Main menu

Background

ကြို့ပင်ကောက်မြို့နယ် ငွေဒါးရကျေးရွာတွင် စီးပွားဖြစ် စံပယ်ပန်းများ စိုက်ပျိုး

Fri, 03/03/2023 - 11:29 -- journal_editor

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် အတွင်းရှိ သပြေရုံအုပ်စု ၊ ငွေဒါးရကျေးရွာတွင်  အိမ်ခြေစုစုပေါင်း ၅၀ကျော်ခန့် ရှိသည်။ အိမ်ခြေ သုံးပုံ နှစ်ပုံလောက်သည် စံပယ်ပန်းကို စိုက်ပျိုးကြပြီး တချို့မှာ ခြံသီးသန့်စိုက်ပျိုး၍  တချို့မှာ အိမ်ခြံဝန်း အလွတ်များတွင် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။
သပြေရုံအုပ်စု၊  ငွေဒါးရကျေးရွာရှိ  တောင်သူတစ်ဦးသည် စံပယ်ပန်းပင်များကို ဧက၏တစ်ဝက် (၂)ကျိုးစိုက်ပျိုးထားပြီး စံပယ် ပန်းမျိုးမှာ ၁၂ ရာသီပွင့်သော ရန်ကုန်စံပယ်ပန်းမျိုးဖြစ်သည်။ ၎င်း မျိုးကို မှော်ဘီမြို့မှ မျိုးပင်ကိုင်းတက်များကို ဝယ်ယူ၍ စိုက်ပျိုးထား ကြောင်း သိရှိရသည်။ လွန်ခဲ့သော၁၀နှစ်ခန့်က တစ်ပင်လျှင်၂၅ကျပ်၊ ၃၀ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးခဲ့ပြီး ယခုတွင် ကိုင်းတက်တစ်ပင်ကို  ကျပ် ၁၀ဝ၀မှ ၁၅၀ဝ ဖြင့် ဝယ်ယူရကြောင်း သိရှိရသည်။
စံပယ်ပန်းပင်ကို မြောင်းဖော်၍ တစ်မြောင်းလျှင် အပင် ၂၀ဝ နှုန်းဖြင့် မြောင်း၁၃မြောင်း ဖော်စိုက်ပျိုး၍ ယခင်က ရေထမ်းလောင်း ၍ စိုက်ပျိုးပြီး ရေတစ်ခါလောင်းလျှင် ရေထမ်းပေါင်း ၂၀ဝ ထမ်း လောင်းရကြောင်း သိရှိရသည်။ ယခုအခါ   စက်ဖြင့် အလွယ်တကူ မောင်းတင်ရသဖြင့် ရေထမ်းဖိုးငွေ  ကုန်ကျစရိတ်  သက်သာသွား ကြောင်း သိရှိရသည်။
မြေသြဇာအနေဖြင့် (အာမို)ဓာတ်ဆားကို ၁၅ရက် တစ်ပတ် လျှင် ငါးပိဿာကျွေးရကြောင်း သိရှိရသည်။ တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀၊ ပန်းပွင့်အားဆေးကို ၁၅ရက် တစ်ပတ်လျှင် အထပ် ၂၀ ပွင့် ဆေးတစ်ဘူးကျပ်   ၆၀ဝ၀ ဖြင့် ဝယ်ယူသုံးစွဲရကြောင်း သိရှိရသည်။ စံပယ်ပန်းသည် ရာသီမရွေးပွင့်၍  နွေရာသီနှင့်မိုးရာသီတွင်  အပွင့် ရေ အများဆုံးပွင့်ပြီး ဆောင်းရာသီတွင် အပွင့်ရေ  နည်းပါးစွာ ပွင့် ကြောင်း သိရှိရသည်။
တစ်ရက်လျှင် ပန်းပွင့်အဖူးရေ  ၂၀ဝ၀ဝကိုအပ်ချည်ဖြင့် သီကုံး ရသည်။ အပ်ချည်လုံး တစ်လုံးလျှင် ကျပ် ၂၀ဝ ဖြင့် သီခ၊ ခူးဆွတ်ခကို အလုပ်သမ လေးယောက်ဖြင့် သီကုံး ခူးဆွတ်ပြီး နာရီပိုင်းလေးအတွင်း ပြီးဆုံးကြောင်း သိရှိရသည်။ အဆိုပါ နာရီပိုင်းအတွင်း  သီကုံးခူး ဆွတ်ခအနေဖြင့် အလုပ်သမလေးများအား ကျပ် ၁၀ဝ၀ဝ ပေးချေရ ကြောင်းသိရှိရပြီး  တစ်နေ့ ဝင်ငွေအားဖြင့်  ကျပ် ၃၀ဝ၀ဝ မှ ၄၀ဝ၀ဝ ထိ ရရှိကာ တရားပွဲ၊ အလှူပွဲ ၊ မင်္ဂလာဆောင်များရှိလျှင် ပို၍အရောင်း သွက်လျက်ရှိကြောင်း သိရှိရသည်။
ဈေးကွက်အနေဖြင့် လက်ပံတန်းမြို့သို့ နံနက်ပိုင်းဆိုင်ကယ်ဖြင့် သွား‌ရောက်၍ ဖောက်သည်ပေးရကြောင်း သိရှိရသည်။ ဖောက် သည်ကို ပန်း၁၀ ပွင့်ပါ အကုံးရေ ၁၀ဝလျှင် ကျပ် ၁၅၀ဝ ကျပ်ဖြင့် တစ်နေ့လျှင် အကုံးရေ ၂၀ဝ၀ ခန့်   ‌ရောင်းချရကြောင်း   သိရှိရသည်။ စံပယ်ပန်း စိုက်ပျိုးခြင်းဖြင့် နေ့စဉ် စားဝတ်နေရေး အဆင်ပြေနိုင် ကြောင်းနှင့် စီးပွားဖြစ်ပန်းအနေဖြင့်  တိုးချဲ့စိုက်ပျိုးမည်ဖြစ်ကြောင်း သိရှိရသည်။                             

ရီရီရှိန်(ကြို့ပင်ကောက်)