
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်တွင် နနွင်း များ စတင်ထွက်ပေါ်နေပြီး ယခင်နှစ်ထက် ဈေးပိုရနေကြောင်း နနွင်းစိုက်တောင်သူများထံမှ သိရသည်။
ကျောက်ဆည်ခရိုင်တွင် နနွင်းစိုက်ဧကပေါင်း ၂၃၅၈ ဧကရှိ၍ နနွင်းများကို မိုးဦးကျကာလတွင် စတင်စိုက်ပျိုးပြီး မြစ်သားမြို့နယ်တွင် ရွာခိုင်ကြီး၊ လွန်ကျော်၊ မဿဲ၊ စမြှောင်၊ ပေတော၊ ဒါးဝယ်အင်းကျေးရွာများတွင် အများဆုံး စိုက်ပျိုး ကြကြောင်း၊ တစ်ဧက ကုန်ကျစရိတ်မှာ ကျပ် ခုနစ်သိန်းမှ ရှစ်သိန်းခန့်ထိ ကုန်ကျကြောင်းသိရသည်။
တစ်ဧကအထွက်နှုန်းမှာ နနွင်းအစို ၂၅ တင်းဆံ့ လှည်းရှစ်စီးမှ ၁၀ စီးအထိ ထွက်ရှိ၍ တင်း ၂၀ဝ မှ ၂၅၀ ရကြောင်း၊ နနွင်းတက် လှည်းတစ်စီးကို အခြောက်ခံလျှင် နနွင်းအခြောက် ပိဿာချိန် ၇၀ ထွက်ရှိ၍ တစ်ဧကလျှင် အခြောက်ပိဿာချိန် ၅၆၀ မှ ၇၀ဝ ထိရကြောင်း၊ မြေဆီနှင့်မြေသြဇာ ထည့်မှုအပေါ် မူတည်၍ အထွက်နှုန်း ကွာခြားကြောင်း၊ ပွဲစားများက နနွင်း အစို လှည်းတစ်စီးလျှင် ကျပ်နှစ်သိန်း၊ နနွင်းအခြောက် ပိဿာ ချိန် ၁၀ဝ လျှင် ကျပ် လေးသိန်းပေး၍ ဝယ်ယူနေကြောင်း၊ မြစ်သား၊ ကူမဲ ရှိ ပွဲရုံများနှင့် မန္တလေးပွဲရုံများသို့ တင်ပို့ရောင်းချ လျက်ရှိကြောင်း၊ အထွက်နှုန်းကတော့ အရင်နှစ်ထက် ပိုမထွက်ပေမယ့် ဒီနှစ်မှာဈေးပိုရကြောင်း မြစ်သားမြို့နယ် ပေတောရွာမှ နနွင်းစိုက်တောင်သူ ဦးဇော်နိုင်က ပြောသည်။
နနွင်းပိဿာချိန် ၁၀ဝ လျှင် ယခင်နှစ် နနွင်းပေါ်ချိန်က ကျပ် နှစ်သိန်းခွဲသာရရှိကြောင်း၊ ယခုနှစ်တွင် ဈေးကောင်းရ သောကြောင့် အကျိုးအမြတ်ရရှိကြောင်း၊ နနွင်းသီးနှံသည် အခြားသီးနှံများနှင့်နှိုင်းယှဉ်ပါက တောင်သူများအနေဖြင့် အကျိုးအမြတ်ရှိပြီး ဝင်ငွေကောင်းသော သီးနှံဖြစ်သည့် အတွက် တိုးချဲ့စိုက်ပျိုးသင့်ကြောင်း နနွင်းစိုက် တောင်သူများ ၏ ပြောကြားချက်အရ သိရသည်။
မြင့်မြင့်လှိုင်
(ရတနာပုံကုန်သွယ်မှုဗဟိုဌာန)