Main menu

Background

သီးနှံများ အရည်အသွေးအတွက် အရေးပါသည့် တိုင်းတာကိရိယာငယ်များ

Tue, 01/10/2023 - 11:34 -- journal_editor

လယ်ယာထွက်ကုန်သီးနှံများသည် မြန်မာနိုင်ငံ၏ စီးပွားရေးတွင် အရေးပါသောအခန်းမှ ပါဝင်နေသဖြင့် ထိုကဏ္ဍရှိ Stakeholder များ၊ စက်မှုလက်မှုပစ္စည်းများ၊ ကုန်ပစ္စည်းများ၊ ကိရိယာများအားလုံးသည် အရည်အသွေးကောင်းမွန်ရေးနှင့် အရေအတွက် တိုးတက်ရေးအတွက် အလွန်အရေးပါကြသည်။ ဆရာတစ်ဦးက မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍအတွက် လိုအပ်ချက်သည် “Increasing the productivity and improving the quality” ဟုပြောသည်ကို မှတ်သားရသည်။ ထို့ကြောင့် လယ်ယာထွက်ကုန်ပစ္စည်းများ ဈေးကောင်းရရှိရေးအတွက် အခြေခံလိုအပ်ချက်သည် အရည်အသွေးပင်ဖြစ်သည်။ လယ်ယာထွက်ကုန်ပစ္စည်းများကို စိုက်ပျိုးထုတ်လုပ်ရာတွင် စိန်ခေါ်မှုအမျိုးမျိုးကို ရင်ဆိုင်ကျော်လွှားရသည်။ ထိုအထဲတွင် ရာသီဥတုပြောင်းလဲမှုလည်း ပါဝင်သည့်အတွက် ရာသီဥတုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အရည်အသွေးထိခိုက်မှုများကို သိရှိနိုင်ရန်အတွက်  သီးနှံများကို မထွက်ပေါ်မီနှင့် ထွက်ပေါ်ပြီးချိန်တွင် ရှိသည့် အရည်အသွေးများကို တိုင်းတာသိရှိထားရန် လိုအပ်သည်။ ထိုသို့သိရှိရန် လိုအပ်သည့် သီးနှံအရည်အသွေးများသည် အလွယ်တကူ ကိုင်တွယ်တိုင်းတာနိုင်သည့် Rapid Test Kit ခေါ်သည့် တိုင်းတာကိရိယာငယ်များဖြင့်ပင် သိရှိအောင် ဆောင်ရွက်နိုင်သည်။

မြန်မာနိုင်ငံတွင် ယခုဘဏ္ဍာနှစ် ၁-၄-၂၀၂၂ ရက်မှ ၃၀-၁၁-၂၀၂၂ ရက်ထိ ရှစ်လတာကာလအတွင်း ပြည်ပတင်ပို့မှုကိုကြည့်လျှင် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံကျော်ရှိသည်ကို တွေ့ရသည်။ ထိုကဲ့သို့ ပို့ကုန်မှရငွေ ၁၁ ဘီလီယံကျော်တွင် လယ်ယာထွက်ကုန် သီးနှံအုပ်စုမှ တင်ပို့နိုင်မှုသည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံခန့်ရှသည်။ လယ်ယာထွက်ကုန်သီးနှံများ တင်ပို့မှုမှရငွေသည် ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံကျော်တွင် ၂၂ ရာခိုင်နှုန်းအထိပါဝင်သည်။ ပြည်ပတင်ပို့သည့် သီးနှံများသည် ပြည်တွင်းဈေးကွက်သက်သက်တွင်သာ ရောင်းဝယ်သည့် သီးနှံများထက် ဈေးကောင်းပိုရတတ်သကဲ့သို့ အရည်အသွေးကောင်းရန်လည်း လိုအပ်သည်။ ပြင်ပအရည်အသွေးဖြစ်သော အလုံးအရွယ်အစား၊ အရောင်အဆင်း၊ လုံးပိန်လုံးညှပ် ကင်းစင်မှု၊ ပိုးထိုးပိုးကိုက်ကင်းစင်မှု၊ စသည့်အချက်များ ကောင်းမွန်ရန်အပြင် သတ်မှတ်ထားသော အစို ဓာတ်များထက် မပိုစေရန်လည်း လိုအပ်သည်။ ထို့ပြင် အချို့သော သီးနှံများတွင်  အာလ်ဖာတောက်ဆင်မှိုဆိပ် (Alfatoxin) နှင့် မိုက်ကိုတောက်ဆင်မှိုဆိပ် ပါဝင်မှု၊ ဆီထွက်သီးနှံများတွင် လွတ်နေသော အဆီအက်စစ်(Free Fatty Acid-FFA) ပါဝင်မှု၊ သီးနှံ၏ အစိုဓာတ်ပါဝင်မှုတို့ကို သိရှိရန်လိုအပ်သည်။  ထို့ကြောင့် အဆိုပါ အရည်အသွေးများကို လွယ်ကူစွာ တိုင်းတာသုံးစွဲနိုင်သည့် ကိရိယာငယ်များကို သုံးစွဲမည်ဆိုပါက တောင်သူ၊ ကုန်သည်၊ ပွဲစားများအတွက် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သိုလှောင်ရောင်းဝယ်သည့် သီးနှံ၏ အရည်အသွေးကို တိတိကျကျ သိရှိရပြီး ဈေးနှိမ်ခံရခြင်းမှ လွတ်ကင်းနိုင်သည်။

ကွင်းအတွင်း စမ်းသပ်စစ်ဆေးခြင်း၏ အကျိုးကျေးဇူး

ရိတ်သိမ်းခြွေလှေ့မည့်ကွင်းတွင်ပင် သီးနှံ၏အရည်အသွေးကို တိုင်းတာစစ်ဆေးခြင်းသည် အရည်အသွေးထိန်းသိမ်းခြင်း Quality Control  တိုးတက်အောင်ဆောင်ရွက်နိုင်သည့် နည်းလမ်းတစ်ခုဖြစ်သည်။ ဈေးကွက်ဖော်ဆောင်သည့် နည်းဗျူဟာကို တိုးတက်အောင်ဆောင်ရွက်နိုင်သည့် နည်းလမ်းလည်းဖြစ်သကဲ့သို့ ပြန်လည်ရရှိသည့် ရလဒ်လည်း ကောင်းမွန်နိုင်သည်။ ကွင်းထဲတွင် အရည်အသွေးစစ်ဆေးမည်ဆိုလျှင် အဓိကအထောက်အပံ့အဖြစ် လွယ်ကူလျင်မြန် စွာ တိုင်းတာနိုင်သည့် ကိရိယာငယ်များ (Rapid Test Kit) ကိုသုံးနိုင်သည်။ အဆိုပါကိရိယာငယ်များသည် ငွေကုန်ကြေးကျ မကြီးမားဘဲ အရည်အသွေးထိန်းသိမ်းရာတွင် များစွာအထောက်အပံ့ ဖြစ်စေသည်။ ဥပမာ-အစိုဓာတ်တိုင်း ကိရိယာဖြင့် ရိတ်သိမ်းပြီး ချက်ချင်း တိုင်းတာလျှင် တွေ့နိုင်သည့် အစိုဓာတ်သည် များနေတတ်သဖြင့် မည်သည့်အခြေအနေအထိ အစိုဓာတ်ကိုလျှော့ချမည် သို့မဟုတ် မည်သည့်အပူချိန်အထိ အခြောက်ခံမည်ကို ရွေးချယ်နိုင်သည်။ သိုလှောင်ပြီးနောက်တွင်လည်း သီးနှံအစိုဓာတ်ကို တိုင်းတာကြည့်ခြင်းအားဖြင့် သီးနှံများအရည်အသွေး ကျဆင်းသည့်အန္တရာယ်နှင့် ပျက်စီးမည့်အန္တရာယ်များကို ကာကွယ်နိုင်သည်။ စပါးများကို အစိုဓာတ် ၁၅ ရာခိုင်နှုန်းအထက်တွင် သိုလှောင်မိပါက အစိုဓာတ်သည် မြင့်မားလာပြီး သီးနှံပုံအတွင်း အစိုဓာတ်ပါ မြင့်တက်၍ မှိုပေါက်ပွားခြင်း၊ အစိုပျံပြီးပျက်စီးခြင်းများပါ ကြုံရနိုင်သည်။ ထို့ကြောင့် အစိုဓာတ်တိုင်း ကိရိယာငယ်ဖြင့် မကြာခဏဆိုသကဲ့သို့ တိုင်းတာကြည့်ခြင်းဖြင့် အခြောက်ခံရမည့် အခြေအနေနှင့် အရည်အသွေးထိန်းသိမ်းရန် လုပ်ဆောင်ရမည့်လုပ်ငန်းများကို အချိန်မီဆောင်ရွက်နိုင်မည် ဖြစ်သည်။ တောင်သူများအနေဖြင့် ရိတ်သိမ်းခြွေလှေ့ပြီးနောက် အကောင်းဆုံးအခြေအနေနှင့်  ထိန်းသိမ်းထားရှိနိုင်မှာသာ ဈေးကောင်းရမည်ဖြစ်သဖြင့် ကွင်းအတွင်း အရည်အသွေးတိုင်းတာခြင်းကို မဖြစ်မနေဆောင်ရွက်သင့်သည်။ အနည်းဆုံးသီးနှံ၏ အစိုဓာတ်အခြေအနေ၊ အလေးချိန်၊ အာဟာရဓာတ်အခြေအနေ၊ သီးနှံအရွယ်အစား၊ ပိုးထိုးပိုးကိုက် ကင်းမကင်းနှင့် ဆီထွက်သီးနှံများတွင် ဆီပါဝင်မှုနှင့် FFA တို့ကို သိရှိထားသင့်သည်။ ထို့ပြင် အရည်အသွေးအခြေအနေကို သိရှိထားခြင်းဖြင့် မလိုအပ်သောစရိတ်များကိုလည်း လျှော့ချနိုင်မည်ဖြစ်သည်။ ထို့ပြင် တောင်သူနှင့် ကုန်သည်များအနေဖြင့် သိုလှောင်ရုံတွင်ထားရှိပြီး ဈေးအမြင့်ဆုံးရရှိရန်သို့မဟုတ် လိုအပ်သောအချိန်တွင်ရရှိရန် အချိန်တစ်ခုစောင့်စားကြရသည်။ ထို့ကြောင့် သိုလှောင်ရုံတွင် သိုလှောင်စဉ် အရည်အသွေးကို Rapid test kit များဖြင့် မျက်ခြည်မပြတ် တိုင်းတာစစ်ဆေးနေခြင်းဖြင့် မလိုအပ်သော လေလွင့်ဆုံးရှုံးမှုများ၊ တန်ဖိုးကျဆင်းမှုများနှင့် ကုန်ကျစရိတ်မြင့်တက်မှုများကို ရှောင်ရှားနိုင်မည်ဖြစ်သည်။ အထူးသဖြင့် အစိုဓာတ်သည် အလေးချိန်နှင့် ဆက်စပ်နေသဖြင့် စဉ်ဆက်မပြတ် တိုင်းတာကြည့်ရန် လိုအပ်ပါသည်။

အစိုဓာတ်တိုင်းကိရိယာ

တောင်သူနှင့် ပွဲစားကုန်သည်များ အလေးအနက်အထားသင့်ဆုံးမှာ Rapid test kit ဟုဆိုချင်သည်။ အစိုဓာတ်သည် သီးနှံ၏ အလေးချိန်နှင့်ဆက်စပ်လျက်ရှိသဖြင့် သီးနှံကို ချိန်တွယ်ရောင်းချရာတွင် ခြောက်လွန်းလျှင်လည်း အလေးချိန်လျော့ကျပြီး ရငွေလျော့နည်းမည်ဖြစ်သည်။ ထို့အတူ အစိုဓာတ်မြင့်မားလွန်းလျှင်လည်း သီးနှံပျက်စီးမည်ဖြစ်သည်။ ထို့ကြောင့် အစိုဓာတ်ကို သီးနှံအလိုက်ရှိသင့်သည့်အတိုင်း မပိုမလိုရှိနေအောင် ထိန်းနိုင်ရန်လိုအပ်ပါသည်။ အစိုဓာတ်တိုင်း ကိရိယာ Moisture Meter  ကဲ့သို့ သီးနှံများ၏ အရည်အသွေးကို လွယ်ကူစွာ တိုင်းတာသိရှိနိုင်သည့် Rapid Test Kid ခေါ် သယ်ယူတိုင်းတာရလွယ်ကူသော ကိရိယာငယ်များသည် လယ်ယာထွက်ကုန်ပစ္စည်းများ၏ အရည်အသွေးများကို သိရှိနိုင်ရန် တိုင်းတာရာတွင် အားသာချက်များစွာ ရရှိနိုင်သည်။  တောင်သူများတွင် ရှိထားသင့်သော ကိရိယာငယ်တစ်ခုဖြစ်သည်။ ယနေ့ကမ္ဘာတွင် ရာသီဥတုသည် ပြောင်းလဲမှုမြန်ဆန်တတ်ခြင်းကြောင့် မိုးကို အားကိုးစိုက်ပျိုးရသည့် သီးနှံများသည် မိုးများစွာရွာသွန်းခြင်းနှင့် ခြောက်သွေ့ခြင်း စသည့် ရာသီဥတုအခြေအနေများကိုလိုက်ပြီး ထွက်ပေါ် ချိန်နှင့် သီးနှံအရည်အသွေးများလည်း ပြောင်းလဲနေမည်ဖြစ်သည်။ ထို့ကြောင့် အစိုဓာတ်တိုင်းမီတာသည် တောင်သူများနှင့် သီးနှံ သိုလှောင်မည့် ပွဲစားကုန်သည်များအတွက် ပါရှိထားသင့်သည်။ အထက်တွင်ဖော်ပြခဲ့သည့် သီးနှံအလိုက်ထားရှိသင့်သည့် အစိုဓာတ်များထိ ကျဆင်းအောင် အခြောက်ခံခြင်း၊ နေလှန်းခြင်း၊ ပြင်ဆင်ခြင်းများ ပြုလုပ်ရမည်ဖြစ်သည်။ သို့မှသာ တောင်သူများ စိုက်ပျိုးထုတ်လုပ်သော သီးနှံများသည် ထုတ်လုပ်သည့် အရေအတွက် ရှိသလောက် အရည်အသွေးကောင်းမွန်မှုကို ရနိုင်မည်ဖြစ်ပြီး အရည်အသွေးကောင်းမှလည်း ဈေးကောင်းရရှိမည်ဖြစ်သည်။

အရည်အသွေးကောင်းမှ ဈေးကောင်းရ

အရည်အသွေးကောင်းမှ ဈေးကောင်းရမည်ဆိုသည်ကို တောင်သူများ၊ ကုန်သည်ပွဲစားများ နားလည်ကြသည်။ သီးနှံတစ်ခုကို ကုန်စည်ဒိုင်တွင်ဖြစ်စေ၊ ပြည်ပသို့ဖြစ်စေ ရောင်းချသည်ဆိုလျှင် အဆင့်အတန်းများ ခွဲခြားပြီး ဈေးကိုသတ်မှတ်ရောင်းဝယ်ကြရသည်။ Premium, Special Quality, First Quality, Fair Average Quality  စသည်ဖြင့် ခွဲခြားပြီး ရောင်းချရတတ်သည်။ မျက်မြင်အရည်အသွေး သတ်မှတ်ချက်များတွင် အစိုဓာတ်သည် သတ်မှတ်ချက်ထက် မပိုရန် အထူးသတိပြုရသည်။ ရက်ရှည်သယ်ယူရပါက အစိုဓာတ်ပါဝင်မှုသည် များစွာအရေးကြီးပြီး သတ်မှတ်ချက်ထက် ပိုသည်နှင့်တစ်ပြိုင်နက် သီးနှံအရည်အသွေးပျက်စီးပြီး ပေးလျော်ရသည်များ ဖြစ်တတ်သည်။ ထို့ပြင် အစိုဓာတ်များသည်ကို သိုလှောင်ထားသဖြင့် မှိုဆိပ်ပါဝင်မှု ဖြစ်ပေါ်လာလျှင်လည်း  ငြင်းပယ်ခြင်း ခံရတတ်သည်။ ထို့ကြောင့် အရည်အသွေး၊ အလေးချိန်၊ အစိုဓာတ်နှင့် ဈေးနှုန်းတို့သည် ဆက်စပ်နေပြီး တောင်သူများ၏ ဝင်ငွေပေါ်တွင် သက်ရောက်မှု များစွာရှိသည်။ လုပ်သလောက် အရာထင်စေရန်၊ အကျိုးရှိစေရန်အတွက် တောင်သူများသည် သီးနှံ၏ အစိုဓာတ်ကို မျက်ခြည်မပြတ် တိုင်းတာကြည့်ရှုနေရန်လိုအပ်မည်ဖြစ်သည်။ ပဲများကို ပြည်ပသို့ တင်ပို့ရောင်းချရာတွင် ပဲအခြောက်အဖြစ် ရောင်းချကြခြင်းဖြစ်သဖြင့် အစိုဓာတ်သည် သတ်မှတ်ထားသည်ထက် လုံးဝမပိုရန် လိုအပ်သည်။ အစိုဓာတ်သည် သတ်မှတ်ထားသည်ထက် ပိုမိုမြင့်နေသည်နှင့် တစ်ပြိုင်နက် ပြန်လည်ပြင်ဆင်ပေးရခြင်း၊ ဈေးနှုန်းအပေါ်တွင် ဖြတ်တောက်ခြင်း စသည်တို့ကို ကြုံတွေ့ရမည်ဖြစ်သဖြင့် မျှော်လင့်သည့်အတိုင်း ဈေးမရဘဲဖြစ်တတ်သည်။ ထို့ကြောင့် သန့်ပြီးမှသို၊ ပိုကောင်းအောင်လုပ်ဟု ဆိုရမည်ထင်သည်။ ဆီထွက်သီးနှံများတွင် လည်း အစိုဓာတ်သည် သတ်မှတ်ချက်ထက် ပိုများနေလျှင် အက်စစ်ဓာတ်ပါဝင်မှု မြင့်တက်လာပြီး ဆီထွက်ကျဆင်းခြင်း၊ မှိုပါဝင်ခြင်း၊ ဆီ အရည်အသွေး အရောင်အဆင်း ကျဆင်းခြင်းနှင့် ဆီချေးဆော်နံခြင်းနှင့် လျှာပတ်ခြင်း စသည်တို့ပါ ဖြစ်ပွားလာမည်။ ထို့ကြောင့် မည်သည့်သီးနှံမဆို ရိတ်သိမ်းပြီးနောက်တွင် သီးနှံအလိုက်ရှိသင့်သည့် အစိုဓာတ်ထက် ပိုမိုမရှိရန်၊ ခြောက်သွေ့ရန် များစွာလိုအပ်သည်။ အစိုဓာတ်များပြားခြင်းသည် တောင်သူများအတွက် အကျိုးမပေးသည်ကို နားလည်ထားရန် လိုအပ်လှပါကြောင်း တင်ပြလိုက်ရသည်။ အခြားသော အာလ်ဖာတောက်ဆင်မှိုဆိပ် (Alfatoxin)နှင့် မိုက်ကို တောက်ဆင်မှိုဆိပ် ပါဝင်မှု၊ ဆီထွက်သီးနှံများတွင် လွတ်နေသော အဆီအက်စစ်(Free Fatty Acid-FFA) ပါဝင်မှုတို့ကို တိုင်းတာသည့် ကိရိယာငယ်လေးများသည်လည်း သီးနှံ၏ အရည်အသွေးကို လွယ်ကူစွာ တိုင်းတာနိုင်သဖြင့် အကျိုးကျေးဇူးများစွာရှိသည်။ ထိုကိရိယာငယ်လေးများ အသီးသီးသည် တောင်သူများအတွက် ကွင်းအတွင်း အရည်အသွေးတိုင်းတာရန် လိုအပ်သဖြင့် တစ်ရွာလျှင် နှစ်မျိုး၊ သုံးမျိုးရှိထားလျှင်ပင် စုပေါင်းတိုင်းတာခြင်းမျိုး ပြုလုပ်ကြည့် နိုင်ပြီး  များစွာအကျိုးရှိနိုင်သည်။ ထို့ကြောင့် ကျေးရွာများသို့ ထိုကိရိယာငယ်လေးများကို လှူဒါန်းခြင်းမျိုး ပြုလုပ်နိုင်လျှင် များစွာကောင်းမည်ဟု မျှော်လင့်မိပါကြောင်း တင်ပြအပ်ပါသည်ခင်ဗျား။

မျိုးသူ(ကုန်သွယ်မြှင့်)