Main menu

Background

ပြည်ကြက်သွန်နီဈေးငြိမ်နေ၍ အရောင်းအဝယ်ပုံမှန်ဖြစ်

Wed, 05/23/2018 - 13:06 -- journal_editor

ယခုတစ်ပတ် ပြည်ဈေးကွက်သို့ ရေနံချောင်း၊ အောင်လံ၊ တောင်တွင်း စတဲ့နယ်များမှ ကြက်သွန်နီများ တစ်ရက်လျှင် ကားတစ်စီးကို ပိဿာ(၃၀) ဝင်အိတ် ၃၀၀-၄၀၀ ဆံ့ ကား  ၃  စီးခန့် ပုံမှန်ဝင်ရောက်မှုရှိနေတာ တွေ့ရပါတယ်။

ဝင်ရောက်မှု ပုံမှန်ရှိသလို အရောင်းအဝယ်အနေဖြင့် လည်း ဒေသတွင်းဝယ်လက်များ၊ အိတ်ဆွဲသမားများနှင့် ဧရာ ဝတီတိုင်း၊ ရခိုင်ပြည်နယ်တို့သို့ တင်ပို့မှုအပါအဝင် တစ်ရက် ကို ဝင်ရောက်မှုရဲ့ ထက်ဝက်ခန့် ပုံမှန်အရောင်းအဝယ်ဖြစ်နေ ကြောင်း သိရ ပါတယ်။ ဝင်ရောက်လာသော ကြက်သွန်နီများ မှာ အရည်အသွေးကောင်းပြီး ဈေးနှုန်းလည်း  ချိုသာသဖြင့် အချို့စားသုံးသူများသည် ဝယ်ယူစုဆောင်း  သိုလှောင်လျက် ရှိနေကြောင်းလည်း သိရပါတယ်။ ဈေးနှုန်းအနေနဲ့ ဈေးငြိမ် လျက်ရှိပြီး ပွဲရုံလက်ကားဈေး တစ်ပိဿာကို အရည်အသွေး ပေါ်မူတည်၍ ကျပ် ၄၅၀၊ ကျပ် ၅၀၀ ၊ ကျပ် ၆၀၀၊ ကျပ် ၆၅၀ စသည်ဖြင့် ခွဲခြားရောင်းချလျက်ရှိပြီး လက်လီဈေးများတွင် (ကြီး)ကျပ် ၇၀၀-၈၀၀၊ (လတ်) ကျပ် ၈၀၀-၈၅၀၊ (သေး) ကျပ် ၆၀၀-၆၅၀ နှုန်းတို့ဖြင့် ရောင်းဝယ်လျက်ရှိနေကြောင်း သိရ ပါတယ်။

ယခုအချိန် ဖြစ်ပေါ်လျက်ရှိတဲ့ ကြက်သွန်နီဈေးနှုန်း များကို ယခင်နှစ်ကာလတူ ဈေးနှုန်းများဖြစ်သော လက်ကား / လက်လီ တစ်ပိဿာ ကျပ် ၉၅၀၊ ကျပ် ၁၁၀၀ တို့နှင့် နှိုင်းယှဉ် ပါက ဈေးနှုန်း အနည်းငယ်ကျဆင်းနေတာ တွေ့ရပါတယ်။

 

ဝင်းလဲ့ဝါ (ပြည်)