Main menu

Background

ဒေသပေါ်ဆန်းစပါးမျိုးများ စားသုံးမှုအရည်အသွေး Eatins Quality စိစစ်အကဲဖြတ်ရွေးချယ်ခြင်းအခမ်းအနားကျင်းပပြုလုပ်

Fri, 09/17/2021 - 12:43 -- journal_editor

       ဖျာပုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် စက်တင်ဘာ(၉) ရက်နေ့ဒေသပေါ်ဆန်းစပါးမျိုးများ စားသုံးမှုအရည်အသွေးEatins Quality စိစစ်အကဲဖြတ်ရွေးချယ်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် (၄)မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်/မြို့နယ်ဝန်ထမ်းများ၊ ဆန်စက်ပိုင်ရှင်များ၊ ဆန်စပါးကုန်သည်များ၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်မြို့နယ်တာဝန်ခံများတက်ရောက်ကြပါသည်။

                အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးအေးလွင်က အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးဦးစိန်မောင်မြင့်က ဒေသပေါ်ဆန်းမျိုးများစားမှု အရည်အသွေးအကဲဖြတ်  ရွေးချယ်ခြင်းအစီအစဉ် ဆောင်ရွက်ရခြင်းအားရှင်းလင်းဆွေးနွေးခြင်းဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒေသကော်မတီ(၅)အဖွဲ့ဝင်ဦးကျော်ဝင်းသန်းက ဖျာပုံခရိုင်၏ဆန်စပါးဈေးကွက်ခြေအနေအားလည်းကောင်း၊ ဖျာပုံမြို့နယ်အောက်ကွင်းကြီးမျိုးသန့်ခြံ တာဝန်ခံဦးသန်းလွင်က ဒေသပေါ်ဆန်းမျိုးများအကြောင်းနှင့်စားသုံးမှုအရည်အသွေးအကဲဖြတ်အမှတ် ပေးရမည့်အစီအစဉ်အား ရှင်းလင်းခြင်းဖြင့်လည်းကောင်း အသီးသီးပြောကြားကြပါသည်။

          ထို့နောက် ဖျာပုံခရိုင်(၄)မြို့နယ်မှ ဒေသပေါ်ဆန်းမျိုး(၁၂)မျိုးအား ထမင်းချက်ထားမှုအပေါ် တက်ရောက်လာသူများမှ စားသုံးမှုအရည်အသွေးအကဲဖြတ်အမှတ်ပေးကြပါသည်။ထမင်း၏အမွှေးအနံ့ အရသာနှင့်ထမင်းနူးညံ့ ပျော့ပြောင်းမှု၊ ထမင်းလုံးညီညာမှုစသည့် အချက်အလက်များအပေါ် အမှတ်ပေးဇယားတွင် တစ်ဦးချင်းဖြည့်စွက်အမှတ်ပေးကြရာ ဖျာပုံမြို့နယ် ဘေးကြားတာင်ပျှံကပထမအကြိုက်ဆုံးတွင်ပါဝင်ပြီး ကျိုက်လတ်မြို့နယ် ကိုင်းချောင်း ကျေးရွာမှ ကိုင်းချောင်းပေါ်ဆန်းက ဒုတိယအကြိုက်ဆုံးအဖြစ်ရွေးချယ်အတည်ပြုခဲ့ကြောင်းသိရသည်။

မင်းဇော်မွန်/ဖျာပုံ