Main menu

Background

နောင်ချိုမြို့နယ်တွင် တရုတ်မျိုး အာလူးစိုက်ပျိုးမှု အောင်မြင်နေ

Fri, 03/31/2023 - 13:19 -- journal_editor

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  ကျောက်မဲခရိုင်  နောင်ချိုမြို့နယ်၊ ဘန့်ဘွေးကျေးရွာအုပ်စု၊ ကျောင်းကုန်းရွာတွင် တရုတ်မျိုးအာလူး စိုက်ပျိုး ခြင်းအားဖြင့်  မိသားစုစားဝတ်နေရေးအတွက် အထောက်အကူဖြစ်နေကြောင်း သိရှိရသည်။
ကျောင်းကုန်းရွာသည်    မန္တလေး-လားရှိုး လမ်းမကြီးမှ သုံးမိုင်အကွာတွင် တည်ရှိ၍ တိုင်းရင်းသား လူမျိုးပေါင်းစုံနေထိုင်ရာ ရွာလေးဖြစ်ကြောင်း သိရှိရသည်။ အိမ်ခြေ ၁၅၀ ကျော်ရှိသည့် အနက် အိမ်ခြေ ၅၀ ဝန်းကျင်သည်  အာလူးစိုက် တောင်သူများဖြစ်ကြောင်း သိရှိရသည်။    
ယခင်က အောင်ပန်းအာလူးမျိုး   စိုက်ပျိုးခဲ့သော်လည်း အာလူးအထွက်နှုန်း နည်းပါးခြင်းကြောင့် တောင်သူများက တရုတ်ပြည်မှလာသည့် တရုတ်အာလူးမျိုးကို ပို၍စိတ်ဝင်စားပြီး အဓိကစိုက်ပျိုးလာကြကြောင်း၊ ၂၀၂၀ပြည့်နှစ်တွင် အိန္ဒိယကုမ္ပဏီတစ်ခုမှ အာလူးမျိုးတစ်မျိုး  စိုက်ပျိုး ခဲ့သော်လည်း သက်တမ်းတိုလွန်း၍အာလူးအထွက် နှုန်း နည်းပါးလှသည့်အတွက် အရှုံးပေါ်ခဲ့ကြောင်း သိရှိရသည်။
ယခုအခါ ကျောင်းကုန်းရွာတွင် တရုတ် လူမျိုးအာလူးစိုက် တောင်သူ ၅၀ ခန့်သည်  ဧက ၇၀ စိုက်ပျိုးလျက်ရှိပြီး  ရေသွင်းစိုက်ပျိုးနည်းဖြင့် အများဆုံးစိုက်ပျိုးကြကြောင်း၊  နိုဝင်ဘာလနှင့် ဒီဇင်ဘာလမှ    စတင်စိုက်ပျိုးပြီး   မတ်လကုန်မှ အသီး ရိတ်သိမ်းကြကြောင်း၊ သွင်းအားစုအနေဖြင့် နွားချေး၊ ကြက်ချေး၊ ပုလဲမြေသြဇာများ ကျွေးရပြီး အားဆေးအနေဖြင့် ပိုးသတ်ဆေး၊  မှိုဆေးများ ပတ်ဖျန်းခြင်းဖြင့် အပင်များ  ကြီးထွားလာပြီး အထွက်နှုန်း အားကောင်းစေကြောင်း၊   ပြောင်း ရာသီချိန်ပြီးမှ အာလူးသီးသန့်စိုက်ပျိုးရကြောင်း၊ အာလူးစိုက်ပျိုးရာတွင်  နှစ်ခြမ်းခွဲ၍ စိုက်ပျိုးရကြောင်း၊ တစ်ဧကလျှင် ပိဿာ ၇၀ဝ မှ ၉၀ဝ အထိ စိုက်ပျိုးကြကြောင်း သိရှိရသည်။
စိုက်ပျိုးထွက်ရှိမှုမှာ တစ်ဧကလျှင်ပိဿာ ၆၀ဝ၀ မှ ၉၀ဝ၀ အထိ ဖြစ်ထွန်းနိုင်သည်။ ဈေးနှုန်း အခြေအနေမှာ ရာသီပေါ်ခါစ  တစ်ပိဿာလျှင် ကျပ် ၁၇၀ဝမှ ကျပ် ၂၀ဝ၀ အထိရှိပြီး နောက်ပိုင်း တွင် တစ်ပိဿာလျှင် ကျပ် ၁၃၀ဝမှ ကျပ် ၁၅၀ဝ အထိ ဈေးနှုန်းကျဆင်းသွားနိုင်ကြောင်း၊ တင်ပို့ ရောင်းချမှုအနေဖြင့်  နောင်ချိုမြို့နယ်အတွင်းရှိ ကျေးရွာများနှင့်  ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်း ဒေသကြီးမှ ပွဲစားများမှတစ်ဆင့် တင်ပို့ရောင်းချကြောင်း သိရှိရသည်။
ယခုနှစ်တွင်  အာလူးဈေးကွက်တစ်ပိဿာ လျှင် ကျပ် ၃၀ဝ မှ ကျပ် ၄၀ဝ အထိ ဈေးနှုန်းကျဆင်း လာကြောင်း၊ ယခင်နှစ်နှင့် ယခုနှစ်  နှိုင်းယှဉ်ကြည့် ပါက အာလူးမျိုးစေ့ ဝယ်လိုအားကောင်း၍ ယခင် နှစ်များထက် တိုးချဲ့စိုက်ပျိုးလာနိုင်မည်ဟု အာလူး စိုက်တောင်သူကြီးတစ်ဦး၏  ပြောကြားချက်အရ သိရသည်။                    

ပေါင်ခန့်လန့်(နောင်ချို)