Main menu

Background

ကသာခရိုင် ဧရာမင်း ဆန်ဈေးကွက် မြင့်တက်

Tue, 08/30/2022 - 19:25 -- journal_editor

ကသာခရိုင် မြို့နယ်လေးမြို့နယ်တွင် ယခင်နှစ် မိုးစပါးစိုက်ဧက ၁၇၃၆၀၈ ရှိပြီး ဧရာမင်း စပါးစိုက်ဧက ၃၀၆၇ ရှိကြောင်း သိရှိရသည်။ ဧရာမင်းစပါးသည် အခြားစပါးများထက် ဈေးနှုန်းမြင့်မားပြီး ငွေကြေးတတ်နိုင်သူများသာ စားသုံး ကြသည့်အတွက် ခရိုင်အတွင်း စိုက်ပျိုးမှု အနည်းငယ်သာရှိကြောင်း သိရသည်။ဆန်စက်လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌဖြစ်သည့် ဦးမောင်မောင်က  "ဒေသတွင်း တိုင်းရင်းသားပြည်သူများအနေနဲ့ ဆန်အမာ စားသုံးမှုနည်းပြီး ဆန်အစီးကိုသာ စားသုံးကြတယ်။ တောင်သူအများစုကတော့ ဆင်းဧကရီ(၃) စိုက်ပျိုးကြပြီး ဒေသတွင်းစားသုံးသူများသလို တရုတ်ပြည်တင်ပို့မှုလည်း ရှိပါတယ်။ ဧရာမင်းဆန်က ဆန်အမာအမျိုးအစားမှာပါတဲ့ အတွက် ဒေသတွင်းမှာ အနည်းငယ်သာ စားကြတယ်။ စပါးအထွက်နှုန်းလည်း အခြားစပါးများထက် နည်းတဲ့အတွက် တောင်သူတွေ အစိုက်နည်းကြတယ်။ သို့သော်လည်း ဈေးကောင်းရတဲ့အတွက် စိုက်ပျိုးမှုရှိတယ်။ ၂၀၂၂ ခုနှစ် သြဂုတ်လ ပထမပတ်မှစပြီး ဧရာမင်းဆန်ဈေးနှုန်းမှာ ရုတ်တရက် မြင့်တက်လာခဲ့တယ်။ ရွှေဘို၊ မန္တလေး၊ မတ္တရာ၊ ကောလင်းမြို့များမှ ဆန်ကုန်သည်များ လာရောက်ပြီး ဧရာမင်းတစ်မျိုးတည်းကိုသာ တင်း ၁၀ဝ ကို ကျပ် ၁၅ သိန်းဈေးနဲ့ ဈေးမြှင့်ပေးဝယ်ခဲ့ကြ တဲ့အတွက် ယခင် တင်း ၁၀ဝ ကို ကျပ် ၁၁ သိန်းဈေးမှ ကျပ် ၁၅ သိန်းဈေးကို ခုန်တက်ခဲ့တာဖြစ်တယ်။ အခြားစပါးများက ဒေသတွင်း လက်ကျန်နည်းချိန် ဖြစ်လေ့ဖြစ်ထရှိတဲ့အတိုင်း အနည်းငယ် မြင့်တက်မှုရှိပြီး သိသိသာသာ မြင့်တက်မှုမရှိ ဘူး"ဟု ဆွေးနွေးပြောကြားခဲ့သည်။

ကသာခရိုင်အတွင်း သြဂုတ် ၁၆ ရက် ဆန်စပါး ပေါက်ဈေးမှာ ဧရာမင်း တင်း ၁၀ဝ လျှင် ကျပ် ၁၅၀ဝ၀ဝ၀၊ ဆန်တစ်အိတ်လျှင် ကျပ် ၅၅၀ဝ၀၊ မှော်ဘီ တင်း ၁၀ဝ ကျပ် ၁၀ဝ၀ဝ၀ဝ၊ ဆန်တစ်အိတ်လျှင် ကျပ် ၄၈၀ဝ၀ နှင့် ဆင်းဧကရီ (၃) တင်း ၁၀ဝ လျှင် ကျပ် ၈၅၀ဝ၀ဝ၊ ဆန်တစ်အိတ်လျှင် ကျပ် ၃၅၀ဝ၀ ရှိကြောင်း သိရှိရသည်။   

    ကြည်နိုင်ဦး(အင်းတော်)