Main menu

Background

ပိုက်ဆံလျှော်အကြောင်း သိကောင်းစရာ

Thu, 01/19/2023 - 13:10 -- journal_editor

ယခုအချိန်ကာလသည် သီးနှံစိုက်ပျိုးကြသည့် တောင်သူများအတွက် အဓိကလိုအပ်လျက်ရှိသော သွင်းအားစုများဖြစ်သော (ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး) ဈေးနှုန်းများသည် ယခင်နှစ်များထက် ဈေးနှုန်းမြင့်တက်နေခြင်းကြောင့် စိုက်ပျိုးသူတောင်သူများအနေဖြင့် သွင်းအားစုများဖြစ်ကြသည့် ဓာတ်မြေသြဇာများကို ယခင်နှစ်များကဲ့သို့ အသုံးပြုနိုင်ခြင်းမရှိကြောင်း သိရှိရသည်။ သီးနှံအထွက်နှုန်းတိုးစေရန် ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများကို နှစ်စဉ်ဆက် တိုက် လွန်ကဲစွာသုံးစွဲပါက မြေဆီလွှာ၏ ရုပ်ပိုင်းဆိုင်ရာ၊ ဓာတုပိုင်း နှင့် ဇီဝပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ ထိခိုက်လာခြင်းနှင့် ဓာတုဓာတ်ကြွင်းများကြောင့် လူနှင့်သတ္တဝါများ အသက်အန္တရာယ်ဆုံးရှုံးမှုများ ဖြစ်စေသည့် ဘေးထွက်ဆိုးကျိုးများလည်း ဖြစ်ပေါ်စေနိုင်သည်။ မြေဆီလွှာကို ပြုပြင်ပေးပြီး ဘေးထွက်ဆိုးကျိုးလည်းနည်းကာ တောင်သူများအတွက် အကုန်အကျလည်း သက်သာစေသောပိုက်ဆံ လျှော်အကြောင်းကို လေ့လာသိရှိရသမျှ ရေးသားဖော်ပြလိုက်သည်။

သက်တမ်းတိုတိုအတွင်း အပင်ကြီးထွားမှုမြန်ဆန်၍ နိုက်ထရိုဂျင်ပမာဏ များများထုတ်ပေးသည့် ပိုက်ဆံလျှော်ပင်ကို အခြားသီးနှံများမစိုက်ပျိုးမီ သစ်စိမ်းမြေသြဇာအဖြစ် စိုက်ပျိုးပါက အကျိုးများသည့် သီးနှံဖြစ်သည်။ ပိုက်ဆံလျှော် ၏ အရည်အချင်းလက္ခဏာများမှာ အပင်ကြီးထွားမှုနှုန်း မြန်ဆန်ပြီး သဘာဝသစ်စိမ်းမြေသြဇာ အဖြစ်ထင်ရှားခြင်း၊ အပင်ပိုင်းကြီးထွားမှုမြန်သကဲ့သို့ အမြစ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးမှု အားကောင်းသည့်အပင်ဖြစ်သဖြင့် မြေဆီလွှာများ၏ အပေါ်ယံမြေလွှာတိုက်စားမှုကို ကာကွယ်ပေးခြင်း၊ မြေအောက်ရေကို ထိန်းပေးခြင်း၊ မြေဆီလွှာကို ပြန်လည်အားပြည့် ကောင်းမွန်လာစေပြီး မြေဆီလွှာပျက်စီးမှုနှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတို့ကိုလည်း ကာကွယ်ပေးခြင်း စသည့် အရည်အချင်း လက္ခဏာများစွာရှိသည်။

ပိုက်ဆံလျှော်ကို ရာသီအားလုံးတွင်စိုက်ပျိုးနိုင်သည်။ ခြောက်သွေ့ခြင်းကိုခံနိုင်ပြီး ရေဝပ်ခြင်းကို ခံနိုင်ရည်မရှိပါ။ မြေစေးများတွင်လည်း စိုက်ပျိုးနိုင်သကဲ့သို့ မြေဆီမြေနှစ် မကောင်းသောမြေများတွင်လည်း စိုက်ပျိုးနိုင်သည်။ မြန်မာ နိုင်ငံတွင် ရှမ်းပြည်နယ်ကဲ့သို့ ‌အေးသောနေရာများတွင် ပိုက်ဆံလျှော်ပင်များ စိုက်ပျိုးထုတ်လုပ်အောင်မြင်သည်ကို သိရှိရသည်။ မကွေး၊ ပွင့်ဖြူကဲ့သို့သော အပူပိုင်းဒေသများတွင်လည်း စိုက်ပျိုးအောင်မြင်သည်ကို အထောက်အထားများအရ သိရှိရသည်။ နေရာဒေသများကွဲပြားပါက စတင်စိုက်ပျိုးချိန်များ ကွဲပြားနိုင်သည်။ အအေးများသော ဒေသများတွင် နှင်းအလွန်ကျသောအချိန်များကိုရှောင်၍ စိုက်ပျိုးရမည်ဖြစ်သည်။ ပိုက်ဆံလျှော်ကို လျှော်အဖြစ် ထုတ်လုပ်နိုင်သည့်အပြင် သစ်စိမ်းမြေသြဇာအဖြစ်လည်း အသုံးဝင်လှသော ပိုက်ဆံလျှော်သည် စိုက်ပျိုးရေးအခန်းကဏ္ဍတွင် အ‌ရေးပါလာပြီဖြစ်သည်။ ပိုက်ဆံလျှော်၏  မူရင်းဒေသမှာ အိန္ဒိယနိုင်ငံဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် အများဆုံးစိုက်ပျိုးကြောင်း သိရှိရပြီး သက်တမ်းအားဖြင့် လေးလမှ ငါးလအထိကြာမြင့်ကြောင်း သိရှိရသည်။ ယခုအခါ ပိုက်ဆံလျှော်ကို အပူပိုင်း၊ သမပိုင်းနှင့် အချို့အအေးပိုင်းဒေသများတွင်ပါ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးမှုရှိလာသည်ကို တွေ့ရှိရသည်။  ပိုက်ဆံလျှော်အပင်မှ ရရှိသောလျှော်ဖြင့် လူသုံးကုန်များထုတ်လုပ်နိုင်သည့်အပြင် ကျွဲ၊ နွား အစားအစာအဖြစ်လည်း အသုံးပြုနိုင်သည်။ ပိုက်ဆံလျှော်၏ ထူးခြားသော အကျိုးကျေးဇူးတစ်ခုမှာ မြေသြဇာအဖြစ် အသုံးပြုနိုင်ခြင်းပင်ဖြစ်သည်။ မြေသြဇာအဖြစ် အသုံးပြုမည်ဆိုပါက သီးနှံအပင်များ နှစ်သက်သော အာဟာရတန်ဖိုးများစွာ ပါဝင်သည့်အပြင် ကျွဲ၊ နွား အစားအစာအဖြစ် အသုံးပြုပါက ကျွဲ၊ နွားများအတွက် ပရိုတိန်းဓာတ်များစွာ ပါဝင်ကြောင်း သိရှိ ရသည်။ အာဟာရပါဝင်မှုမှာ အပင်၏အစိတ်အပိုင်းအလိုက် ကွဲပြားမှုရှိကြောင်းလည်း သိရသည်။ အရွက်တွင် အာဟာရတန်ဖိုး အများဆုံးဖြစ်ပြီး နိုက်ထရိုဂျင် ၄ ဒသမ ၅၂ ရာခိုင်နှုန်းအထိပါဝင်ကြောင်း သိရှိရသည်။ သစ်စိမ်းမြေသြဇာအဖြစ် အသုံးပြုပါကလည်း ယူရီးယား ဓာတ်မြေသြဇာတစ်အိတ်၏ အာနိသင်နှင့်ညီမျှကြောင်း သိရှိရသည်။

ပိုက်ဆံလျှော်ကို သစ်စိမ်းမြေသြဇာအဖြစ် ပြုလုပ်အသုံးပြုမည်ဆိုပါက (စပါး၊ ပဲ၊ နှမ်း၊ ပြောင်း ) စသည့် မည်သည့်သီးနှံမဆို စိုက်ပျိုးမည့်မြေမှာ မစိုက်ပျိုးမီ ပိုက်ဆံလျှော်မျိုးစေ့ကို ကြဲပက်ထားပြီး အပင် ၄၅ ရက်သားအရွယ်ရောက် သည့်အချိန်တွင် ထယ်ထိုး၊ ထွန်မှောက်ပြီး နှစ်ပတ်အကြာထားကာ ‌ရေသွင်းလိုက်လျှင် စိုက်ပျိုးမည့်မြေကို ပြုပြင်ပေးပြီး သစ်စိမ်းမြေသြဇာဖြစ်လာသည်။ သို့မဟုတ် ပိုက်ဆံလျှော်အပင်များကို  အခြားစိုက်ခင်းတစ်ခုတွင် စိုက်ပျိုးပြီးနောက် သီးနှံစိုက်ပျိုးမည့် ကွင်းအတွင်းသို့ သယ်ဆောင်ကာ ထည့်သွင်းပေးခြင်းဖြင့်လည်း အသုံးပြုနိုင်သည်။  ထို့ပြင် စိုက်ပျိုးပြီးသော ပိုက်ဆံလျှော်အပင်များကို အခြောက်လှန်းထုထောင်းခြင်းဖြင့် အချိန်ကြာမြင့်စွာ သိုလှောင်နိုင်ပြီး ပိုက်ဆံလျှော် မြေသြဇာအဖြစ် အသုံးပြုနိုင်သည်။ အချို့နေရာများတွင် ဒေသရာသီဥတုနှင့် မကိုက်ညီသဖြင့် စိုက်ပျိုးရန် မဖြစ်နိုင်သောနေရာများတွင် အခြောက်လှန်းထားသော ပိုက်ဆံလျှော်မြေသြဇာကို အသုံးပြုနိုင်သည်။ ပိုက်ဆံလျှော်ကို ကြဲပက်၍သော်လည်းကောင်း၊ အတန်းလိုက်သော်လည်းကောင်း စိုက်ပျိုးနိုင်သည်။ သစ်စိမ်းမြေသြဇာအဖြစ် အသုံးပြုမည်ဆိုပါက အများအားဖြင့် မိုးရာသီတွင် စိုက်ပျိုးလေ့ရှိကြောင်း သိရသည်။ နှစ်သက်သော ရာသီဥတုမျိုးဖြစ်ပါက နှစ်ရက်မှ သုံးရက်အတွင်း အပင်များပေါက်လာသည်ကို တွေ့ရမည်ဖြစ်သည်။ အပင်ပေါက်မြန်သောအမျိုးအစားဖြစ်ပြီး ပေါင်းမြက်များကိုလည်း နှိမ်နင်းနိုင်သည်ဟု ဆိုသည်။ ပိုက်ဆံလျှော်၏ အားသာချက်မှာ အထူးတလည် မြေယာပြုပြင်စရာမလိုဘဲ စိုက်ပျိုးနိုင်ခြင်းဖြစ်သည်။

သစ်စိမ်းမြေသြဇာသည် မြေဆီလွှာအား ပြန်လည်ကောင်းမွန်အားပြည့်လာစေပြီး သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကိုလည်း တားဆီးရာရောက်သည်။ ထိုကဲ့သို့ မြေဆီလွှာအတွက် ကောင်းကျိုးများစွာပေးပြီး စိုက်ပျိုးသူ တောင်သူကြီးများအတွက် ငွေမကုန် လူမပင်ပန်းဘဲ အကုန်အကျ သက်သာစေသော ပိုက်ဆံလျှော်ကို နိုင်ငံခြားဖြစ် ဓာတ်မြေသြဇာများအစား အစားထိုးစိုက်ပျိုးသုံးစွဲပါက မြေဆီလွှာပျက်စီးမှုနည်းကာ စိုက်ပျိုးထုတ်လုပ်သူ တောင်သူကြီးများ၏ မြေယာပြုပြင်စရိတ်အတွက် အကုန်အကျသက်သာစေရုံသာမကဘဲ စားသုံးသူပြည်သူများအတွက်ပါ ကျန်းမာရေးနှင့် ညီညွတ်သော အသီးအနှံများကို စားသုံးခွင့်ရမှာဖြစ်သည့်အတွက် နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် ဓာတ်မြေသြဇာအစားထိုး ပိုက်ဆံလျှော် အပင်များကို စိုက်ပျိုးသုံးစွဲကြည့်နိုင်စေရန် အကြံပြုရေးသားလိုက်ရပါသည်။

ခင်မို့မို့ငြိမ်း