Main menu

Background

မွန်ပြည်နယ်၏အစေးလှီးရာသီစတင်ချိန် အရောင်းအဝယ်ဖြစ်မှုနှင့် ဈေးနှုန်းစျေးကွက်အခြေအနေ

Thu, 10/08/2020 - 15:27 -- journal_editor

မွန်ပြည်နယ်သည် ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုများ နှစ်စဉ်တိုးတက်လျက်ရှိသောပြည်နယ် တစ်ခုဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရော်ဘာစိုက်ဧက ၄၉၇၅၂၁၊ အစေးလှီးဧက ၃၂၈၅၀၀၊ အထွက်နှုန်း ၇၁၃ ပေါင်နှင့် အထွက်စုစုပေါင်း ၂၃၄၃၆၆၄၂၄ပေါင်/၁၀၆၃၀၇တန် ထွက်ရှိခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် စိုက်ပျိုးဧက၄၉၈၃၁၂ ဧကရှိသည့်အတွက် စိုက်ဧကတိုးတက်လာကြောင်း သိရှိရသည်။ မိုးများသောဒေသဖြစ်သည့်အတွက် မိုးရာသီကုန်ဆုံးချိန် စက်တင်ဘာ လကုန် အောက်တိုဘာလဆန်းတွင် အစေးလှီးရာသီစတင်လေ့ရှိကြောင်း သိရှိရသည်။

ပြည်နယ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ TSR, Crump Rubber, RSS-3, ဖိနပ်လိုင်း ရော်ဘာပြားနှင့် ရော်ဘာအစေးရည်တို့ဖြစ်ကြောင်း၊ ဖိနပ်လိုင်းရော်ဘာမှာ RSS-3 ထက် ဈေးနှုန်း မြင့်သော်လည်း ဖိနပ်ထုတ်လုပ်သော အထက် မြန်မာပြည်မှ ဝယ်လိုအားပေါ်မူတည်ကြောင်း၊ RSS-3 ရော်ဘာပြားမှာ ဖိနပ်လိုင်းထက် ဈေးနှုန်းအနည်းငယ်နိမ့်ကျသော်လည်း အများဆုံး အရောင်းအဝယ်ဖြစ်ကြောင်းနှင့် အစေးရည်ရောင်းဝယ်မှုမှာ RSS-3 ထက်ဈေးနှုန်းနိမ့်ကျကြောင်း သိရှိရသည်။

မော်လမြိုင်ကုန်စည်ဒိုင်၏ ရော်ဘာစျေးနှုန်းအခြေအနေမှာ ယနေ့ RSS-3 တစ်ပေါင် ကျပ် ၇၁၀ ပေါက်ဈေးဖြစ်ပေါ်နေပြီး ယခင်အပတ်စျေးနှုန်း ကျပ် ၇၂၀ နှင့်နှိုင်းယှဉ်ပါက ကျပ် ၁၀ ကျဆင်းခဲ့ပြီး ယခင်နှစ်အလားတူကာလတွင် RSS-3 တစ်ပေါင် ကျပ် ၇၈၀ ပေါက်စျေးရှိသည့်အတွက် ယခင်နှစ်စျေးနှုန်းအောက် တစ်ပေါင်လျှင်ကျပ် ၇၀ ကျဆင်းနေကြောင်း ရော်ဘာဈေးကွက်အတွင်းမှ သိရှိရသည်။

ဝင်းမြတ် (ရာမညကုန်သွယ်မှုဗဟိုဌာန)