Main menu

Background

ပို့ကုန်လိုင်စင်များကို အလိုအလျောက်စစ်ဆေးထုတ်ပေးသွားမည့်Tradenet 2.0 စနစ်  

Tue, 03/28/2023 - 10:57 -- journal_editor

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ကုန်သွယ်မှုလုပ်ငန်းများ လွယ်ကူလျင်မြန်စေရေးကို အထောက်အကူပြုစေရန် ပို့ကုန်သွင်းကုန်လိုင်စင် ပါမစ်လုပ်ငန်းများ အပါအဝင် ကုန်သွယ်မှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ အားလုံးကို  အင်တာနက်ရရှိသည့် မည်သည့်နေရာမှမဆို အွန်လိုင်းမှလျှောက် ထားထုတ်ယူနိုင်သော Myanmar Tradenet 2.0  စနစ်အား ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့သည်။
Tradenet 2.0 စနစ်မှ ပို့ကုန်သွင်းကုန်လိုင်စင်  ပါမစ်များနှင့် ဆက်စပ်လုပ်ငန်းများကို ခွင့်ပြုထုတ်ပေးရာတွင် အွန်လိုင်းစနစ်ဖြင့် လျှောက်ထားခြင်း၊ ထုတ်ပေးခြင်း၊ ငွေပေးချေခြင်း၊ ဆက်စပ်ဌာန များသို့ အချက်အလက်များ ချိတ်ဆက်ပေးပို့ခြင်း/ရယူခြင်းများကို ဆောင်ရွက်နိုင်ပြီဖြစ်သော်လည်း စနစ်အတွင်း ရောက်ရှိလာသည့် လိုင်စင်အချက်အလက်များကို   စစ်ဆေးခြင်း၊ အတည်ပြုခြင်း လုပ်ငန်းစဉ်များစနစ်မှ အလိုအလျောက် စစ်ဆေးထုတ်ပေးနိုင်မည့် စနစ်သို့ မကြာမီကာလအတွင်း အဆင့်မြှင့်တင်‌ဆောင်ရွက်သွားမည် ဖြစ်သည်။
အဆင့်မြှင့်တင်ခြင်း၏ ပထမအဆင့်အနေဖြင့် Automatic HS သတ်မှတ်ထားသော ပို့ကုန်ပစ္စည်းများအား စနစ်မှ အလိုအလျောက် စိစစ်ထုတ်ပေးသွားမည်ဖြစ်ပြီး သွင်းကုန်အပိုင်းကိုပါ အဆင့်လိုက်ခွင့်ပြု ထုတ်ပေးသွားမှာဖြစ်သည်။ စနစ်မှအလိုအလျောက် စိစစ်ထုတ်ပေးရာတွင် အရေးပါသည့် ကုန်ပစ္စည်းအမျိုးအမည် (Description)၊ ကုန်ပစ္စည်းအမျိုးအမည် အသေးစိတ် (Additional Description)၊ ဈေးနှုန်း (Price) စသည်တို့ကို သတ်မှတ် Criteria နှင့် ကိုက်ညီမှု ရှိ/မရှိစိစစ်၍ လိုင်စင်ခွင့်ပြုပေးသွားမည်ဖြစ်သည်။
ဒုတိယအဆင့်အနေဖြင့် သွင်းကုန်ပစ္စည်းများအတွက် ခွဲတမ်း (Quota) လျှောက်ထားခြင်း  လုပ်ငန်းများကို  ရုံးသို့ လူကိုယ်တိုင် လာရောက်ရန်မလိုဘဲ Tradenet 2.0 စနစ်မှ လျှောက်ထားနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်သည်။ သက်ဆိုင်ရာကုမ္ပဏီအလိုက် ခွင့်ပြုချက်ရရှိသည့် Quota အရေအတွက်နှင့် လိုင်စင်လျှောက်ထားမှုကို စနစ်မှ အလိုအလျောက်စစ်ဆေးပြီး ခွင့်ပြုလက်ကျန် စိစစ်ထုတ်ပေးနိုင်သည့် အဆင့်ထိ ဆောင်ရွက်ပေးသွားမှာဖြစ်သည်။
ယခုလိုဆောင်ရွက်ရာမှ စနစ်မှ အလိုအလျောက် စိစစ်ထုတ်ပေးမည့် ကုန်ပစ္စည်းများ (Automatic လိုင်စင်လျှောက်ထားမှု)နှင့် ဌာနမှ စိစစ်ထုတ်ပေးမည့် ကုန်ပစ္စည်းများ (Non-Automatics လိုင်စင် လျှောက်ထားမှု)များအဖြစ် ခွဲခြားခွင့်ပြုပေးမည် ဖြစ်ပါသည်။ ကုန်ပစ္စည်း HS Code များကိုလည်း လက်ရှိအသုံးပြုနေသည့် AHTN (ASEAN Harmonized Tariff Nomenclature) 2017 Version မှ AHTN 2022 Version  သို့ ၂၀၂၃ ခုနှစ် ဧပြီ  ၁ ရက်မှစ၍ ပြောင်းလဲ အသုံးပြုသွားမည်ဖြစ်သည်။
Automatic လိုင်စင်လျှောက်ထားမှုအပိုင်းကို စတင်ဆောင်ရွက်ရာမှာ ပို့ကုန်လိုင်စင်ကုန်ပစ္စည်းများနှင့် စတင်ခွင့်ပြုပေးမှာဖြစ်ပြီး လုပ်ငန်းရှင်များဘက်က လျှောက်ထားရာမှာ အောက်ပါအတိုင်း အဆင့်ငါးဆင့်ဖြင့် ဆောင်ရွက်ရပါမည်-
(၁)    ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်၏ အချက်အလက်များ မှန်ကန်မှု ရှိ/မရှိ စစ်ဆေးရမည်၊
(၂)    လျှောက်ထားမည့်ကုန်ပစ္စည်း (HS 10 Digit) သည် Automatic (or) Non-Automatic ရွေးချယ်ရပါမည်၊ (Automatic, Non-Automatic HS သတ်မှတ်မှုများကို စနစ်၏ Search HS Code တွင် ကြိုတင်ကြည့်ရှုနိုင်သည်)
(၃)   လျှောက်ထားလိုသည့် HS Code(10 Digits) ရွေးချယ်သည် နှင့် ၎င်း HS Code နှင့် သက်ဆိုင်သည့် Description ကို တွေ့ရှိရမည်ဖြစ်သည်။ ကုန်ပစ္စည်းအမျိုးအမည် အသေးစိတ် ထည့်သွင်းရန်အတွက် Additional Description တွင် လျှောက်ထားမည့် ကုန်ပစ္စည်းအမျိုးအမည်များကို ရွေးချယ်ရမှာဖြစ်ပါသည်။ (အကယ်၍ လျှောက်ထားလိုသော ကုန်ပစ္စည်း အမျိုးအမည်များ ပါဝင်ခြင်းမရှိပါက Request HS Additional Description ဖြင့် ဌာနသို့ ပေးပို့ရမည်။ ဌာနမှ အဆိုပါကုန်ပစ္စည်းအား စိစစ်၍ စနစ်အတွင်း ထပ်မံထည့်သွင်းပေးမည်ဖြစ်သည်)။ Unit နှင့် ပတ်သက်၍ လျှောက်ထားသူသည် Unit ကိုရွေးချယ်ရန်မလိုဘဲ လျှောက်ထားသည့် HS 10 Digits တွင် သတ်မှတ်ထားသော Unit ဖြင့်သာ လျှောက်ထားရပါမည်။ ဈေးနှုန်းထည့်သွင်းရာတွင်လည်း စနစ်မှသတ်မှတ်ထားသည့် ဈေးနှုန်းအောက်သို့ လျှော့၍  လျှောက်ထားပါက စနစ်မှသတိပေးချက် (Alert) ဖော်ပြမည်ဖြစ်ပြီး ကျန်ရှိသည့် Step များကို ဆက်လက်သွား၍ ရမည်မဟုတ်ပါ။
(၄)   ဌာနသို့တင်ပြရသော အထောက်အထား စာရွက်စာတမ်းများ အနက် Automaitc License များအတွက် ကုန်ပို့လွှာ (Proforma Invoice) တစ်ခုသာလျှင် ထည့်သွင်းရမည်။ (သက်ဆိုင်ရာဌာန များ၏ လိုင်စင်ဆိုင်ရာထောက်ခံချက် (OGA Reference No) ထည့်သွင်းပေးရန် မလိုပါ)
(၅) လိုင်စင်အကြမ်းအဆင့်သို့ ရောက်ရှိပြီး အချက်အလက်များကို ထပ်မံစစ်ဆေးကာ (Re-Check) ပြည့်စုံပါက တင်ပြခြင်း (Submit) ပြုလုပ်ရမည်ဖြစ်ပါသည်။ အဆိုပါ လိုင်စင် အချက်အလက်များအား စနစ်မှ အလိုအလျောက်စိစစ်ပြီး ခွင့်ပြုချက် (Approve) ရရှိမည်ဖြစ်ကာ Online Payment စနစ်ဖြင့် ငွေပေးချေ၍ လိုင်စင်ထုတ်ယူနိုင်မည်ဖြစ်ပါသည်။ (ကျန်လုပ်ငန်းစဉ်များမှာ ယခင်အတိုင်း ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါသည်)
Automatic စနစ်ဖြင့် ဆောင်ရွက်ထားသော လိုင်စင်နှင့် ပတ်သက်၍ ပြင်ဆင် (Amendment) ခြင်း၊ ပြင်ဆင်ပိတ်သိမ်း သို့မဟုတ် အမှန်တင်ပြင်ဆင် (Actual Amendment) ခြင်းနှင့် အပ်နှံ/ပိတ်သိမ်း (Cancel) ခြင်းတို့ကိုလည်း စနစ်မှအလိုအလျောက် (Auto) ခွင့်ပြုပါမည်။ Automatic စနစ်ဖြင့် ခွင့်ပြုထားသည့် လိုင်စင်များ၏ သက် တမ်းကို သုံးလသတ်မှတ်ထားသည်။
Tradenet 2.0 စနစ်မှ Automatic စနစ်ဖြင့်  ရရှိထားသော ပင်လယ်ရေကြောင်း/နယ်စပ်ပို့ကုန် လိုင်စင်များအနက် နယ်စပ်ပို့ကုန်လိုင်စင်ပါမစ်များနှင့်ပတ်သက်၍ Vehicle Monitoring System  ၌  QR Code ပါဝင်သည့် ကုန်ပစ္စည်း သယ်ဆောင်ခွင့်လက်မှတ်အား Online မှ လျှောက်ထားထုတ်ယူနိုင်ပါသည်။  နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းတစ်လျှောက်ရှိ သက်ဆိုင်ရာဂိတ်အသီးသီးသို့ ရောက်ရှိ ပါက မိမိ၏ကုန်ပစ္စည်းသယ်ဆောင်ခွင့် လက်မှတ်အား စစ်ဆေးရေး တာဝန်ခံ (Inspector) ထံသို့  တင်ပြရမည်ဖြစ်သည်။ စစ်ဆေးရေး တာဝန်ခံအနေဖြင့် QR Code ပါဝင်သည့် ကုန်ပစ္စည်းသယ်ဆောင်ခွင့်လက်မှတ်ကို Tracking Mobile App အသုံးပြု၍ အချက်အလက် များကို တိုက်ဆိုင်စစ်ဆေး၍ ပို့ကုန်ယာဉ်များအား ဖြတ်သန်းခွင့်ပြု သွားမည်ဖြစ်သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကုန်သည်လုပ်ငန်းရှင်များအတွက် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူ မြန်ဆန်စွာ ဆောင်ရွက်နိုင်စေရေးအတွက် ယခုလို ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပြီး အွန်လိုင်းမှ လုပ်ငန်းစဉ်များ အပြည့်အဝ ဆောင်ရွက်နိုင်ခြင်း၊ ဌာနမှစိစစ်ရသည့်  ကိစ္စရပ်များ ကိုလည်း ဝန်ထမ်းမှစိစစ်ရန်မလိုဘဲ စနစ်မှအလို အလျောက်စိစစ် ပေးနိုင်မှာဖြစ်သဖြင့် ကုန်သွယ်မှုလုပ်ငန်းစဉ်များ ပိုမိုလျင်မြန်ချောမွေ့စေမည်ဖြစ်သည်။
ကုန်သည်လုပ်ငန်းရှင်များဘက်ကလည်း သတိပြုလိုက်နာ ဆောင်ရွက်ရမည့် စည်းကမ်းချက်များကို အပြည့်အဝ လိုက်နာဆောင်ရွက်ဖို့လည်း လိုအပ်မည်ဖြစ်သည်။ ဥပမာအားဖြင့် ယခင်က ကုန်သည်လုပ်ငန်းရှင်များ ဖြည့်သွင်းထားသည့် အချက်အလက်များတွင် လိုအပ်ချက်၊ မှားယွင်းမှုများရှိပါက ဌာနဝန်ထမ်းများဘက်က စိစစ်ပြီး ပြန်လည်ပြင်ဆင် တင်ပြနိုင်သော်လည်း ယခုအခါတွင် စနစ်မှ စစ်ဆေးခြင်းဖြစ်သည့်အတွက် လုပ်ငန်းရှင်များဘက်က အချက် အလက် ပြည့်စုံမှန်ကန်အောင်‌ ဖြည့်သွင်းဆောင်ရွက်ရန် လိုအပ်မည် ဖြစ်သည်။
ထို့ပြင် ခွင့်ပြုသည့် လိုင်စင်များကိုလည်း စနစ်အတွင်းမှ အချိန်မီ ထုတ်ယူရန်လည်း လိုအပ်မည်ဖြစ်သည်။  ပို့ကုန်သွင်းကုန် လိုင်စင်/ပါမစ်  လျှောက်ထားမှုများနှင့်ပတ်သက်၍  သတ်မှတ်ရက် အတွင်း (ဌာနမှခွင့်ပြုပြီး  ခုနစ်ရက်အတွင်း) ထုတ်ယူခြင်းမပြုပါက အောက်ပါအတိုင်း   ဒဏ်ကြေးကောက်ခံသွားမည်ဖြစ်ပြီး  ပို့ကုန် သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာအမှတ်စဉ် (၅/၂၀၂၃)ဖြင့် လည်း ထုတ်ပြန်အသိပေးခဲ့ပြီးဖြစ်သည်-
(က)    ၇ ရက်မှ ၁၄ ရက်အတွင်း             - ၄၅၀ဝ၀  ကျပ်
(ခ )    ၁၅ ရက်မှ ၃၀ ရက်အတွင်း           - ၉၀ဝ၀ဝ  ကျပ်
(ဂ )    ဒုတိယ(၁)လအတွက် (ရက် ၃၀)    - ၁၈၀ဝ၀ဝ ကျပ်
(ဃ)    တတိယ(၁)လအတွက် (ရက် ၃၀)  - ၃၆၀ဝ၀ဝ ကျပ်
ရက် ၉၀ ကျော်လွန်သည့် လိုင်စင်/ပါမစ်များကို စနစ်မှ အလိုအလျောက်ပယ်ဖျက် (Auto Cancel) ဆောင်ရွက်သွားပါမည်။ ထိုသို့ Auto Cancel ဖြစ်စဉ်ကို သုံးလအတွင်း ငါးကြိမ်ဖြစ်ပါက ယင်းကုမ္ပဏီ၏ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင် လက်မှတ်အား ခြောက်လ ယာယီရပ်ဆိုင်းသွားမည်ဖြစ်သည်။
သွင်းကုန်ပိုင်းတွင် ပလတ်စတစ်စေ့/ကော်စေ့၊ ပလတ်စတစ် ကုန်ကြမ်း၊ စားသောက်ကုန်နှင့် သံ/သံမဏိ စသည့် ကုန်ပစ္စည်း အုပ်စုများအား ခွဲတမ်း (Quota) သတ်မှတ်ခြင်းလုပ်ငန်းများကို ၂၀၂၃ ခုနှစ်၊ မေလအတွင်း Tradenet 2.0 စနစ်တွင် ဆောင်ရွက်သွားမှာ ဖြစ်သည့်အတွက် အဆိုပါလုပ်ငန်းများနှင့်ပတ်သက်၍ ကုန်သည် လုပ်ငန်းရှင်များ သိသင့်သိထိုက်သော အချက်အလက်များကို ဆက်လက်ဖော်ပြပါမည်။

ရည်ရည်မွန် (နည်းပညာ)