Main menu

Background

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆန်/စပါးဈေးကွက်နှင့် အခြားတိုင်းဒေသကြီးသို့ စီးထွက်မှုအခြေအနေ

Fri, 01/20/2023 - 08:57 -- journal_editor

ဧရာဝတီတိုင်းဒေသကြီးသည် လယ်ယာစိုက်ပျိုးရေးကို အခြေခံပြီး  ဆန်/စပါးအများဆုံး  စိုက်ပျိုးထုတ်လုပ်သော တိုင်းဒေသကြီးတစ်ခုဖြစ်သည်နှင့်အညီ နှစ်စဉ်မိုးစပါးစိုက် ဧက ၃၇ သိန်းကျော်နှင့် နွေစပါးစိုက်ဧက ၁၄ သိန်းကျော် စိုက်ပျိုးထုတ်လုပ်၍ ထွက်ရှိလာသော ဆန်/ဆန်ထွက် ပစ္စည်းများကို ဒေသတွင်း စားသုံးမှုနှင့်အတူ ပိုလျှံသည့်ဆန်များကို ယခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့မှု ရန်ကုန်မှတစ်ဆင့် ပြည်တွင်း၊ ပြည်ပဈေးကွက်နှင့်  အထက်အညာဒေသများအပြင်  ဆန်လိုသည့်  အခြားတိုင်းဒေသကြီးများသို့လည်း လစဉ် တင်ပို့ရောင်းချလျက်ရှိသည်။
ပုသိမ်ခရိုင်အတွင်း ယခင်နှစ်စပါး/ ဆန်ဟောင်းလက်ကျန်များလည်း အနည်းငယ်သာရှိ၍ လက်ရှိဈေးကွက်တွင် မိုးစပါး၊ ဆန်သစ်များသာ အများဆုံး အရောင်းအဝယ်ဖြစ်နေပြီး ပုသိမ်ခရိုင်အတွင်းရှိ ပုသိမ်၊ ကန်ကြီးထောင့်၊ ငပုတောမြို့နယ်များတွင် လူနည်းစုစားသုံးသော မိုးပေါ်ဆန်းရင် စပါးသစ် တင်း ၁၀ဝ လျှင် ကျပ် ၁၅သိန်းခွဲ-၁၆သိန်း၊ ဆန်တစ်အိတ် ကျပ် ၅၄၀ဝ၀-၅၅၀ဝ၀၊ ဧရာဝတီပေါ်ဆန်းစပါး တင်း ၁၀ဝ လျှင် ကျပ် ၁၇ သိန်းဝန်းကျင်၊ ဆန်တစ်အိတ် ကျပ် ၅၆၀ဝ၀-၅၇၀ဝ၀ ဈေးနှင့် ပုသိမ်၊ ကန်ကြီးထောင့်၊ ငပုတော၊ ကျုံပျော်၊ ရေကြည်၊ ကျောင်းကုန်းမြို့နယ်များတွင် လူအများစု စားသုံး သော ဧည့်မထ၊ မနောသုခစပါး တင်း ၁၀ဝ လျှင် ကျပ် ၁၂ သိန်း ဝန်းကျင်  ဆန်တစ်အိတ် ကျပ် ၄၂၀ဝ၀- ၄၃၀ဝ၀ ဈေးဖြင့် ဒေသတွင်းဈေးကွက် ရန်ကုန်နှင့် အထက်အညာဒေသများ သို့ တင်ပို့ရောင်းချမှုရှိကြောင်း ဆန်/စပါးဈေးကွက်မှ သိရ သည်။
ဟင်္သာတခရိုင်သည်  မြန်အောင်မြို့နယ်အတွင်းသာ ပေါ်ဆန်းစပါး စိုက်ပျိုးမှု ထောင်ဂဏန်းဝန်းကျင်ရှိပြီး ကျန်သည့် ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ၊ ကြံခင်း၊ အင်္ဂပူ၊ မြန်အောင်မြို့နယ် အများစုတွင် မိုးဧည့်မထစပါးသာ အဓိက စိုက်ပျိုးလျက်ရှိသည်။ ခရိုင်အတွင်းလက်ရှိ မိုးဧည့်မထ စပါးဈေးနှုန်းမှာ တင်း ၁၀ဝ လျှင် ကျပ် ၁၁ သိန်းခွဲ-၁၂ သိန်းခွဲ ဝန်းကျင်ဈေး၊ ဆန်တစ်အိတ်လျှင် ကျပ် ၄၀၅၀ဝ-၄၂၀ဝ၀ ဈေး အတွင်း ရောင်းဝယ်လျက်ရှိပြီး ဈေးနှုန်းမှာ စပါးအရည်အသွေးပေါ်မူတည်၍လည်း ကျပ် သောင်းဂဏန်းဝန်းကျင် ဈေးနှုန်း ကွာခြားမှုရှိကြောင်း၊ အဓိကဈေးကွက်အနေဖြင့် ခရိုင်အတွင်း နှင့် ရန်ကုန်၊ အညာဒေသများသို့တင်ပို့ရောင်းချမှုရှိပြီး လက်ရှိ စပါးဈေးနှုန်းမှာ ပေါ်ခါစ အောက်တိုဘာလ၊ နိုဝင်ဘာလမှ ယခုအချိန်ထိ စပါးတင်း ၁၀ဝ လျှင် ကျပ် တစ်သိန်းဝန်းကျင်နှင့် ဆန်တစ်အိတ် ကျပ် ၁၀ဝ၀ ဝန်းကျင် ဈေးနှုန်းမြင့်တက်မှုရှိ ကြောင်း သိရသည်။
မြောင်းမြခရိုင် မြောင်းမြ၊ ဝါးခယ်မ၊ လပွတ္တာ၊ မော်လမြိုင် ကျွန်းမြို့နယ်များတွင် ပေါ်ဆန်းစပါး တင်း ၁၀ဝ လျှင် ကျပ် ၁၅ သိန်းမှ ၁၆ သိန်းဝန်းကျင်ဈေးရှိပြီး ပေါ်ဆန်းဆန်တစ်အိတ် လျှင် ကျပ် ၅၄၀ဝ၀-  ၅၇၀ဝ၀ ဈေးအတွင်း ရောင်းဝယ်လျက်ရှိသည်။ မိုးဧည့်မထစပါး တင်း ၁၀ဝ လျှင် ကျပ် ၁၁ သိန်းခွဲ၊ ၁၂ သိန်းဝန်းကျင်၊ ဆန်တစ်အိတ် ကျပ် ၄၁၀ဝ၀-၄၃၀ဝ၀ ဈေးအတွင်း ဈေးနှုန်းတည်ငြိမ်မှုရှိပြီး အရောင်းအဝယ် ပုံမှန် ဖြစ်နေကြောင်း ဆန်စပါးသတင်းများမှ သိရသည်။
မအူပင်ခရိုင်အတွင်းရှိ မအူပင်မြို့နယ်တွင်း ပေါ်ဆန်းစပါး တင်း ၁၀ဝ လျှင် ကျပ် ၁၅ သိန်းဝန်းကျင်၊  ဆန်တစ်အိတ် ကျပ် ၅၆၀ဝ၀- ၅၈၀ဝ၀ ဈေး၊ မအူပင်၊ ပန်းတနော်၊ ညောင် တုန်း၊ ဓနုဖြူမြို့နယ်များတွင် မိုးဧည့်မထစပါး တင်း ၁၀ဝ လျှင် ကျပ် ၁၁ သိန်း-၁၂ သိန်းဝန်းကျင်၊ ဆန်တစ်အိတ် ကျပ် ၄၂၀ဝ၀-၄၂၅၀ဝ ဈေးအတွင်း အရောင်းအဝယ်ဖြစ်နေသည်။ ယခုရက်ပိုင်းအတွင်း စပါးဈေး   ကျပ်နှစ်သောင်းဝန်းကျင် ဈေးနှုန်းမြင့်တက်မှုရှိသည်။ မအူပင်ခရိုင်အနေဖြင့် ရန်ကုန် မြို့နှင့်နီးကပ်လျက်ရှိရာ ရန်ကုန်ဈေးကွက်  အရောင်းအဝယ် သွက်လျက် ဈေးနှုန်းမြင့်တက်မှုရှိကြောင်း  သိရသည်။
ဖျာပုံခရိုင်အတွင်းရှိ  ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲမြို့နယ်များတွင် ပေါ်ဆန်းစပါး တင်း ၁၀ဝ လျှင် ကျပ် ၁၅ သိန်းခွဲ-၁၆ သိန်းဝန်းကျင်၊ ဆန်တစ်အိတ် ကျပ် ၅၆၀ဝ၀- ၅၈၀ဝ၀ ဈေးအတွင်း ရောင်းဝယ်လျက်ရှိသည်။ ပေါ်ဆန်းစပါး အမျိုးအစားပေါ်မူတည်၍ ဈေးကွာခြားမှုရှိကြောင်း၊ မိုးဧည့် မထစပါး တင်း ၁၀ဝ လျှင် ကျပ် ၁၁ သိန်းခွဲ-၁၂သိန်းဝန်းကျင် နှင့်  ဆန်တစ်အိတ်  ကျပ် ၄၀ဝ၀ဝ-၄၃၀ဝ၀ ဈေးအတွင်း အရောင်းအဝယ်ဖြစ်နေပြီး လက်ရှိဈေးကွက်အတွင်း အရောင်း အဝယ်ပုံမှန်ရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ   မြို့နယ်များတွင် ဆန်စပါး ဈေးကွက်အနေဖြင့် ပေါ်ဆန်းစပါး တင်း ၁၀ဝ လျှင် ကျပ် ၁၅ သိန်းမှ ၁၆ သိန်းဝန်းကျင်၊ ဆန်တစ်အိတ် ကျပ် ၅၄၀ဝ၀ မှ ၅၈၀ဝ၀ ဈေးအတွင်းနှင့် ဧည့်မထစပါး တင်း ၁၀ဝ လျှင် ကျပ် ၁၁ သိန်းမှ ၁၂ သိန်းဝန်းကျင် ဆန်တစ်အိတ်လျှင် ကျပ် ၄၁၀ဝ၀-၄၂၀ဝ၀-၄၃၀ဝ၀ ဝန်းကျင် အရောင်းအဝယ်ဖြစ်နေ သည်။
စပါးအရည်အသွေးပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုရှိသလို ဆန်ဈေးနှုန်းမှာလည်း တစ်အိတ်ကို ထောင်ဂဏန်းကွာခြားမှုရှိကြောင်း၊   ဈေးကွက်ဝယ်လိုအားရှိသော အရောင်းအဝယ်သွက်သည့် မြို့နယ်များတွင်  ဈေးနှုန်း အနည်းငယ် မြင့်တက်မှုရှိပြီး ကျန်မြို့နယ်များတွင် ပုံမှန်ရောင်းဝယ်လျက်ရှိကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးမှ ဆန်စီးထွက်မှုအနေဖြင့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလက အိတ်ရေ ၁၀၁၆၄၇၁ စီးထွက်ခဲ့ပြီး ဒီဇင်ဘာလတွင် ရန်ကုန်တိုင်းဒေသကြီးသို့ အိတ်ရေ ၁၀၃၉၆၂၈ နှင့် တနင်္သာရီတိုင်း ဒေသကြီးသို့ အိတ်ရေ ၁၇၀ဝ၀ တင်ပို့နိုင် သည့်အတွက် ဒီဇင်ဘာလတွင် အိတ်ရေ ၄၀၁၅၇ ပိုမိုစီးထွက် ခဲ့ကြောင်း သိရသည်။                                
  မင်းမင်းဦး(ပသ)