Main menu

Background

ပေါက်မြို့နယ်တွင် မိုးစပါးများ ရိတ်သိမ်း

Tue, 12/20/2022 - 10:32 -- journal_editor

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်အတွင်းရှိ ပေါက်မြို့နယ်တွင် ဒီဇင်ဘာလဆန်းမှစ၍ မိုးစပါးများ စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း ဒေသခံတောင်သူများထံမှ သိရှိရသည်။ ပေါက်မြို့နယ်တွင် နှစ်စဉ် မိုးစပါးကို အဓိကသီးနှံအဖြစ် စိုက်ပျိုးလျက်ရှိရာ ယခင်နှစ်တွင် မိုးစပါးဧက ၁၂၀ဝ၀ ခန့် စိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် နယ်မြေဒေသအခြေအနေအရ စိုက်ဧက ၅၀ဝ၀ ခန့်သာ စိုက်ပျိုးထားရှိကြောင်း သိရှိရသည်။

ယခုနှစ်တွင် တစ်ဧက ပျမ်းမျှတင်း ၇၀ ခန့်ထွက်ရှိကြောင်း၊ သီးနှံပေါ်စ လက်ရှိဒေသတွင်း ဈေးကွက်တွင် ဆင်းသုခ တစ်တင်းလျှင် ကျပ် ၁၂၀ဝ၀၊ ဧရာပဒေသာ တစ်တင်းလျှင် ကျပ် ၂၀ဝ၀ဝ ပေါက်ဈေးရှိပြီး ယခင်နှစ် စပါးပေါ်ချိန်တွင် ဆင်းသုခ တစ်တင်း ကျပ် ၇၀ဝ၀၊ ဧရာပဒေသာ တစ်တင်း  ကျပ် ၁၁၀ဝ၀ ပေါက်ဈေးရှိခဲ့ကြောင်း၊ ယခုနှစ်တွင် စပါးဈေးကွက်ကောင်း၍ အကျိုးအမြတ်ပိုမိုရရှိကြောင်း ဒေသခံတောင်သူများထံမှ သိရှိရသည်။

ပေါက်မြို့နယ်ရှိ ကျေးရွာများတွင် ဒီဇင်ဘာလတွင် မိုးစပါးများ ရိတ်သိမ်းပြီးမည်ဖြစ်ကြောင်း၊ ရိတ်သိမ်းပြီး မြေလွတ်များတွင် သီးထပ်သီးနှံအဖြစ် ကြက်သွန်နီ/ဖြူ၊ နွေခရမ်း၊  အာလူးသီးနှံတို့ကို ရေသွင်း ရေဖျန်းစနစ်ဖြင့် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

မြင့်မြင့်သန်း (ပခုက္ကူ)