Main menu

Background

ချစ်သောသနပ်ခါး ကမ္ဘာတစ်လွှား ကျော်ကြားသင်းပျံ့မွှေးပါစေ

Tue, 05/09/2023 - 15:51 -- journal_editor

မြန်မာ့သနပ်ခါးသည် မြန်မာတစ်မျိုးသားလုံးနှင့် သက်ဆိုင်သော ရိုးရာယဉ်ကျေးမှု  အမွေအနှစ်တစ်ခုပင်ဖြစ်သည်။ မြန်မာ့သနပ်ခါးသည် အပူပိုင်းဒေသ၏ ရတနာတစ်ပါးဖြစ်၏။ မြန်မာတစ် နိုင်ငံလုံးတွင် သနပ်ခါးစိုက်ပျိုးမှု ဧရိယာ သုံးသိန်းမှ လေးသိန်းကြား ရှိသောကြောင့်   အပူပိုင်းဒေသ၏ စိမ်းလန်းစိုပြည်ရေးကိုလည်း တစ်ဖက်တစ်လမ်းမှ များစွာအထောက်အကူပြုလျက်ရှိသည်။
မြန်မာ့သနပ်ခါးအသင်းကြီးကို ၁၁.၁၀.၂၀၁၇ ရက်နေ့က စတင်ဖွဲ့စည်း တည်ထောင်နိုင်ခဲ့သည်။ မြန်မာ့သနပ်ခါးကို တန်ဖိုး ထားသည့်အနေဖြင့် တပို့တွဲလပြည့်နေ့ကို မြန်မာ့သနပ်ခါးနေ့အဖြစ် မြန်မာနိုင်ငံသနပ်ခါးအသင်းကြီးက ကြီးမှူးကာ သတ်မှတ်ပေးခဲ့ကြ သည်။
သနပ်ခါးပင်များကို  မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသ ကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး စသည်တို့တွင် စိုက်ပျိုးပေါက်ရောက်ပြီး အရာတော်၊ ပခုက္ကူ၊ ရေစကြို၊ ပေါက်၊ မြိုင် စသည့် ငါးမြို့နယ်တွင် အများဆုံးတွေ့ရတတ်ကာ  မြင်းခြံ၊ ပြည်၊ ရွှေဘို၊ စစ်ကိုင်း၊ နွားထိုးကြီး၊ တောင်သာ စသည့် အပူပိုင်းဒေသများ တွင်လည်း သနပ်ခါးကို စီးပွားဖြစ် စိုက်ပျိုးကြသည်။
နံ့သာဆယ်ပါးထဲတွင် တစ်ပါးအပါအဝင်ဖြစ်သော သနပ်ခါး သည် ရှောက်မျိုးရင်းဖြစ်သည်။ မြန်မာပြည်အထက်ပိုင်းရှိ ရွက်ပြတ် တောခြောက်များတွင်လည်း သနပ်ခါးပင်များ တွေ့ရတတ်သည်။  သနပ်ခါးပင်သည်  ပင်လတ်မျိုးဖြစ်သည်။ အမြင့်နှစ်ပေမှ ပေ ၃၀ အထိမြင့်သည်။ ပင်စည်၏ အကိုင်းအခက်သည် လက်မဝက်မှ တစ် လက်မအထိရှည်သော ချွန်ထက်မာကျောသည့် ဆူးများရှိကြသည်။ သနပ်ခါးမှာ အဖိုပင်၊ အမပင်ဟူ၍ နှစ်မျိုးရှိပြီး အဖိုပင်က အသီး အပွင့်မဖြစ်ထွန်းဘဲ အမပင်က အသီးအပွင့် ဖြစ်ထွန်းသည်။ အမပင် သည် အပွေးစောင်းများကြွတက်၍ မာကျောပြီး အဆင်းရနံ့မှာလည်း အဖိုပင်ထက် ပိုမိုကောင်းသည်။ အရွက်ပုံသဏ္ဌာန်မှာ ရွက်ပေါင်းဖြစ် ပြီး ရွက်လွှဲထွက်သည်။ အလျား ၃-၅လက်မထိရှည်ပြီး ရွက်ညှာမှာ အတောင်ပါသည်။ ရွက်မြွှာ ၂-၃စုံထိရှိပြီး ထိပ်ရွက်တစ်ရွက် ပါရှိ သည်။ ရွက်ပြားပြောင်ချောပြီး တောင့်တင်းမာကျော၍ အစိမ်းရင့် ရောင်ရှိသည်။ အပင်နုစဉ်က အပွေးမဲ့ပြီးအပင်ရင့်လာပါက ပွေးထူ လာသည်။ သနပ်ခါးပန်းပွင့်သည် သေးငယ်ပြီး အဝါနုရောင်ရှိသည်။ တန်ခူး၊ ကဆုန်လများတွင် အဆုပ် လိုက်ပွင့်တတ်သည်။ သနပ်ခါး အသီးမှာ ချဉ်သောအရသာရှိပြီး အပြွတ်လိုက်သီးသည်။ အစေ့သည် အဝါနုရောင် ပျော့ပျော့ဖြစ်ပြီး အရွယ်အစားမှာ ငရုတ်ကောင်းစေ့ ခန့်ဖြစ်သည်။ ဝါခေါင်၊ တော်သလင်းလမှာ အသီးမှည့်တတ်သည်။ သနပ်ခါးအမြစ်က ရေသောက်မြစ် ရှည်လျားသည်။ ဘေးမြစ်များ လည်း ရှည်လျားပြီး ဘေးသို့ဖြန့်ထွက်တတ်သည်။ အပွေးအခေါက်များ ရှိပြီး ပင်စည်ထက် အရောင်ပိုဝါသည်။
သနပ်ခါးပင်သည် မြေနီဆန်သော ဂဝံဆန်မြေ၊ ကျောက်စရစ် ရောနှော မြေ၊ ဖွတ်ချေးမြေ၊ သဲနုန်းမြေများတွင် အပင်ဖြစ်ထွန်းမှုမြန် ဆန်သည်။  သနပ်ခါးပင်သည်  မြေကောင်းမလို၊ ရေကိုမတ၊ မြေနီ ကျောက်သား မြေပတ်ကြားမှာပင် ရှင်သန်နိုင်စွမ်းရှိသော အပင်မျိုး ဖြစ်သည်။ ကျောက်စရစ် ကုန်းမြေတွင် နွေရာသီ၏အပူဒဏ် မည်သို့ ပင် ထန်စေကာမူ ကြံ့ကြံ့ခံ  ရှင်သန်နိုင်စွမ်းရှိသည်။ အပင်ပျိုးသက် သုံးလခွဲအရွယ်တွင် ပျိုးပင်အရွယ် ၁၀ လက်မခန့် ရှိလာပါက စိုက် ခင်းထဲကို ပြောင်းရွှေ့စိုက်ပျိုးရန် အသင့်တော်ဆုံး အရွယ်ဖြစ်ပြီး စိုက် ပျိုးပြီး သနပ်ခါးပင်များကို တစ်နှစ်လျှင်နှစ်ကြိမ် ပေါင်းသင်၊ မြေဆွေး၊ သဘာဝမြေသြဇာ ကျွေးမွေးခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်းများ ပြုလုပ် ပေးပါက အပင်အသက် ၇-၈နှစ်ခန့်တွင် ရောင်းတန်းဝင်ဖြစ်လာ။ မပြုမပြင်ဘဲထားပါက အပင်အသက် ၁၀နှစ်ကျော်မှ ရောင်းတန်းဝင် သည်။ သနပ်ခါးပင်များ အပွေးတက်၍ ပထမအကြိမ် ခုတ်ရောင်းပြီး သားအပင်မှ နှစ်ပင်မှ လေးပင်အထိ ပွားများလာပြီး ၎င်းအပင် ခြောက် နှစ်ကြာမှ ဒုတိယအကြိမ် ခုတ်ရောင်းနိုင်သည်။ သနပ်ခါးပင်တန်ဖိုးသည် သူ၏ အပွေးအခေါက်ဖြစ်သည်။ ရေစကြိုမြို့က ရှင်မတောင် သနပ်ခါးသည် ထိုဒေသ၏ ရေမြေသဘာဝ ထူးခြားချက်များ ကြောင့် အခြားနယ်ထွက် သနပ်ခါးများထက် ပြောစမှတ်ပြုလောက်အောင် အပွေးညို၍ အမွှေးပိုလေ့ရှိသည်။
၂၀၁၀ ပြည့်နှစ်တွင် ထိုင်းနိုင်ငံရှိ သုတေသီများက သနပ်ခါး အခေါက်တွင်ပါရှိသော ဓာတ်ပစ္စည်းများကို အသေးစိတ် လေ့လာခဲ့ကြရာ သနပ်ခါးမှာ အင်တီအောက်ဆီဒင့်(ခေါ်) ခန္ဓာကိုယ် အကျိုးပြု  ဓာတ်တိုးဆန့်ကျင် ပစ္စည်းတစ်မျိုး ပါရှိနေသည့်အပြင် အသားအရေ ရောင်ရမ်းခြင်းကို သက်သာစေသည့် ဓာတ်ပစ္စည်းများ၊ ဘက်တီးရီးယားများကိုသေစေသော ဓာတ်များနှင့် အရေပြားအရောင်ကို အပြောင်းအလဲဖြစ်စေသော ဟော်မုန်းထွက်ရှိမှုကို ဟန့်တားပေး နိုင်သည့် ဓာတ်ပစ္စည်းများလည်း သဘာဝအလျောက် ပါရှိနေကြောင်း လေ့လာတွေ့ရှိခဲ့ကြသည်။ မြန်မာအမျိုးသမီးများ၏ ကျက်သရေရှိသော အလှတရားများကို ပံ့ပိုးပေးနေသည့်အရာမှာ မြန်မာ့သနပ်ခါး ပင်ဖြစ်သည်။ ကမ္ဘာတွင် အိန္ဒိယမျက်လုံး၊ ထိုင်းအပြုံးနဲ့ မြန်မာအသားအရေဟူ၍ တင်စားခံရသော အဆိုစကားမျိုးလည်းရှိဖူးသည်။
မြန်မာ့ရိုးရာသနပ်ခါးသည် ဓာတ်မတည့်သူ မရှိသလောက် ရှားပါးသည်။ မြန်မာနိုင်ငံ သနပ်ခါးအသင်းကြီးက မြန်မာ့သနပ်ခါးကို ပြည်ပဈေးကွက်သို့ထိုးဖောက်ကာ နိုင်ငံခြားငွေ  ရရှိလာနိုင်ရေး နိုင်ငံတကာအသိအမှတ်ပြု SOP ထောက်ခံချက်များ ရရှိရန်အတွက် ဆွစ်ဇာလန်နိုင်ငံ Helvetas မြန်မာ NGO အဖွဲ့တို့နှင့် ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိသည်။ ၂၀၁၉ခုနှစ်၊ ဇူလိုင်လတွင် ပြုလုပ်ခဲ့သော သဘာဝထုတ်ကုန်များ ကုန်စည်ပြပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွင် ကျင်းပပြုလုပ်ခဲ့ပြီး ၎င်းပြပွဲ၌ မြန်မာ့သနပ်ခါးကို ပထမဆုံး အကြိမ် ပြသခဲ့ကြောင်း၊ ပြပွဲတွင် မြန်မာ့သနပ်ခါးအမှုန့် (နမူနာ)များ ကို ထိုင်းနိုင်ငံ SPA လုပ်ငန်းရှင်များက ဝယ်ယူခဲ့ကြကြောင်း၊ ထိုင်းနိုင်ငံ၏ SPA ဝန်ဆောင်မှုလုပ်ငန်းများတွင် ကမ္ဘာလှည့်ခရီးသည် များကို သဘာဝသနပ်ခါးအမှုန့်ဖြင့် အသားအရေ ထိန်းသိမ်းခြင်း (Beauty SPA) များ ပြုလုပ်ပေးကြကြောင်း သိရှိရသည်။ ထိုင်းအလှ ကုန်ဈေးကွက်မှတစ်ဆင့် ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်နိုင်ရန် အားယူနေပြီလည်းဖြစ်သည်။
ယနေ့အလှကုန်ပစ္စည်းများသည် Mercury, Hydroquinon, Betame, Thason, Valerate စသည့် တားမြစ်ဓာတုဆေးဝါးများဖြင့် ပြုပြင်ဖော်စပ်ထားသည်ကများသည်။ နည်းပညာသာ နောက်မကျ ပါက ယနေ့ကမ္ဘာ့နောက်ဆုံးပေါ် အလှကုန်ပစ္စည်းအားလုံးကို မြန်မာ့ သနပ်ခါးဖြင့် ယှဉ်ပြိုင်အနိုင်ယူနိုင်စွမ်းရှိသည်။ မြန်မာနိုင်ငံတွင် ပေါက်ရောက်သည့် ဆေးဖက်ဝင်သနပ်ခါးကို ပိုမိုတိုးချဲ့ စိုက်ပျိုးပြီး ခေတ်မီအလှကုန်ပစ္စည်းများ၊ ဆေးဝါးများအဖြစ်သို့ ဖန်တီး၍ နိုင်ငံ တကာ ဈေးကွက်သို့ တင်ပို့နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သင့် သည်။ မြန်မာသနပ်ခါးသည် အရွက်၊ အသီး၊ ပင်စည်၊ အမြစ်(ပဉ္စ ငါးပါး) အားလုံးအသုံးပြုနိုင်သည်။ အပူနာ၊ အအေးနာ နှစ်မျိုးစလုံး အတွက်သင့်လျော်သော အပင်ဖြစ်သည်။ ဆေးဖက်ဝင်အပင်တစ်မျိုး ဖြစ်သည်မို့ ဈေးကွက်လည်း ထွင်သင့်သည်။
မြန်မာ့သနပ်ခါးကို Myanmar Traditional Make -Up အဖြစ် ကမ္ဘာက လက်ခံထားကြသည်။ "ကမ္ဘာမှာမြန်မာ မြန်မာမှာအညာ အညာမြေမှာ သူမွေးဖွားခဲ့ အမှတ်အသားတစ်ခုလည်းဖြစ်ရဲ့ ပျိုမေတို့  ပါးပြင်ထက်က  မြန်မာ့ရိုးရာ သနပ်ခါး" ဟူသော ဆရာဆဏ်းဝင်းအောင် ရေးသားသော ကဗျာကဲ့သို့ပင် သနပ်ခါးနှင့်မြန်မာ၊ မြန်မာနှင့်သနပ်ခါးသည် ခွဲခြား၍ ရမည်မထင်ပါ။  ထွက်ရှိရာဒေသကို အခြေမခံဘဲ သနပ်ခါးဟုဆိုလိုက်လျှင်ပင် မြန်မာဆိုတာ ထင်ရှား သကဲ့သို့ နိုင်ငံတကာကပင် သနပ်ခါးကို အလှကုန်ပစ္စည်းတစ်ခုအဖြစ် ယခုမျက်မှောက်ခေတ်တွင် အသိအမှတ်ပြုလာရပေသည်။ သနပ်ခါး ကို အမွှေးတိုင်အဖြစ်လည်းကောင်း၊ သနပ်ခါးကို ကြိတ်၍ ထုတ်ကုန် ပစ္စည်းအဖြစ် ထုတ်လုပ်ခဲ့ရာ အိမ်နီးချင်းဖြစ်သော တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့သို့ ဈေးကွက်ထိုးဖောက်လျက်ရှိကြောင်း တွေ့ရပြီး ဂျာမနီ၊ ပြင်သစ် စသည့်နိုင်ငံများကိုပါ တင်ပို့နေပြီး သနပ်ခါးမှ အဆီ ထုတ်လုပ်ခြင်းကိုလည်း ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် ထိတွေ့ကိုင်တွယ်၍မရသည့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များစွာ ရှိသော်လည်း ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခံထားရခြင်း မရှိသေးသည့်အတွက် လွန်ခဲ့သည့် နှစ် တစ်ထောင်ကျော် ကာလကတည်းက ရိုးရာယဉ်ကျေးမှုဓလေ့အဖြစ် လိမ်းချယ်ခဲ့ကြပြီး ယနေ့တိုင် ဆက်လက်ရှင်သန်နေသည့်အပြင် တစ်မျိုးသားလုံး၏ ယဉ်ကျေးမှုလက္ခဏာအဖြစ် ကိုယ်စားပြုဖြစ်သော မြန်မာ့သနပ်ခါးကို UNESCO မှ ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ခဲ့သည့် စံနှုန်း(၅)ချက်နှင့် လည်း ကိုက်ညီမှုရှိနေသဖြင့် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု စာရင်းဝင်အဖြစ်  သတ်မှတ်နိုင်ရေးအတွက် အမည်စာရင်း တင်သွင်းနိုင်ရန်လည်း ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ စတင်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရ သည်။  
သနပ်ခါး စစ်မှန်ရေး၊ သန့်ရှင်းရေး၊ ဓာတ်မြေသြဇာ သုံးစွဲမှု နည်းပါးရေးနှင့် နှစ်ကာလသက်တမ်းပြည့်ရန် လိုအပ်သည်မှာလည်း မလွဲပင်ဖြစ်သည်။ သနပ်ခါးကို မသုံးစွဲဖူးသူများအတွက် အန္တရာယ် ကင်းရှင်းကြောင်းနှင့်  မည်သည့်ဓာတ်ပစ္စည်းပါဝင်ကြောင်း ဦးစွာ မိတ်ဆက်ပေးရမည်။  
မြန်မာ့သနပ်ခါးဈေးကွက် ဦးမော့လာစေရန်အတွက် သနပ်ခါး စိုက်ပျိုးသော  တောင်သူများအနေဖြင့်လည်း သနပ်ခါးကို သဘာဝ နည်းဖြင့် စိုက်ပျိုးထုတ်လုပ်ရန် လိုအပ်ပါသည်။ သနပ်ခါးဈေးကွက် ရေရှည်တည်တံ့ ကောင်းမွန်စေရန် စဉ်းစားသင့်သည်။ သဘာဝနည်း စနစ်ဖြင့် ထုတ်လုပ်ထားသော သနပ်ခါးပင်များကို ခေတ်မီတိုးတက် သော နည်းပညာများ လေ့လာဆည်းပူး၍ နိုင်ငံတကာအဆင့်မီ အလှ ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်အောင် ကြိုးစားရန် လိုအပ်လျက်ရှိ သည်။  ကုန်ကြမ်းပစ္စည်း၏ အရည်အသွေးမှာ အဆင့်မြင့်သဖြင့် ခေတ်မီနည်းပညာနှင့် ပေါင်းစပ်ပါက မြန်မာ့သနပ်ခါးသည် မြန်မာ ပြည်တွင်သာမက ကမ္ဘာကိုပင် လွှမ်းခြုံလာနိုင်လိမ့်မည်ဖြစ်သည်။
မြန်မာပြည်သည် သနပ်ခါးပင်ပေါက်ရင်း တိုင်းပြည်ဖြစ်သည် ဟု ဆိုရမည်ဖြစ်သကဲ့သို့ မြန်မာ့သနပ်ခါးသည် မြန်မာတစ်မျိုးသားလုံးပိုင်ဆိုင်သော သယံဇာတစစ်စစ်ဖြစ်သည်။ မြန်မာ့ရတနာတစ်ပါး ဖြစ်သော မြန်မာ့သနပ်ခါး စည်ပင်ဖွံ့ဖြိုးပြီး ကမ္ဘာ့အလယ် ဝင့်ထည် လာစေရန် ပညာရှင်များ၊ စိတ်ဝင်စားသူများ စုပေါင်းညှိနှိုင်း၍ တက် ြွကစွာ ထိထိရောက်ရောက် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပေ သည်။
မြန်မာ့သနပ်ခါး ကမ္ဘာ့အနှံ့အပြား ကျော်ကြား မွှေးပျံ့စေလိုသည်။ မြန်မာ့သနပ်ခါး၏ ဂုဏ်၊ ကျက်သရေ၊ သဘာဝ အလှတရားတို့ကို မြန်မာလူမျိုးတိုင်းက အလေးအနက် တန်ဖိုးထားခြင်းဖြင့် ပြည်ပစီးပွားရေးဈေးကွက်တွင် ရနံ့သင်းသော မြန်မာ့သနပ်ခါး၏ပုံရိပ် ထာဝရပေါ်လွင်နေမည်မှာ မလွဲဧကန်ပင်ဖြစ်ကြောင်း ရေးသား တင်ပြအပ်ပါသည်။

ဆုလပြည့်ဝင်း (မကွေး)