Main menu

Background

ပြည်မြို့၏ ဖူးစားပြောင်း ဈေးနှုန်းဈေးကွက်

Tue, 12/20/2022 - 11:14 -- journal_editor

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်တွင် ဖူးစားပြောင်းကို  မိုးရာသီနှင့် ဆောင်းရာသီတွင် စိုက်ပျိုးကြသည်။ မိုးရာသီတွင် စိုက်ပျိုးသော ဖူးစား ပြောင်းကို မေလနှင့်ဇွန်လတွင် စိုက်ပျိုးပြီး စက်တင်ဘာနှင့်  အောက်တိုဘာတို့တွင်  ရိတ်သိမ်းရသည်။  ဆောင်းရာသီတွင် စိုက်ပျိုးသော ဖူးစားပြောင်းကို   အောက်တိုဘာနှင့်   နိုဝင်ဘာတို့တွင် စိုက်ပျိုးပြီး ဖေဖော်ဝါရီနှင့် မတ်လတို့တွင် ရိတ်သိမ်းသည်။  ပြည်ခရိုင်အနေဖြင့် ဖူးစားပြောင်း (မိုး) စိုက်ဧကမှာ ၈၃၂၁ ဧကရှိပြီး တစ်ဧကအထွက်နှုန်းမှာ အဖူးရေ ၂၄၆၉၆ဖူး ထွက်ရှိသည်ဟု သိရှိရသည်။  ပြည်မြို့တွင် ဖူးစားပြောင်း(မိုး)စိုက်ဧကမှာ ၈၀၂ ဧက၊ ပေါက်ခေါင်းမြို့နယ်တွင် ၉၀၁ ဧက၊ ပန်းတောင်းမြို့နယ်တွင် ၅၇၄၁ ဧက နှင့် ရွှေတောင်မြို့နယ်တွင် ၈၇၇ ဧက စိုက်ပျိုးရိတ်သိမ်းပြီးဖြစ်သည်။  ဖူးစားပြောင်း(ဆောင်း)ဧကမှာ ယခု အချိန်အထိ ၆၁၇၀  ဧက စိုက်ပျိုးထားပြီးဖြစ်သည်။ စိုက်ဧကအနေဖြင့်  ပြည်မြို့နယ်တွင် ၂၃၄ ဧက၊   ပေါက်ခေါင်းမြို့နယ်တွင်   ၉၄  ဧက၊ ပန်းတောင်းမြို့နယ်တွင် ၂၉၈၂ ဧက နှင့်  ရွှေတောင်မြို့နယ်တွင် ၂၈၆၀ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်းလည်း သိရသည်။
ပြည်မြို့နယ်အတွင်းရှိ ကျေးရွာများအနေဖြင့် ဖူးစားပြောင်း အများဆုံး စိုက်ပျိုးသည့်ကျေးရွာများမှာ ခွေးရဲကျေးရွာ၊ မှော်ဇာကျေးရွာတို့တွင်  စိုက်ပျိုးကြပြီး ကျန်ကျေးရွာများတွင်လည်း စိုက်ပျိုးကြသည်။ စိုက်ပျိုးသည့်မျိုးများမှာ ပြောင်းစေးနှင့် သကြားပြောင်းတို့  ဖြစ်သည်။ ပြည်ခရိုင်အနေဖြင့်ဖြင့် အများဆုံးစိုက်ပျိုးသော ဖူးစားပြောင်းမှာ အဖြူ မျိုးဖြစ်ပြီး သကြားပြောင်း (ခ) ပြောင်းဝါကို အနည်းငယ်သာ စိုက်ပျိုးကြ သည်။ ပြောင်းဖူးစိုက်ပျိုးလျှင် အစေ့ကိုသာ စိုက်ပျိုးပြီး စိုက်စနစ်မှန်ကန်စွာ စိုက်ပျိုးပါ တစ်ဧကလျှင် အပင်ပေါင်း တစ်သိန်းကျော် ဝင်ဆံ့သည်ဟု သိရှိရသည်။ ပြောင်းဖူးပင်တစ်ပင်လျှင် တစ်ဖူးသာထွက်ရှိပြီး  အပင် ကောင်းလျှင် နှစ်ဖူးခန့်ထွက်ရှိသည်ဟု  သိရှိရသည်။ ပြောင်းဖူး စိုက်ပျိုး ရန်  သင့်တော်သောမြေမှာ စနယ်မြေ၊ နုန်းမြေနှင့် သဲနုန်းမြေတို့တွင် အောင်မြင်ဖြစ်ထွန်းသည်။ ပြောင်းဖူးပင်  တစ်လသားတွင် ကြီးထွားမှု နှေးသဖြင့်   အထွက်နှုန်းကောင်းစေရန် ပေါင်းမြတ်များကို ရှင်းလင်းပေးရန် လိုအပ်ပါသည်။ ဖူစားပြောင်း တစ်ဧကလျှင်  စိုက်ပျိုးထုတ်လုပ် ကုန်ကျစရိတ်မှာ ကျပ်ရှစ်သိန်းခန့် ကုန်ကျပြီး တစ်ဧက ဝင်ငွေအနေဖြင့် ၁၆သိန်းကျော်ရရှိ၍ တောင်သူအကျိုးအမြတ်အနေဖြင့် ကျပ်ရှစ်သိန်းခန့် ရရှိသည်ဟု သိရသည်။ ပြောင်းဖူးကို စိုက်ပျိုးပြီး နှစ်လခွဲ၊  သုံးလအကြာတွင် ခုတ်ယူနိုင်ပါသည်။ ပြောင်းဖူးတစ်ဖူးလျှင် အခင်းဈေး ၁၅၀- ၂၀ဝကျပ်အထိ ဈေးရှိပြီး လက်လီဈေးမှာ တစ်ဖူးလျှင် ၂၅၀-၃၀ဝ ကျပ်ဈေး ဖြင့် ရောင်းချလျက်ရှိသည်။ ထွက်ရှိလာသော ပြောင်းဖူးများကို ဒေသတွင်း စားသုံးရန်ရောင်းချသည့်အပြင် ရန်ကုန်ဈေးကွက်သို့လည်း တင်ပို့ရောင်းချကြသည်။
ဖူးစားပြောင်း စိုက်ပျိုးသူတောင်သူများအနေဖြင့် မျိုးစေ့ မှန်ကန် ၍ စိုက်ပျိုးစနစ်မှန်ကန်ပါက စိုက်ပျိုးသမျှ ပြောင်းစေ့တိုင်း အပင်ပေါက် ပြီး တောင်သူများအတွက် အမြတ်အစွန်းမှာ  ပိုမိုရရှိပြီး မိမိတို့ မိသားစုလည်း စားသုံးနိုင်သည့်အပြင် ဝင်ငွေလည်း   တိုးတက်လာသဖြင့် ပိုမို တိုးချဲ့စိုက်ပျိုးသင့်ကြောင်း လေ့လာသုံးသပ် တင်ပြအပ်ပါသည်။

ဝေဝေမင်း (ပြည်)