပြည်နယ်တွင် ဧက၂၀ နှင့်အောက် ရော်ဘာခြံရှင်ငယ် ၉၄ ဒသမ ၁၅ ရာခိုင်နှုန်းရှိသည်။ ခြံရှင်ငယ်အရေအတွက်များသည့် အတွက် အရည်အသွေးကောင်း ရော်ဘာပြားများ ထုတ်လုပ်နိုင်ရန် အခက်အခဲများစွာ ကြုံတွေ့နေရသည်။ ရော်ဘာခြံရှင်ငယ်များအနေ ဖြင့် အစေးရည်မှ ရော်ဘာထုတ်လုပ်ရာတွင် ရော်ဘာခေါင်းအုံး၊ ခွက်မှောက်၊ အထူပြားများ၊ ခွက်ခဲတုံးများ၊ နေလှန်းရော်ဘာပြားများ၊ မှိုင်းခံရော်ဘာများ စသည့်ပုံစံအမျိုးမျိုးဖြင့် ထုတ်လုပ်လျက်ရှိသည်။
နည်းပညာများ ပံ့ပိုးကူညီဆောင်ရွက်ခြင်း
သက်ဆိုင်ရာဌာနများ၏ အကူအညီဖြင့် တောင်သူများမြေယာ ပိုင်ဆိုင်မှု   အခြေအနေများနှင့်  ပတ်သက်၍ အသိပညာပေးခြင်း၊ မြေယာအသုံးချမှုနှင့် ပတ်သက်၍ ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးခြင်းများ  ပြုလုပ်လျက်ရှိရာ သစ်တောမြေများတွင် ရော်ဘာစိုက်ပျိုးထားသော  ရော်ဘာခြံရှင်များအတွက် နှစ်(၃၀) မြေငှားစာချုပ် ချုပ်ဆိုနိုင်ရန် သစ်တောဌာနနှင့် ပူးပေါင်းဆောင်ရွက် ခဲ့ရာ GRO ၏ အကူအညီဖြင့် ကျိုက်မရောမြို့နယ်နှင့် မုဒုံမြို့နယ်ရှိ သစ်တောမြေစုစုပေါင်း ၅၀၄၈ ဧကအထိ တိုင်းတာပြီးစီး အကောင် အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်။ ထို့ပြင် ရော်ဘာစိုက်တောင် သူများ နည်းပညာမြင့်မားရေးအတွက် မွန်ပြည်နယ် ၁၀  မြို့နယ် အတွင်း ရော်ဘာအစေးခြစ်သင်တန်းများ ဖွင့်လှစ်ပေးနိုင်ခဲ့သည်။
အဆင့်မြင့်ရော်ဘာပြားများ ထုတ်လုပ်ရေး
ပြည်နယ်အစိုးရ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အရည်အသွေးကောင်း  ရော်ဘာများ ထုတ်လုပ်နိုင်ရန် တောင်သူအစုအဖွဲ့ဖြင့် ရော်ဘာအစေးရည်ဝယ်ယူပြီး အဆင့်မြင့်မှိုင်းခံ  ရော်ဘာပြားများ ထုတ်လုပ်နိုင်ရန်အတွက် မြို့နယ်များတွင် မှိုင်းခံစက်ရုံများ  တည် ထောင်ခြင်း၊ အဆိုပါစက်ရုံများတည်ထောင်ရန်အတွက် သက်ဆိုင်ရာ မြို့နယ်မြန်မာ့စီးပွားရေးဘဏ်များမှ ချေးငွေများထုတ်ချေးပေးနိုင်ရန် ကူညီဆောင်ရွက်ပေးခြင်း၊ ဘဏ်များမှ ချေးငွေရရှိခြင်းကြောင့် တောင်သူအစုအဖွဲ့များ  စုစည်းပြီး အရည်အသွေးကောင်းသော ရော်ဘာစက်ရုံများ ပေါ်ထွက်လာခဲ့ခြင်း ထွက်ရှိလာသော ရော်ဘာ ပြားများ ဈေးကောင်းရရှိရေးအတွက် GRO Project  ၏ ပံ့ပိုးကူညီမှု ဖြင့် ရောင်းသူဝယ်သူတွေ့ဆုံပွဲများ ပြုလုပ်ပေးခဲ့ခြင်း၊ နောက်ပိုင်းတွင် တရုတ်နိုင်ငံမှလည်း နယ်စပ်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် အရည် အသွေးကောင်း မှိုင်းခံရော်ဘာပြားများကို ဝယ်ယူလာခြင်းကြောင့် တောင်သူငယ်များက အစေးရည်ဝယ်ယူပြီး အဆင့်မြင့်မှိုင်းခံရော်ဘာ စက်ရုံများကို ကျိုက်ထို၊ သထုံ၊ ပေါင်၊ ကျိုက်မရော၊ ချောင်းဆုံ၊ မုဒုံနှင့် သံဖြူဇရပ်မြို့နယ်များတွင် ထပ်မံတည်ထောင်လာကြသည်။
ထိုင်းနိုင်ငံမှ လိုအပ်သော အရည်အသွေးကောင်း ရော်ဘာ ပြားများကို တောင်သူငယ်များ  ထုတ်လုပ်နိုင်ရေးအတွက် MON RPPA  မှ  Formic Acid များကို စိုက်ပျိုးရေးဦးစီးဌာန မြန်မာနိုင်ငံ ရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်းနှင့်  GRO Project တို့၏ အကူအညီဖြင့် တောင်သူများအားဖြန့်ဝေခြင်း၊ အဆင့်မြင့်ရော်ဘာ ထုတ်လုပ်နိုင်ရေးနှင့် ရော်ဘာအထွက်နှုန်း တိုးတက်ရေးလုပ်ငန်း များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လိုအပ်သော နည်းပညာများနှင့် ရော်ဘာ Stakeholder  များအားလုံးကို ချိတ်ဆက် ၍ ပူးပေါင်းဆောင်ရွက်ခြင်း၊  GRO Project ၏ ပံ့ပိုးကူညီမှုဖြင့် ရော်ဘာခြံရှင်ငယ် များအား အရည်အသွေးကောင်း ရော်ဘာပြားများ ထုတ်လုပ်နိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ပညာရှင်ဝန်ထမ်း များနှင့် အငြိမ်းစားဝန်ထမ်းများက နည်းပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အရည်အသွေးမြင့် ရော်ဘာပြား ထုတ်လုပ်မှု အဆင့်ဆင့် လက်ကမ်းစာစောင်များကိုလည်း  GRO Project ၏ ပံ့ပိုး ကူညီမှုဖြင့် ဖြန့်ဝေပေးခဲ့သည်။
အသင်းအတွက် စိန်ခေါ်မှုများ
ဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်ကြောင့် ရော်ဘာ အခြေပြု ကုန်ချောများ ထုတ်လုပ်နိုင်ရေးအတွက် အသင်းမှ လုပ်ဆောင်ရန် ကျန်ရှိနေခြင်း၊ တောင်သူအစုအဖွဲ့ဖြင့် ရော်ဘာအစေး ရည်ဝယ်ယူပြီး ရော်ဘာမှိုင်းခံစက်ရုံ တည်ထောင်ရာ၌ ထွက်ရှိလာ သော အရည်အသွေးကောင်း ရော်ဘာပြားများ ရောင်းချရာတွင် ကနဦးအစ၌ ထုတ်လုပ်မှုကုန်ကျစရိတ်နှင့် ညီမျှသော ဈေးကောင်း ပေး ဝယ်ယူမှုများ နည်းပါးခဲ့ခြင်း၊ ကိုဗစ် (၁၉) ရောဂါဖြစ်ပွားချိန်တွင် ကမ္ဘာတစ်ဝန်း ရော်ဘာလက်အိတ် ဝယ်လိုအားမြင့်တက်လာသဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ရော်ဘာအစေးရည်မှ လက်အိတ်ထုတ် လုပ်မှုမြင့်မားလာသဖြင့် ၎င်းတို့အတွက် လိုအပ်သော မှိုင်းခံရော်ဘာ ပြားများကို မြန်မာနိုင်ငံမှ မှိုင်းခံရော်ဘာပြားများအား ဈေးကောင်း ပေးပြီး ဝယ်ယူလာခြင်းကြောင့် ခြံရှင်ငယ်များ အရည်အသွေးကောင်း ရော်ဘာပြားများ ပိုမိုထုတ်လုပ်ရန် အားသန်လာခြင်း၊ တနင်္သာရီတိုင်းဒေသကြီး   ထားဝယ်  ရွှေပြည်ရော်ဘာစက်ရုံနှင့် ကော့သောင်း မလိဝမ်းရွှေဖြူ ရော်ဘာစက်ရုံ၊ ပဲခူးတိုင်းဒေသကြီးမှ ရွှေကျင် ရွှေပင်စံရော်ဘာစက်ရုံမှ ရော်ဘာထုတ်လုပ်သော အဆင့်မြင့် ရော်ဘာပြားများကို BRIDGESTONE၊ MICHELIN  ကဲ့သို့သော ရော်ဘာစက်ရုံ များသို့ တိုက်ရိုက်ရောင်းချနိုင်သဖြင့် မွန်ပြည်နယ်စက်ရုံများမှ ထွက် ရှိသော အဆင့်မြင့်ရော်ဘာပြားများထက် ဈေးကောင်းရရှိသည်ကို တွေ့ရှိရသောကြောင့် အစုအဖွဲ့ပိုင် အဆင့်မြင့် ရော်ဘာမှိုင်းခံရုံများ တည်ထောင်ရန် လိုအပ်လျက်ရှိခြင်း၊ လက်ရှိတွင် ရော်ဘာခြံရှင် အချို့ အပင်အိုမတိုင်မီ ရော်ဘာသစ်များ ခုတ်ထွင်ရောင်းချလျက်ရှိ ခြင်းကြောင့် ရော်ဘာပင်များ လျော့နည်းလာသည်ကို တွေ့ရှိရသည်။
အကြံပြုတင်ပြချက်
အရည်အသွေးကောင်း ရော်ဘာပြားများ ရရှိနိုင်ရေးအတွက် သွင်းအားစုဖြစ်သော  Formic Acid ၊  အမိုးနီးယားအရည်များကို ရော်ဘာတောင်သူများ  လွတ်လပ်စွာ ဝယ်ယူတင်သွင်းခွင့်ပြုရန် လိုအပ်သည်။ ထို့ပြင် မွန်ပြည်နယ်သည် ရော်ဘာထုတ်ကုန်အခြေပြု အသက်မွေးဝမ်းကျောင်းပြုနေသော ပြည်နယ်ဖြစ်နေသည့်အတွက် ရော်ဘာစိုက်တောင်သူများ၏  မြေယာပိုင်ဆိုင်မှု အာမခံချက်ရရှိစေရန် အစိုးရမှ ကူညီဆောင်ရွက်ပေးရန်လိုအပ်ကြောင်း အကြံပြု တင်ပြလိုက်ရသည်။
အောင်မြင့်မြတ် (မွန်)