Main menu

Background

ခေတ်အလိုက် မြန်မာ့ဆန်စပါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ခဲ့မှု အခြေအနေနှင့် သင်ခန်းစာများ(၃)

Wed, 11/23/2022 - 13:36 -- journal_editor

(ယခင်တစ်ပတ်မှ အဆက်)
မြန်မာ့ဆန်စပါးရောင်းဝယ်ရေးသမိုင်းတွင် ဖော်ပြခြင်းမပြုလျှင် ပြည့်စုံမည်မဟုတ်သော ဘူလင်ဂျာပူးလ်သည် အိန္ဒိယအစိုးရက မြန်မာနိုင်ငံ ဆန်အုပ်ချုပ်ရေးအဖွဲ့ကို ဖျက်သိမ်းခဲ့ပြီးနောက် ၁၉၂၁ ခုနှစ်တွင် စတင်ပေါ်ပေါက်လာ ကြောင်းနှင့် ၎င်းအဖွဲ့တွင် ဆန်စပါး ရောင်းဝယ်ရေးကို ကြီးကျယ်စွာ  လုပ်ကိုင်နေသော ကုမ္ပဏီလေးခု ရှိကြောင်း၊ မြန်မာ့ဆန်စပါး  ရောင်းဝယ်ရေးလောကကို မင်းမူခြယ် လှယ်လုပ်ကိုင်ခဲ့ကြောင်း ဖော်ပြပါရှိပြီးဖြစ်ပါသည်။ ၎င်းအဖွဲ့ က ခြယ်လှယ်နေ၍ ဆန်စပါးဈေးနှုန်း ကျဆင်းနေရသည်ဟု စွပ်စွဲမှုရှိခဲ့သဖြင့် ၁၉၂၉ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်တွင် မြန်မာနိုင်ငံ ဥပဒေပြုကောင်စီ၊ မြန်မာနိုင်ငံ တောင်ပိုင်းအမတ် ဦးပုက ဆန်စပါး ဈေးနှုန်းထိန်းချုပ်မှု အပါအဝင် အခြေအနေများကို စုံစမ်းစစ်ဆေးရေးကော်မတီတစ်ရပ် အမြန်ဆုံးခန့်အပ်စုံစမ်းစေရန်နှင့် အစီရင်ခံ တင်ပြစေရန် အဆိုကို တင်သွင်းခဲ့ကြောင်း သိရှိရသည်။   
စုံစမ်းစစ်ဆေးရေးအဖွဲ့မှ အဓိကတွေ့ရှိသော အချက်များမှာ ဘူလင်ဂျာပူးလ်သည်  လန်ဒန်ပွဲစားများအသင်းများမှတစ်ဆင့် အကျိုးအမြတ်များသည့် ဥရောပဆန်ဈေးကွက်ကို ကြီးစိုးထားပြီး စက်ကလေးပိုင်ရှင်များနှင့် အခြားကုန်သည် များက အခြားဆန်ဈေးကွက်ကိုသာ ရောင်းချခွင့်ရခြင်း၊ မြန်မာနိုင်ငံရှိ စက်ကလေး ပိုင်ရှင်များက ဥရောပဈေးကွက်ကို ချိတ်ဆက်ရှာဖွေ၍ ခြေကုပ်ရသည့်တိုင် ဘူလင်ဂျာပူးလ်အဖွဲ့က ပင်လယ်ကူးသင်္ဘောကုမ္ပဏီများ၏ ကိုယ်စား လှယ်များဖြစ်နေ၍ မြန်မာကုန်သည်များ ဆန်တင်ပို့ရန် သင်္ဘောနေရာ  မပေးခြင်း၊ သင်္ဘောတွင် နေရာရပါကလည်း ကုန်သယ်ခကို မတန်မဆ မြှင့်တင်ကောက်ခံခြင်းဖြင့် ဥရောပဈေးကွက် သို့ တင်ပို့ခွင့်မရအောင် ဆောင်ရွက်ခြင်း၊  ဘူလင်ဂျာပူးလ်သည် ရန်ကုန်စပါးဈေးနှုန်းကို နေ့စဉ် ညှိနှိုင်းသတ်မှတ်ပြီး ၎င်းတို့ သတ် မှတ်သည့်ဈေးထက် မည်သူမျှပိုပေး၍ ဝယ်ယူခွင့်မပြုခြင်း၊ ဘူလင် ဂျာပူးလ်သည် ဆန်စပါးလုပ်ငန်းအများစုကို လုပ်ကိုင်နေသည့် အဖွဲ့အစည်း ဖြစ်၍ ၎င်းတို့သတ်မှတ်ဈေးအတိုင်း စပါးကို ရောင်းချစေရန် ဖန်တီးနိုင်စွမ်းရှိသဖြင့် ရန်ကုန်ဈေးနှုန်းကို ၎င်းတို့စိတ်ကြိုက်လျှော့၍ သတ်မှတ်နိုင်ခြင်းကြောင့် ရန်ကုန်စပါးဈေးသည် ဘူလင်ဂျာလ်ပူး၏ အဆုံးအဖြတ်ပေါ်တွင် မူတည် ကြောင်းကို သိရှိရသည်။
    စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဘူလင်ဂျာပူးလ်အဖွဲ့က လေးစားမှု မရှိသည့်အပြင် စွပ်စွဲချက်များကို မမှန်ကန်ဟုငြင်းဆန်ခဲ့သည်။ ကုမ္ပဏီ ၏ အရှုံးအမြတ်စာရင်းများ တင်ပြရန်ကိုလည်း ငြင်းဆန်ခဲ့သည်။ ကော်မတီ၏ ကြားဖြတ်အစီရင်ခံစာတွင် အချက်အလက်များအား သဘောမတူကြဘဲ သီးခြားသဘောထားများကို တင်ပြခဲ့ရာ သာယာ ဝတီ ဦးပုက သီးခြားသဘောအမြင် (Minute of Dissent) ဖြင့်တင်ပြခဲ့ သည့် ကန့်သတ်ချက်များမှာ မှတ်သား ဖွယ်ရာဖြစ်ကြောင်း သိရှိရ သည်။
    ကော်မတီဖွဲ့စည်းခြင်းအတွက် ကျွန်ုပ်တွင်  တာဝန်ရှိသော် လည်း ကျွန်ုပ်အနေဖြင့် တိုင်းသူပြည်သားများ၏ စီးပွားပျက်မှုများနှင့် ပတ်သက်၍ ဘူလင်ဂျာပူးလ်တွင် တာဝန်မရှိပါဆိုသောအချက်ကို သေချာစေလိုသောကြောင့် ဖြစ်သည်။ ကော်မတီ၏ စစ်ဆေးမှုအရ ကျွန်ုပ်တို့၏ သံသယများသည် မှန်ကန်နေပေပြီ။ ဘူလင်ဂျာပူးလ် သည် အလွန်သြဇာအာဏာရှိသည်။ သူလုပ်ချင်သလို တိုင်းပြည်ကို ခြယ်လှယ်သည်။  စပါးဈေးနှုန်းများကို လျှော့ချသည်။ ပြိုင်ဘက် ကုန်သည်များကို ဖိနှိပ်ရန် ဆန်ကိုအရှုံးခံ၍ ရောင်းသည်။ ဆုံးရှုံးမှုကို ဥရောပဈေးကွက်သို့ ရောင်း၍ ရသောအမြတ်နှင့် ဖြည့်စွက်သည်။ဘူလင်ဂျာပူးလ်သည်   ဆန်စပါးဈေးကွက်ကို   ချုပ်ကိုင်နိုင်သော အာဏာမရှိဟုဆိုသော်လည်း သူ့တွင် စပါးဝယ်ရာတွင် ဈေးလျှော့ပေး ရန် လုပ်ကိုင်နိုင်သကဲ့သို့ ဆန်ရောင်းရာတွင် ဈေးပိုရအောင်လည်း လုပ်နိုင်သည်။ ဤသို့ဖြင့် နေ့စဉ် အရောင်းအဝယ်ပြုနေသော ဆန်  ဈေးကွက်ကို စိုးမိုးထားသည်။ ဘူလင်ဂျာပူးလ်ကို စွပ်စွဲထားသော အချက်များသည် အလွန်အရေးကြီးသော်လည်း ဘူလင်ဂျာပူးလ် အနေနှင့် ယင်းစွပ်စွဲချက်များကို ကာကွယ်ရန် ကြိုးစားအားထုတ်ခြင်း မပြုချေ။  အမှန်ကို ဖော်ပြရလျှင် ဘူလင်ဂျာပူးလ်သည် အစိုးရက ခန့်အပ်ထားသော ကော်မတီနှင့် ဆက်ဆံရာတွင် ထားရှိသင့်သော လေးစားမှုမျိုးပင်  မရှိခဲ့ချေ။ ဤကဲ့သို့ ပြုမှုသူများသည် နိုင်ငံကို အုပ်ချုပ်သော လူမျိုးများဖြစ်နေသောအခါ အခြေအနေ ပိုဆိုးသည်။ သူတို့သည် အုပ်ချုပ်သော လူမျိုးများမဟုတ်ပါက ပြည်ပသို့ တင်ပို့ရန် ကြိတ်ခွဲထားသော  ဆန်များမှ ရန်ကုန်၌ မည်မျှရောင်းလိုက်သည်။ထို့နောက် ရန်ကုန်မှာပင် မည်မျှထပ်ဝယ်သည်ဆိုသောစာရင်းကို ပေးရန် ငြင်းဆိုမည်မဟုတ်ပေဟု သီးခြားသဘောထားများကို တင်ပြ ခဲ့ကြောင်း သိရှိရသည်။
    မြန်မာနိုင်ငံဘုရင်ခံသည် ၁၉၃၆ ခုနှစ် သြဂုတ်လတွင် လယ် ယာစိုက်ပျိုးရေးနှင့် သစ်တောဌာနဝန်ကြီး ဦးဘဖေအား ဥက္ကဋ္ဌအဖြစ် ဦးဆောင်စေ၍ အဖွဲ့ဝင် ၁၃ ဦးပါ ပြည်ပဆန်ကုန်သွယ်ရေးကော်မတီ ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။ ၎င်းအဖွဲ့က ဆန်ကုန်သွယ်ရေး အကြံပေးကော်မတီ  (Rice Trade Advisory Committee)  တစ်ရပ် အမြဲတမ်းဖွဲ့စည်းထားရှိရန် အကြံပြုခဲ့ကြောင်း သိရှိရသည်။
    ဤကော်မတီဖွဲ့စည်းသည့် အချိန်သည် အိန္ဒိယနိုင်ငံမှ မြန်မာ နိုင်ငံခွဲထွက်ရေးအတွက် မြန်မာပြည်တွင်း၌ ခွဲရေးတွဲရေးပြဿနာ  ပေါ်ပေါက်နေသော အချိန်ဖြစ်သည်။  ဘူလင်ဂျာပူးလ်နှင့် အခြား  ဥရောပ ဆန်ရောင်းဝယ်ရေးကုမ္ပဏီကြီးများ၊ အိန္ဒိယဆန်ကုန် သည်ကြီးများနှင့် တရုတ်ဆန်ကုန်သည်ကြီးများ  မြန်မာဆန်စပါး ရောင်းဝယ်ရေး  လုပ်ငန်းတစ်ရပ်လုံးကို လက်ဝါးကြီးအုပ်၍ ခြယ် လှယ်ရောင်းဝယ်ခဲ့ကြရာမှ ရသမျှ အမြတ်အစွန်းဖြင့်သာ သာယာ ဝပြောလျက်ရှိခဲ့သည်။ ဤသို့ဖြင့် မြန်မာ့ဆန်စပါးရောင်းဝယ်ရေး သည် ၁၉၂၁  ခုနှစ် မှ ၁၉၄၁ ခုနှစ်အတွင်း ကမ္ဘာပေါ်တွင် ဆန် အများဆုံး တင်ပို့ရောင်းချသောနိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း ဆွေးနွေးမှုများအရ သိရှိရသည်။
    မြန်မာ့ဆန်စပါးရောင်းဝယ်ရေးသမိုင်းမှ ရရှိလိုက်သော သင် ခန်းစာမှာ ကိုလိုနီခေတ်တွင် လယ်ယာစိုက်ပျိုးမြေများ တိုးချဲ့ရာမှ ဗြိတိသျှအစိုးရက ကျင့်သုံးခဲ့သော မူဝါဒနှင့် လုပ်ဆောင်မှုများသည် မြန်မာနိုင်ငံ၏ စီးပွားရေးသာမက လူမှုရေးနှင့် နိုင်ငံရေးအရ သက် ရောက်မှုများရှိခဲ့ကြောင်း၊ အိန္ဒိယမှ အမျိုးသားများကို လူဦးရေသန်းချီ ၍ ခေါ်ယူခဲ့ခြင်းမှာလည်း နိုင်ငံရေး၊ စီးပွားရေးနှင့် စစ်ရေးမျှော်မှန်း ချက်များနှင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကိုလိုနီခေတ် လယ်ယာ ကဏ္ဍတိုးတက်မှုသည် စိုက်ပျိုးရေးဧကတိုးတက်ရေးကိုသာ ဦးတည် ပြီး လယ်ယာအခြေခံ စက်မှုလုပ်ငန်းများ ထူထောင်ခဲ့မှုမရှိခဲ့ကြောင်း၊ ကိုလိုနီခေတ်တွင်  မိမိလယ်ယာ လုပ်သားများကို မက်လုံးပေး၍ ခေါ်ယူခဲ့သော နိုင်ငံနှင့် အဖွဲ့အစည်းများအနေဖြင့် စီးပွားရေးနှင့် နိုင်ငံရေးရည်မှန်းချက် ရှိခဲ့သည်မှာ ငြင်း၍မရကြောင်း၊ မျက်မှောက် ခေတ်တွင်လည်း  မိမိနိုင်ငံအနှံ့ ကျေးလက်တောရွာများမှ အရွယ် ကောင်း လူငယ်လူရွယ်များကို နည်းပေါင်းမျိုးစုံဖြင့် စည်းရုံးသွေး ဆောင်၍ ခေါ်ယူလျက်ရှိရာ အဆိုပါနိုင်ငံများ၏ စီးပွားရေးနှင့် နိုင်ငံရေး ရည်မှန်းချက်များကို သတိထားရန် လိုအပ်မည်ဖြစ်ကြောင်း သိရှိခဲ့ရသည်။
    ထို့ပြင် ကိုလိုနီခေတ်တွင် မြန်မာနိုင်ငံသည် ဆန်စပါး တင်ပို့ ခဲ့သည့် ထိပ်တန်းနိုင်ငံဖြစ်ခဲ့ပြီး ကုန်သွယ်မှုတွင် အဓိကကျသည့် ရထားလမ်းများ၊ တူးမြောင်းများ ဖောက်လုပ်ခဲ့ပြီး  ဆန်၊ ကျွန်းသစ်၊ ရေနံ၊ သတ္တုများကို ပြည်ပသို့ အရှိန်အဟုန်ဖြင့် တင်ပို့နိုင်ရန် ကြိုးပမ်း ခဲ့ကြောင်း၊ ရန်ကုန်နှင့် ခေတ်ပြိုင်ဖြစ်သော တိုကျို၊  အိုဆာကာ၊ ရှန်ဟိုင်းမြို့များကဲ့သို့ စက်မှုလုပ်ငန်းများ ထူထောင်မှုမရှိခဲ့သဖြင့် မြန်မာနိုင်ငံမှ သယံဇာတများကို ထုတ်ယူ၍ ကုန်ကြမ်းထုတ်လုပ်ရာ ဒေသအဖြစ်သာ သဘောထားပြီး ၎င်းတို့ထုတ်လုပ်သည့် ကုန်ချော လူသုံးကုန်ပစ္စည်းများကို ပြန်လည်ရောင်းချသည့် ဈေးကွက်အဖြစ် သာ အသုံးချခဲ့ကြောင်း၊ မျက်မှောက်ခေတ်နှင့် အနာဂတ်တွင်လည်း မိမိနိုင်ငံ၏ သယံဇာတနှင့် မဟာဗျူဟာကျမှုကို အသုံးချလိုသည့် အင်အားကြီးနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများက အဝေးပြေး လမ်းမများ၊ ရထားလမ်းများ၊ ခေတ်မီဆိပ်ကမ်းများ ထူထောင်ရင်းနှီး လုပ်ကိုင်ရန် စိတ်ဝင်စားလျက်ရှိရာ ဗြိတိသျှ လက်အောက်ခံဘဝက သင်ခန်းစာများကို ရယူ၍ အမျိုးသားအကျိုးစီးပွားအတွက် မဟာ ဗျူဟာကျကျ ပြင်ဆင်ဆောင်ရွက်ရန် လိုကြောင်းလည်း သင်ခန်းစာ ရရှိခဲ့သည်။
    မျက်မှောက်ခေတ်နှင့် အနာဂတ်တွင် ကိုလိုနီခေတ်၏ သင်ခန်း စာများကို ရယူကာ ဆန်စပါးလုပ်ငန်း Supply Chain  တစ်လျှောက် ပါဝင်လုပ်ဆောင်သူအားလုံး၏ အကျိုးစီးပွား မျှမျှတတဖြစ်စေမည့် မူဝါဒများ၊ ဥပဒေများဖြင့် ထိန်းကျောင်းရုံမက အစိုးရ-ပုဂ္ဂလိက ကဏ္ဍနှစ်ရပ်အကြား ပူးပေါင်းမှုစနစ်ကျ၍ အားကောင်းရန် လိုအပ် ခြင်း၊ လယ်ယာကဏ္ဍ  ဖွံ့ဖြိုးရန် ဈေးကွက်လိုအပ်ချက်နှင့်အညီ အရည်အသွေးရှိသည့် ထုတ်ကုန်များ ထုတ်လုပ်ရန်အတွက် နည်း ပညာ နှင့် ဘဏ္ဍာငွေပံ့ပိုးမှုများ ခေတ်နှင့်အညီ လိုအပ်ခြင်း၊ မြန်မာ့ ဆန်အရည်အသွေး စံချိန်စံညွှန်းကို မိမိနိုင်ငံ၏ သက်ဆိုင်ရာအာဏာ ပိုင်အဖွဲ့အစည်း တစ်ရပ်ရပ်က တာဝန်ယူထိန်းသိမ်းကြပ်မတ်သင့် ခြင်း၊ မြန်မာ့ဆန်ဈေးကွက်တွင် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင် ရွက်သင့်ခြင်း စသည့်အကြံပြုချက်များအပြင် လိုအပ်သည့် အချိန် တွင် အစိုးရ၏ ပါဝင်ဆောင်ရွက်မှုများ (Gonvernment Intervention) လည်း လိုအပ်မည်ဖြစ်သည်။
    မည်သို့ပင်ဆိုစေ ဗြိတိသျှကိုလိုနီခေတ်တွင် မြန်မာ့ဆန်စပါး လုပ်ငန်းသည် အရှိန်အဟုန်နှင့် ဖွံ့ဖြိုးတိုးတက်ခဲ့သည်မှာ ငြင်းဖွယ်ရာ မရှိကြောင်း၊ အဆိုပါ ဖွံ့ဖြိုးတိုးတက်မှုက နယ်ချဲ့အစိုးရ၏ အုပ်ချုပ်ခံ သာမန်မြန်မာပြည်သူများ၊ လယ်သမားများ၊ ပွဲစားများ၊ ဆန်စက်ပိုင် ရှင်များနှင့် ဆန်စပါးလုပ်ငန်းရှင်များအပေါ် စီးပွားရေးနှင့် လူမှုရေး သက်ရောက်မှု (Economic  and  Social Impact) မည်သို့ရှိခဲ့သည်ကို လည်း မြန်မာနှင့် ကမ္ဘာ့သမိုင်းဆရာများက လက်လှမ်းမီသရွေ့ မှတ် တမ်းတင်ခဲ့ကြကြောင်း၊ မြန်မာ့ဆန်စပါးလုပ်ငန်း (Rice Industry) ၏ ကမ္ဘာ့ထိပ်တန်းအဆင့်သို့ ရောက်ရှိခဲ့သည့် ကာလအတွင်း ဖြစ် ပျက်ခဲ့သော အဖြစ်အပျက်များနှင့် အဓိက  ဇာတ်ဆောင်များ၏ အခန်းကဏ္ဍ၊ နိုင်ငံခြားသား အုပ်ချုပ်သူများ၊ နိုင်ငံခြားသားများ ကြီးစိုးသည့် စီးပွားရေးအဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံသားလုပ် ငန်းရှင်များ၊ အမျိုးသားရေးလှုပ်ရှားသူများအကြား ပွတ်တိုက်မှုများ ကို သင်ခန်းစာရယူနိုင်ခြင်းဖြင့် လက်ရှိနှင့် အနာဂတ်အတွက် မြန်မာ့ ဆန်စပါးလုပ်ငန်းဆိုင်ရာ မူဝါဒများနှင့်  လုပ်ငန်းစဉ်များချမှတ်မှုတွင် တစ်စုံတစ်ရာ အတိုင်းအတာအထိ အထောက်အကူရမည်ဟု ယုံကြည် ပါသည်။ (ပြီးပါပြီ)  
(ဦးသန်းအောင်ကျော်မှ စုဆောင်းတင်ပြသည့်စာတမ်း)
CJ