၂၀၂၆ ခုနှစ် မတ်လဆန်းမှစတင်၍ ဖြစ်ပေါ်နေသော အရှေ့အလယ်ပိုင်းစစ်ပွဲနှင့် နိုင်ငံတကာစီးပွားရေး မတည်ငြိမ်မှုများ၊ စက်သုံးဆီဈေးနှုန်းမြင့်တက်မှုနှင့် သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် အခြေခံပြည်သူများ ဝယ်ယူစားသုံးသော ဆန်ဈေးနှုန်းများအား သင့်တင့်မျှတမှုဖြစ်စေရန်အတွက် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးမှုအစီအစဉ်များကို အောက်ပါအတိုင်း တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှသိရသည်။
ဆန်စက်များတွင် ဧည့်မထဆန်တစ်ပြည်လျှင် ကျပ် ၂၅၀ဝ ကျပ်ဖြင့် ရောင်းချပေးခြင်း၊ ရက်-၉၀နှင့် အခြားသော ပြည်တွင်းစားဆန်များကို ဆန်အမျိုးအစား/အရည်အသွေးပေါ်မူတည်၍ တစ်ပြည်လျှင် ကျပ် ၃၀ဝ၀ မှ ၃၅၀ဝ အတွင်း ရောင်းချပေးခြင်း၊ ဧရာဝတီပေါ်ဆန်းဆန်များကို ဆန်အမျိုးအစား/ အရည်အသွေးပေါ်မူတည်၍ တစ်ပြည်လျှင် ကျပ် ၅၀ဝ၀ မှ ကျပ် ၆၀ဝ၀ အတွင်း ရောင်းချပေးခြင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝါးတန်းနှင့် ဘုရင့်နောင် ကုန်စည်ဒိုင်များတွင် ၂၄ ပြည် ဧည့်မထဆန် တစ်အိတ်လျှင် ကျပ် ၆၀ဝ၀ဝ ဖြင့် ရောင်းချပေးခြင်း၊ ရက်-၉၀ နှင့် အခြားသော ပြည်တွင်း စားဆန်များကို ဆန်အမျိုးအစား/အရည်အသွေးပေါ် မူတည်၍ (၂၄) ပြည်ဆန် တစ်အိတ်လျှင် ကျပ် ၇၀ဝ၀ဝ မှ ကျပ် ၈၅၀ဝ၀ အတွင်း ရောင်းချပေးခြင်း၊ ဧရာဝတီပေါ်ဆန်းဆန်များကို ဆန်အမျိုး အစား/အရည်အသွေးပေါ် မူတည်၍ (၂၄) ပြည်ဆန်တစ်အိတ်လျှင် ကျပ် ၁၂၀ဝ၀ဝမှ ကျပ် ၁၄၀ဝ၀ဝ အတွင်းရောင်းချပေးခြင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ၊ စက်ရုံများမှ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဌာနများအတွက် ၁၅ % ဧည့်မထ (၁၀) ကီလို ငါးပြည်အိတ် တစ်အိတ်လျှင် ကျပ် ၁၂၅၀ဝ၊ ဧရာဝတီပေါ်ဆန်း (၁၀) ကီလို ငါးပြည်အိတ် တစ်အိတ်လျှင် ကျပ် ၂၈၀ဝ၀ ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် စက်မှုဇုန်များ၊ စက်ရုံများနှင့် လူမှုရေး၊ ဘာသာရေး၊ ပညာရေး အသင်းအဖွဲ့၊ အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများအနေဖြင့် ဆန်လိုအပ်ချက်ရှိပါက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဖုန်း-ဝ၉-၄၀ဝ၀၆၇၂၄၀၊ ဝ၉-၄၀ဝ၀၆၇၂၅၀၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း ဖုန်း-ဝ၉-၄၅၇၈၀ဝ၃၁၁၊ ဝါးတန်းကုန်စည်ဒိုင် ဖုန်း-ဝ၉-၅၁၂၃၄၁၄၊ ဝ၉-၅၁၅၂၆၀၁၊ ဘုရင့်နောင်ကုန်စည်ဒိုင် ဖုန်း-ဝ၉-၇၆၉၀၂၉၄၂၈ စသည့် အသင်းများ၏ ဖုန်းနံပါတ်များသို့ ဆက်သွယ်ညှိနှိုင်း ဝယ်ယူရရှိနိုင်ကြောင်း သိရသည်။
ကိုတိုး
