မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသော နိုင်ငံဖြစ်သည်နှင့်အညီ ဆန်၊ ပဲ၊ ပြောင်းစသည့် လယ်ယာထွက်ကုန် များကို နှစ်စဉ် ပြည်ပသို့ တင်ပို့နေပြီး လွန်ခဲ့သောနှစ်အနည်းငယ်မှစတင်ကာ မြန်မာ့လယ်ယာထွက်ကုန်ကဏ္ဍတွင် ထူးခြားသော ပြောင်းလဲမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။ ယင်းမှာ အခြားမဟုတ် ရှမ်းကုန်းပြင်မြင့်နှင့် ကချင်တောင်တန်းများပေါ်မှ ထွက်ရှိလာသည့်''မြန်မာ့အထူးတန်းဝင်ကော်ဖီ"ပင် ဖြစ်သည်။
ယခင်က မြန်မာ့ကော်ဖီဟုဆိုလျှင် ပြည်ပဈေးကွက်တွင် အသိအမှတ်ပြုမှု နည်းပါးခဲ့ပြီး သာမန်အဆင့်အဖြစ်သာ ရောင်းချခဲ့ရသည်။ သို့သော် ယနေ့ခေတ်တွင် နည်းပညာ၊ စနစ်တကျ စိုက်ပျိုးထုတ်လုပ်မှုနှင့်တန်ဖိုးမြှင့်(Value- Added) ကုန်ချောထုတ်လုပ်မှုဗျူဟာများကြောင့် မြန်မာ့ကော်ဖီသည် အမေရိကန်၊ ဥရောပ၊ ဂျပန်နှင့်တောင်ကိုရီးယား စသည့် ကမ္ဘာ့အဆင့်မြင့်ဈေးကွက်ကြီးများ၏ ဖန်ခွက်ထဲထိ ထိုးဖောက်ဝင်ရောက်ကာ နိုင်ငံခြားဝင်ငွေရှာဖွေပေးနေသည့် အလားအလာအကောင်းဆုံး ပို့ကုန်တစ်ခု ဖြစ်လာခဲ့သည်။
ကော်ဖီလောကတွင် သာမန်သောက်နေကျ ကော်ဖီ နှင့်အထူးတန်းဝင်ကော်ဖီကို ခွဲခြားရာတွင် အနံ့နှင့် အရသာကို အမှတ်ပေးသည့်စနစ်ကိုအသုံးပြုသည်။ ကမ္ဘာ့ကော်ဖီအသင်း ( Speciality Coffee Association -SCA)၏သတ်မှတ် ချက်အရ ကော်ဖီကျွမ်းကျင်သူ(Q Grader) များက အရသာမြည်းစမ်းစစ်ဆေးပြီး ရမှတ် ၈၀ နှင့်အထက်ရရှိသော ကော်ဖီကိုသာSpeciality Coffee ဟု တရားဝင် ခေါ်ခွင့်ရှိသည်။ မြန်မာနိုင်ငံ၏ ရွာငံ၊ ပြင်ဦးလွင်နှင့် မိုးကုတ်ဒေသတို့မှထွက်ရှိသော ကော်ဖီစေ့အချို့သည် ကမ္ဘာ့ဈေးကွက်တွင် ရမှတ် ၈၅ မှတ်မှ ၈၇ မှတ်အထိ စံချိန်တင်ရရှိခဲ့ကြသည်။
ယင်းအမှတ်သည် ကမ္ဘာ့အဆင့်မီ ထိပ်တန်းကော်ဖီများ ၏ စာရင်းတွင် ပါဝင်နေခြင်းဖြစ်ပြီး မြန်မာ့မြေဆီလွှာ၊ ရာသီဥတုနှင့် အပင်ပြုစုပုံတို့သည် ကမ္ဘာ့အဆင့်မီကြောင်း သက်သေပြနေခြင်းဖြစ်သည်။ လယ်ယာထွက်ကုန်တစ်ခုကို တန်ဖိုး မြှင့်ထုတ်ကုန်အဖြစ် ပြောင်းလဲရာတွင် အဆင့်တိုင်း၌ အသေးစိတ်ဂရုစိုက်မှုနှင့် နည်းပညာလိုအပ်သည်။ မြန်မာ့ကော်ဖီလုပ်ငန်းရှင်များနှင့် တောင်သူများသည် အဆင့်မြှင့်တင်မှုများ ပြုလုပ်လျက်ရှိကြသည်။
(က) ခူးဆွတ်မှုအပိုင်း (Selective Picking)
ရိုးရာစနစ်တွင် ကော်ဖီပင်မှ အသီးများကို အစိမ်းအမှည့်မရွေး တစ်ပြိုင်နက် ခြွေချလေ့ရှိသဖြင့် အရည်အသွေး ညံ့ဖျင်းတတ်သည်။ ယခုအခါ တန်ဖိုးမြှင့်ထုတ်လုပ်ရန်အတွက် အနီရောင်ရင့်ရင့် အမှည့်လွန်အနေအထားရှိသော ကော်ဖီ သီး (Coffee Cherry) များကိုသာ လက်ဖြင့်တစ်လုံးချင်း စနစ်တကျ ရွေးချယ်ခူးဆွတ်ကြသည်။
(ခ) နည်းပညာမြင့်အခြောက်ခံခြင်း (Processing Method)
ခူးဆွတ်ပြီးကော်ဖီသီးများကို သာမန်မြေကြီးပေါ်တွင် နေလှန်းခြင်းမျိုးမဟုတ်တော့ဘဲ နည်းစနစ်တကျ အခြောက်ခံ ကြသည်။
- Natural Process: ကော်ဖီသီးကို အခွံအတိုင်း စင် မြင့်များ ပေါ်တွင် ရက်သတ္တပတ်ပေါင်းများစွာ ဂရု တစိုက် နေလှန်းခြင်းဖြင့် အသီး၏အချိုဓာတ်သည် ကော်ဖီစေ့ထဲသို့ စိမ့်ဝင်ကာ သစ်သီးရနံ့ သင်းပျံ့ စေသည်။
- Washed Process: ကော်ဖီခွံကို ခွာ၊ ရေဆေးပြီး နောက် အချဉ်ဖောက်ကာ လှန်းခြင်းဖြစ်သည်။ စင်ကြယ်ပြီး တောက်ပသောအရသာ(Cleam Cup) ကို ရရှိစေသည်။
- Honey Process: အခွံခွာပြီးနောက် အချွဲအနည်း ငယ် ချန်ထားကာ လှန်းခြင်းဖြစ်ပြီး အချိုဓာတ်ကို ပိုမိုအားကောင်းစေသည်။
(ဂ) လှော်ခြင်းနှင့် အချောထည်Brand ဖန်တီးခြင်း (Roast- ing & Packaing)
အစိမ်းရောင်ကော်ဖီစေ့ (Green Bean) အဆင့်အတိုင်းပို့ပါက ဈေးကွက်တစ်ခုသာရသော်လည်း ပြည်တွင်း၌ပင် ကွန်ပျူတာစနစ်သုံးအဆင့်မြင့်ကော်ဖီလှော်စက်(Roster)များဖြင့် လှော်ယူကာ အနံ့နှင့်အရသာ မပျံ့လွင့်နိုင်သော One-way Valve ပါဝင်သည့်Premium ထုပ်ပိုးမှုများဖြင့်Brand အဖြစ် ပြောင်းလဲလိုက်သောအခါ ကုန်ပစ္စည်း ၏တန်ဖိုးသည် သုံးဆမှ ငါးဆအထိ မြင့်တက်သွားရသည်။
မြန်မာ့အထူးတန်းဝင်ကော်ဖီကို ကမ္ဘာ့ကော်ဖီဝယ်ယူသူ (Green Bean Buyers) များက နှစ်စဉ်မျက်စိကျလာကြသည်။ အထူးသဖြင့် အမေရိကန်နိုင်ငံ၏ အထူးတန်းဝင်ကော်ဖီဈေး ကွက် ဗြိတိန်၊ ဂျာမနီ၊ ဂျပန်၊ တောင်ကိုရီးယားနှင့် တရုတ် (တိုင်ပေ) တို့တွင် မြန်မာ့ကော်ဖီသည် နေရာတစ်ခုရရှိထားပြီး ဖြစ်သည်။
ယင်းသည် လယ်ယာစိုက်ပျိုးရေးကဏ္ဍမှနေ၍ နိုင်ငံတော်အတွက် လိုအပ်နေသော နိုင်ငံခြားဝင်ငွေကိုထိရောက်စွာ ရှာဖွေပေးနိုင်သည့်သက်သေတစ်ခုဖြစ်သည်။ အခြားတစ်ဖက်တွင်လည်း ကော်ဖီစက်ရုံများ ရွေးချယ်ထုပ်ပိုးမှုလုပ်ငန်းများကြောင့် ဒေသခံကျေးလက်နေပြည်သူများနှင့် အမျိုးသမီးများအတွက် နေ့စဉ်လုပ်အားခနှင့် အလုပ်အကိုင်အခွင့်အလမ်းများစွာပေါ်ပေါက်လာပြီး လူမှုစီးပွားဘဝကို မြှင့်တင်ပေးနိုင်ခဲ့သည်။ မြန်မာ့ကော်ဖီကဏ္ဍသည် အလားအလာ ကောင်းလှသော်လည်း ရေရှည်တည်တံ့ရန်အတွက် ကျော်ဖြတ်ရမည့် စိန်ခေါ်မှုကြီးများစွာရှိနေသေးသည်။ ကော်ဖီပင်များသည် အပူချိန်အတက်အကျနှင့် ပိုးမွှားဒဏ်ကိုမခံနိုင်ကြပေ။ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ကော်ဖီစိုက်ပျိုးနိုင်သော ကုန်းမြင့်မြေနေရာများ တဖြည်းဖြည်းနည်းပါးလာသည့် စိန်ခေါ်မှုရှိသည်။
မြန်မာ့လယ်ယာထွက်ကုန်များကို ကုန်ကြမ်းအဆင့်မှ ကုန်ချောအဆင့် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြောင်းလဲရာ တွင်ကော်ဖီလုပ်ငန်းသည် စံပြလုပ်ငန်းတစ်ခုဖြစ်သည်။ လက်ရှိရရှိထားသော အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍပူးပေါင်းဆောင်ရွက်မှုသည် အထူးအရေးကြီးသည်။ လုပ်ငန်းရှင်များအတွက် ရင်းနှီးမြှုပ်နှံမှုချေးငွေများ လွယ်ကူစွာရရှိစေခြင်း၊ စိုက်ပျိုးရေးနည်းပညာများ ဖြန့်ဝေပေးခြင်းတို့လုပ်ဆောင်ရန် လိုအပ်သည်။
ခြုံငုံသုံးသပ်ရသော် မြန်မာ့ကော်ဖီသည် သာမန်သောက်စရာသီးနှံတစ်ခုမျှတင်မဟုတ်ဘဲ မြန်မာ့မြေဆီလွှာ၏အဖိုးတန်မှုနှင့် မြန်မာ့စိုက်ပျိုးရေးအခြေခံစီးပွားရေးစနစ်သည် ရေရှည်တည်တံ့ခိုင်မြဲပြီး တောက်ပသောအနာဂတ်ဆီသို့ မလွဲမသွေ ရောက်ရှိသွားမည်ဖြစ်ကြောင်း ရေးသားလိုက်ရသည်။
အေးကဗျာပိုင် (ပဲခူး)
