Main menu

Background

ပြင်ဦးလွင်ဆွယ်တာ ဈေးကွက်

Tue, 12/20/2022 - 13:09 -- journal_editor

၂၀၂၃နှစ်သစ်ကိုရောက်ရှိတော့မည်ဖြစ်ပြီး ၂၀၂၂ နောက်ဆုံးလဖြစ်သည့် ဒီဇင် ဘာလသည်  ပြင်ဦးလွင်၌ ယခင်နှစ်များထက် အအေးဓာတ်ပိုမိုသည့်  နှစ်ဖြစ်သောကြောင့် ပြင်ဦးလွင်မြို့ရှိ  ဆွယ်တာဆိုင်များမှာ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များဖြင့် စည်ကားပြီး ဆွယ်တာအထည်များ ရောင်းဝယ်အား ယခင်နှစ်တွေထက်  များပြားကြောင်း လေ့လာသိရှိရသည်။
ပြင်ဦးလွင်မြို့သည် တောင်ပေါ်မြို့ လေးတစ်မြို့ဖြစ်ပြီး အေးမြသည့် ရာသီဥတုကို  ပိုင်ဆိုင်ကာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး  လည်ပတ်အပန်းဖြေစရာ နေရာစုံရှိသည့် ဆွယ်တာအနွေးထည်ကဲ့သို့ ဒေသထွက် အမှတ်တရပစ္စည်းများစွာ ထွက် ရှိသည့်မြို့လည်းဖြစ်ပါသည်။  ဝန်ကြီးဌာန၏ SMS လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ၂၀၁၉ ခုနှစ်မှစတင်ကာ မြို့နယ်အတွင်းရှိ ဆွယ်တာလုပ်ငန်းရှင်များအား စုဖွဲ့ကာ ဆွယ်တာထုတ်လုပ်သူများအသင်းအစုအဖွဲ့   စတင်ဖွဲ့စည်းနိုင်ခဲ့ပြီး ယခုအခါ တွင် ပန်းချယ်ရီဆွယ်တာသမအသင်းအမည် ဖြင့်လုပ်ငန်းများဆောင်ရွက်လုပ်ကိုင်နေကြပြီဖြစ်သည်။
အသင်းစုတွင် လုပ်ငန်းရှင် ၆၅ ဦးနှင့် လုပ်သားဦးရေ ၂၃၀ ရှိပြီး  ဆွယ်တာစက် အလုံးရေ ၂၀ဝ ဖြင့်  လက်ခစား နဝလီအနေဖြင့် ထုတ်လုပ် လည်ပတ်လျက်ရှိသည်။ ပြင်ဦးလွင်မြို့ပေါ်ရှိ   ဆွယ်တာဆိုင်ကြီးများနှင့် မန္တလေးကုန်သည်များမှ တရုတ်နှင့်ထိုင်း နိုင်ငံတို့မှ ကုန်ကြမ်းချည်ခင်များ တင်သွင်း၍ ဆွယ်တာထုတ်လုပ်သူ  လုပ်ငန်းရှင်များထံသို့ မိမိကြိုက်နှစ်သက်သည့် ဒီဇိုင်းများအား လက်ခဈေးနှုန်း    ညှိနှိုင်းအပ်နှံကြခြင်းဖြစ်သည်။  လက်ခဈေးနှုန်းအနေဖြင့် အနိမ့်ဆုံး တစ်ထည်လျှင် ကျပ် ၉၀ဝနှင့်အမြင့်ဆုံး ကျပ် ၂၁၀ဝ အထိ ဈေးနှုန်းရှိသည်။ကုန်ကြမ်းချည် ဈေးမှာ လက်ရှိ တစ်ပေါင်လျှင် ကျပ် ၆၇၀ဝ ဈေးပေါက်နေသည်။
လုပ်ငန်းရှင်များ၏ အကျိုးအမြတ်မှာ အနိမ့်ဆုံး ဆွယ်တာတစ်ထည် လက်ခကျပ် ၉၀ဝ တွင်   လုပ်သားခ ကျပ် ၄၅၀ ပေးရ၍ အသားတင်အမြတ် ကျပ် ၄၅၀ ကျန်ပြီးအမြင့် ဆုံးလက်ခ  ကျပ် ၂၁၀ဝ ကျပ်တွင် လုပ်သားခ ကျပ် ၁၆၀ဝ ပေးရ၍   အသားတင်အမြတ် ကျပ် ၅၀ဝ ကျန်ရှိကြောင်း သိရသည်။ တစ် ရက်လျှင် ဆွယ်တာ ကလေးအထည် ၁၅၀ဝ နှင့် လူကြီးအထည်  ၆၅၀ ရက်လုပ်နိုင်သော ကြောင့်တစ်လလျှင် ကလေးအထည်၄၅၀ဝ၀  နှင့် လူကြီးအထည် ၁၉၅၀ ထည်   လုပ်နိုင်သည်။ ဆွယ်တာလုပ်ငန်းရှင်များ၏ အကျိုးအမြတ်အနေဖြင့် လက်ရှိဆွယ်တာကုန်ကြမ်း ချည်တစ်ပေါင်လျှင် ကျပ် ၆၇၀ဝ ရှိပြီး ကလေးအထည်လေးထည်ဆိုဒ်  ရက်လုပ်နိုင်ပြီး ချည်ဖိုးနှင့် လက်ခ စုစုပေါင်း ကျပ် ၁၀၃၀ဝ ကျသင့်သည်။  ပြန်လည်ရောင်းချ ရာတွင် တစ်ထည်လျှင် ကျပ်  ၄၀ဝ၀ ဈေး ရရှိ၍    ချည်တစ်ပေါင်လျှင်   အသားတင် အမြတ်ငွေကျပ် ၅၇၀ဝ ရရှိကြောင်း ဆွယ် တာဆိုင်များ၏    လက်ရှိရောင်းဝယ်မှုဈေး ကွက်အရသိရှိရသည်။
လက်ရှိဆွယ်တာဈေးကွက်အနေဖြင့် ပြင်ဦးလွင်မြို့ရှိ   ဆိုင်ကြီးများနှင့် ကန်တော်ကြီး၊  ဘီအီးရေတံခွန်၊ ပိတ်ချင်းမြောင်လိုဏ် ဂူတော်၊    တရုတ်ဘုံကျောင်း စသည့် အထင်ကရနေရာများတွင် ရောင်းချနေပြီး မန္တလေး ကုန်သည်အများစုအနေဖြင့် ၁၀ရက်တစ်ခါ လာရောက်၍ ၎င်းတို့အပ်ထည်များကို သိမ်းယူပြီး မန္တလေးဈေးချိုတော် ဆိုင်များမှတစ်ဆင့် နယ်မြို့များသို့ ပြန်လည်ဖြန့်ဖြူး ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
    အောင်မင်းနိုင်