Main menu

Background

မြန်မာ့သဘာဝရော်ဘာ ဈေးကောင်းရရှိရေး ဘက်စုံကြိုးပမ်းဆောင်ရွက်ပေး

Fri, 07/17/2026 - 13:16 -- journal_editor

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်ပြီး ရော်ဘာစိုက်ဧက ၁ ဒသမ ၆ သန်း ကျော်ရှိရာ အစေးခြစ်ဧက ၁ သန်းခန့်မှ ရော်ဘာတန်ချိန် ၃ သိန်းကျော်နှစ်စဉ်ထွက်ရှိ၍  နှစ်စဉ် မြန်မာ့ ရော်ဘာတင်ပို့ခြင်းမှ အမေရိကန်ဒေါ်လာသန်း ၄၈၀ ဖြင့်  နိုင်ငံခြားဝင်ငွေများစွာရရှိသည့် ကဏ္ဍတစ်ရပ်ဖြစ်သည်။ ရော်ဘာကို မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် အဓိကစိုက်ပျိုးသည်။
ပြည်တွင်းတွင် ရော်ဘာစိုက်ပျိုးရန် သင့်လျော်သည့်ဒေသများရှိခြင်း၊ အရည်အသွေးမီရော်ဘာထုတ်လုပ်နိုင်ရန် စိုက်ပျိုးမှုပုံစံမြှင့်တင်နေခြင်းစသည့် အားသာချက်များရှိသည်။ သို့ရာတွင် ပို့ကုန်သဘာဝရော်ဘာ၏ အားနည်းချက်များဖြစ်သည့် အဆင့်မီအရည်အသွေးမရရှိခြင်း၊ ကုန်ကြမ်းအဖြစ်သာ အများဆုံးတင်ပို့ရခြင်း၊ ထုတ်လုပ်မှုစရိတ်မြင့်မားခြင်း၊ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှု အားနည်း၍တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် တင်ပို့နိုင်မှုနည်းပါးခြင်းကြောင့် ကမ္ဘာ့ပေါက်ဈေးထက်လျော့နည်း ရရှိနေလျက်ရှိသည်။ 
အဓိကတင်ပို့သော ဈေးကွက်မှာ တရုတ်နိုင်ငံဖြစ်ပြီး ဈေးကွက်ဝေစု၏ ၇၅ ရာခိုင်နှုန်းရှိကာ မလေးရှား၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဗီယက်နမ်နှင့် တောင်ကိုရီးယားနိုင်ငံများသို့လည်း တင်ပို့လျက်ရှိသည်။ ၉၀ ရာခိုင်နှုန်းကျော်မှာ မှိုင်းခံရော်ဘာ (Ribbed Smoked Sheet-RSS)နှင့် နည်းပညာသတ်မှတ်ချက်များဖြင့် ထုတ်လုပ်သည့် ရော်ဘာ(Technically Specified Rubber-TSR) ကဲ့သို့ ရော်ဘာကုန်ကြမ်းများ တင်ပို့ခြင်းဖြစ်သည်။ 
ထုတ်လုပ်မှုနည်းစဉ်၊  အဆင့်ခွဲခြားခြင်း၊ အသွင်အပြင်နှင့် အသုံးပြုနိုင်မှုတို့အရRSS ESifh TSR အကြားကွာခြားချက်များ ရှိသည်။  RSS  ထုတ်လုပ်ရာတွင်  အစေးကိုခဲစေပြီး မှိုင်းတိုက် အခြောက်ခံ၍ ကြာရှည်ခံအောင်ပြုလုပ်ရာ  အနံ့နှင့်အရောင်စွဲ၍ ဈေးကောင်းမရဘဲ အဆင့်ခွဲခြားရာတွင် မျက်မြင်ဖြင့် စစ်ဆေးခြင်းဖြင့်သာ ခွဲခြားခြင်းဖြစ်သည်။ အသွင်သဏ္ဌာန်မှာ ဖောက်ထွင်းမြင်နိုင်ပြီး လိုင်းစင်းအရွက်ပြား sheet ပုံစံဖြစ်၍ ယင်းမှ တာရာ၊ ဖိနပ်၊ လက်အိတ်တို့ ထုတ်လုပ်သည်။
TSRတွင်TSR CV, TSR L, TSR 5, TSR10, TSR20 စသည်ဖြင့် အမျိုးမျိုးရှိပြီး ရောင်းဝယ်မှုအများဆုံးမှာTSR20  ဖြစ်သည်။ စက်ရုံတွင် ဘလောက်တုံးအဖြစ် ထုတ်လုပ်၍ ဓာတုနှင့် ရူပအရည် အသွေးများဖြစ်သည့် အမှိုက်၊ ပြာနှင့် နိုက်ထရိုဂျင်ပါဝင်မှုနှင့် စေးပျစ်မှုအရ အဆင့်အတန်းခွဲခြားသည်။ အများအားဖြင့် ဘလောက်တုံး ပုံစံ ၃၀ မှ ၃၅ ကီလို အလေးချိန်ရှိ၍ ကောင်းမွန်သော အရည်အသွေး တစ်သမတ်တည်းရှိရာ RSS ထက် လူကြိုက်များခြင်းဖြစ်သည်။ ကုမ္ပဏီကြီးများ၏ ကားတာယာထုတ်လုပ်သောလုပ်ငန်းများနှင့် ကွန်ဗေယာကြိုးပြား ပြုလုပ်ရာတွင် အသုံးပြုသည်။     
၂၀၂၄ ခုနှစ် ကမ္ဘာ့ဘဏ်စာရင်းများအရ မြန်မာနိုင်ငံသည် ဒုတိယမြောက် RSS အများဆုံးတင်ပို့သည့်နိုင်ငံဖြစ်ပြီး တန်ချိန် ၁၂၀ဝ၀ဝ ခန့်တင်ပို့ခဲ့သည်။ ကမ္ဘာနှင့် ဒေသတွင်းအခြေအနေကို ပြန်ကြည့်ပါက ထိုင်းနိုင်ငံသည် တန်ချိန် ၃၅၀ဝ၀ဝ ခန့်ဖြင့် အများဆုံးတင်ပို့သူအဖြစ် လည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံသည် တန်ချိန် ၃၈၀ဝ၀ ကျော်ခန့်ဖြင့် တတိယနေရာတွင်လည်းကောင်း၊ ကမ္ဘော ဒီးယားနိုင်ငံက တန်ချိန် ၁၅၀ဝ၀ ခန့်ဖြင့် စတုတ္ထနေရာတွင်လည်းကောင်း အသီးသီးတင်ပို့သည်။   
ရော်ဘာစိုက်ပျိုးခြင်းသာမက ခုတ်လှဲရာတွင်လည်း စံဆောင်ရွက်မှုလုပ်ငန်းစဉ်(SOP) အရ ဆောင်ရွက်ရန် လိုအပ်သည်။ ရော်ဘာ ထုတ်လုပ်မှုဆိုင်ရာ လမ်းညွှန်ချက်အနေဖြင့် အီးယူ၏ သစ်တောပြုန်းတီးမှုစည်းမျဉ်း EU Deforestation Regulation EUDR နှင့် ရေရှည်တည်တံ့သော ရော်ဘာ SNR အတွက် လမ်းညွှန်ချက်တို့ကို လိုက်နာဆောင်ရွက်ရန် လိုအပ်သည်။ EUDR သည် တင်ပို့မည့် ရော်ဘာ သို့မဟုတ် ရော်ဘာထုတ်ကုန်များသည် သစ်တောပြုန်းတီးမှုနှင့် မပတ်သက်ကြောင်းနှင့်  သက်ဆိုင်ရာဥပဒေများကို လိုက်နာထား ကြောင်း တင်ပို့သူ ( (Operator/Trader)  က တာဝန်ယူကြောင်း အာမခံချက်ပေးသည့် တရားဝင်ကြေညာချက်ဖြစ်သည်။ 
EUDR သည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃၁ ရက်နောက်ပိုင်း သစ်တောခုတ်ထွင်ထားသော မြေပေါ်တွင် စိုက်ပျိုးသည့် ရော်ဘာနှင့် ရော်ဘာထွက်ကုန်များကို EU ဈေးကွက်အတွင်း တင်သွင်းရောင်းချခြင်းကို တားမြစ်ထားသည်။ ထို့အပြင် စိုက်ပျိုးမြေကွက်၏ တိကျ သောGPS တည်နေရာ (Geo-location) အချက်အလက်များခိုင်လုံစွာ တင်ပြနိုင်မှသာ ဥရောပသို့ တင်ပို့ခွင့်ရရှိမည်ဖြစ်ပြီး ရော်ဘာကွင်း ဆက်အတွင်း လိုက်နာမှုDue Diligence Statement DDS အရ ကိုက်ညီစွာပြင်ဆင်ရန်လိုအပ်သည်၊ ယင်းအထောက်အထားများ ကို EU၏   အွန်လိုင်းစနစ်  (Information System) သို့ တင်ပြကာ  မှတ်ပုံတင်နံပါတ်ရရှိရန်လိုအပ်ပြီး DDSနံပါတ်မရှိက ကုန်ပစ္စည်းများ ကို ဥရောပဈေးကွက်အတွင်းသို့ တင်ပို့ခွင့် သို့မဟုတ် ရောင်းချခွင့်ရရှိမည်မဟုတ်ပါ။ လုပ်ငန်းရှင်များအနေဖြင့် ဤထုတ်ပြန်ချက်ကို ၅ နှစ်အထိ သိမ်းဆည်းထားရန် လိုအပ်ပြီး စစ်ဆေးမှုများရှိလာပါကအချက်အလက်များ မှန်ကန်ကြောင်း သက်သေပြနိုင်ရပါမည်။ လိုက်နာမှုမရှိပါက  ရောင်းချရငွေ သိမ်းဆည်းခံရခြင်း သို့မဟုတ် န့ အတွင်း ရောင်းဝယ်ခွင့် ပိတ်ပင်ခြင်းနှင့်နှစ်စဉ် ဝင်ငွေ၏ ၄ ရာခိုင်နှုန်း ထက်မနည်းသော ဒဏ်ငွေချမှတ်ခံရနိုင်သည်။
EUDR  ကို ၂၀၂၃ ခုနှစ်တွင် စတင်ပြဋ္ဌာန်းခဲ့ပြီး အကောင်အထည်ဖော် ကာလမှာ ကုမ္ပဏီကြီးများနှင့် အလတ်စားလုပ်ငန်းများအတွက် ၃၀-၁၂-၂၀၂၆ ရက်မှစ၍ အပြည့်အဝလိုက်နာရန်နှင့် အသေးစားနှင့် အငယ်စားလုပ်ငန်းများအတွက် ၃၀-၇-၂၀၂၇ ရက် နေ့မှစ၍ ကျင့်သုံးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြန်မာ့ရော်ဘာထုတ်လုပ်မှု အများစုသည် အသေးစား တောင်သူများဖြစ်သဖြင့် ရော်ဘာစေးကို မည်သည့်စိုက်ခင်းမှ ရရှိသည်ကို အစအဆုံးခြေရာခံနိုင်ရန်  ခက်ခဲနေခြင်း၊    စိုက်ခင်းတစ်ခုချင်းစီ၏ GPS (Polygon)   အချက်အလက်များကို တောင်သူအများစုက စနစ်တကျမှတ်တမ်းတင်ထားခြင်းမရှိသေး၍   စိုက်ပျိုးမြေအချက်အလက်မပြည့်စုံခြင်း၊   ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း သစ်တောခုတ်ထွင်ထားခြင်းမရှိကြောင်း ဂြိုဟ်တုဓာတ်ပုံနှင့် မြေယာပိုင်ဆိုင်မှု အထောက်အထားတင်ပြရန်ခိုင်လုံသော ဒေတာဘေ့စ်(Database)လိုအပ်နေခြင်းစသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။
တစ်ဖက်တွင်လည်း မြန်မာနိုင်ငံမှ ရော်ဘာတင်ပို့သူများသည် ဥရောပဈေးကွက်ကို ဆက်လက်ထိန်းထားနိုင်ရန် Euro-Cham Myanmar  နှင့် မြန်မာနိုင်ငံရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းတို့မှတစ်ဆင့် စိုက်ပျိုးမြေတည်နေရာ မှတ်တမ်းတင်ခြင်း(Traceability)၊ EUDR ဆိုင်ရာ အသိပညာပေးခြင်းနှင့် စမ်းသပ်စီမံကိန်းများ စတင်နေပြီး ရော်ဘာတောင်သူအချို့နှင့် စက်ရုံအချို့သည် နိုင်ငံတကာ စံနှုန်းဖြစ်သောရော်ဘာSustainable Natural Rubber SNR  နှင့် အညီ စိုက်ပျိုးထုတ်လုပ်ရန် ကြိုးပမ်းလျက်ရှိသည်။
တစ်နိုင်ငံလုံးရှိ ရော်ဘာစိုက်တောင်သူများ၏ ၉၂ ရာခိုင်နှုန်းမှာ ခြံရှင်ငယ်များဖြစ်ရာ ရော်ဘာစေး ပြုပြင်ထုတ်လုပ်ရေး စက်ရုံထွက်ရော်ဘာထုတ်လုပ်နိုင်ရန် ပုဂ္ဂလိကငွေကြေးတတ်နိုင်သော ခြံရှင်လေးငါးဦးစုစည်း၍ အုပ်စုပိုင်ရော်ဘာ ထုတ်လုပ်စက်ရုံGroup Processing Factory- GPF ထူထောင်မှုကို ယခုနှစ်ပိုင်းတွင် ဆောင်  ရွက်လာကြပြီဖြစ်သည်။ 
GPF များကို ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်တွင် ရွှေကျင် ရွှေပင်စံ RSS 3 စက်ရုံ၊ မရမ်းချောင်တွင်RSS1 နှင့်RSS3  စက်ရုံများ ဆောက်လုပ်လည်ပတ်နေလျက်ရှိကြောင်း၊ ကျိုက်ထိုမြို့နယ်၊ ကျွဲတစ်ရာRSS3  စက်ရုံမှာ ယခုနှစ်တွင် လည်ပတ်နိုင်တော့မည် ဖြစ်ပါကြောင်း၊ အခြားအုပ်စုပိုင်RSS3 စက်ရုံများကို သထုံမြို့နယ်တွင် နှစ်ရုံ၊ မြိုင်ကလေးတွင် တစ်ရုံ၊ ကရင်ပြည်နယ်တွင် နှစ်ရုံ၊ မုဒုံမြို့နယ် နှင့် သံဖြူဇရပ်မြို့နယ်တို့တွင်လည်း အုပ်စုပိုင် ရော်ဘာစက်ရုံများ တိုးချဲ့တည်ဆောက်နေကြောင်း သိရှိရသည်။ထိုင်းနိုင်ငံတွင် အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်သည့်အပြင် ရော်ဘာခြံရှင်ငယ်များကGPFစက်ရုံများထူထောင်၍ ရော်ဘာအရည်အသွေး အလေးထား၍ ထုတ်လုပ်ခဲ့ကြသဖြင့် ကမ္ဘာပေါ်တွင် ရော်ဘာဈေးနှုန်း အများဆုံး ရရှိသည့် နိုင်ငံတစ်ခုအဖြစ် ရပ်တည်နိုင်ခြင်းဖြစ်သည်။
သို့ဖြစ်ပါ၍  မြန်မာ့ရော်ဘာထုတ်ကုန်၏ အရည်အသွေး မြှင့်တင်နိုင်ရန်  ခေတ်မီနည်းစနစ်များဖြင့် အခြောက်ခံခြင်း၊ သန့်စင် ထုတ်လုပ်ခြင်းနည်းစဉ်များ အသုံးပြုခြင်း၊ ရော်ဘာစေးထွက်ရှိ သည့် စိုက်ခင်း၊ စက်ရုံအစမှအဆုံးခြေရာခံနိုင်သောစနစ် တည်ဆောက် ခြင်း၊ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေသော စိုက်ပျိုးနည်းစနစ်များနှင့်  အလုပ်သမားအခွင့်အရေး လေးစားလိုက်နာမှု အာမခံနိုင်သော လုပ်ငန်းဖြစ်ကြောင်း ပြသနိုင်ခြင်း၊ နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်များ ရယူခြင်းနှင့် EUDR၊ SNR guidelines အပါအဝင် နိုင်ငံတကာစည်းမျဉ်းများ  လိုက်နာနိုင်ရေး ဘက်ပေါင်းစုံမှ စနစ်တကျ ပြင်ဆင်သွားမည်ဆိုပါက ဥရောပဈေးကွက်လိုအပ်ချက်များနှင့်  ကိုက်ညီသော မြန်မာ့ရော်ဘာအဖြစ်သို့ ရောက်ရှိလာတော့မည် ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။     

ဒေါက်တာဝေရီလင်း (စာသုံးသူရေးရာဦးစီးဌာ)

အဓိကကျမ်းကိုးများ-
၁။ htpps://wits.worldbank.org/trade/com+trade/en/country
၂။ htpps://htwettoe.com/post/a&mfbmNcHi, f&Sifrsm;A[kokw&ap&efrIdif;cHa&mfbm twef;tpm;rsm;taMumif;-38745