Main menu

Background

ဧပြီလဆန်းမှ စတင်ကာ ပြည်တွင်းရော်ဘာဈေးနှုန်းများ ပြန်တက်နေ

Mon, 04/24/2023 - 15:21 -- journal_editor

ယခု ဧပြီလဆန်းမှစတင်ကာ ပြည်တွင်း ရော်ဘာဈေးနှုန်းများ ပြန်လည်မြင့်တက်နေကြောင်း ရော်ဘာလုပ်ငန်းရှင်များထံမှ သိရသည်။  အဆိုပါ ရော်ဘာဈေးနှုန်းများမှာ  ပြည်တွင်းဈေးကွက်တွင် ပြီးခဲ့သည့် မတ်လအတွင်း ဈေးကောင်းရရှိခဲ့ရာမှ တဖြည်းဖြည်း ကျဆင်းလာခဲ့ကာ  ယခု ဧပြီလတွင် ဈေးနှုန်းများ    ပြန်လည်မြင့်တက်လာခြင်းဖြစ် ကြောင်း မုဒုံမြို့နယ်မှ ရော်ဘာစိုက်ပျိုးထုတ်လုပ် သူတစ်ဦးက ဧပြီ ၂၀ ရက်တွင် ပြောသည်။
“ဈေးနည်းနည်းပြန်တက်လာတယ်။ ပြီးခဲ့တဲ့ မတ်လလယ်ကစပြီး ကမ္ဘာ့ရော်ဘာဈေးကျလို့ ပြည်တွင်းဈေးပါ ကျနေရာကနေ အခုပြန်တက်လာတာပါ။ တရုတ်ဈေးကွက်အပြင် ထိုင်းဈေးကွက်မှာလည်း ဈေးတက်လာတော့  ပြည်တွင်းဈေးကလည်း နည်းနည်း ပြန်တက်လာတာပေါ့”ဟု ၎င်းက ပြောသည်။ ပြည်တွင်းရော်ဘာဈေးနှုန်းများမှာ ပြီးခဲ့သည့် မတ်လဆန်းက  အထူခြောက် တစ်ပေါင် ပေါက်ဈေး ၁၀ဝ၀ ကျပ်ရှိရာမှ မတ်လ တတိယအပတ်အထိ အထူခြောက်တစ်ပေါင်  ပေါက်ဈေး ၉၄၅ ကျပ်သို့ ကျဆင်းခဲ့ပြီး  ယခု ဧပြီလတွင်တော့ ၉၇၀ကျပ် ဝန်းကျင်အထိ ပြန်လည်မြင့်တက်လာ ခြင်းဖြစ်သည်ဟုဆိုသည်။  မြန်မာနိုင်ငံအနေဖြင့် ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်   ၁၁ လ အတွင်း ပြည်ပသို့ ရော်ဘာတန်ချိန် ၂၀ဝ၀ဝ၀ ကျော် တင်ပို့ထားကာ တရုတ်နိုင်ငံက အများဆုံးဝယ်ယူနေခြင်းဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံအနေဖြင့်မြန်မာ့ရော်ဘာ ထုတ်လုပ်မှု၏ ၇၅ ရာခိုင်နှုန်းအထိ  ဝယ်ယူနေခြင်းဖြစ်ပြီး ကျန်ရော်ဘာထုတ်ကုန်  ၁၇ ရာခိုင်နှုန်းကို အင်ဒိုနီးရှား၊ စင်ကာပူ၊ ဂျပန်၊  အိန္ဒိယနှင့် တရုတ် (တိုင်ပေ)တို့မှ ဝယ်ယူမှုများရှိသကဲ့သို့ အိမ်နီးချင်း ထိုင်းဈေးကွက်သို့လည်း တင်ပို့ရောင်းချမှုများရှိကြောင်း သိရသည်။ ရော်ဘာကို မွန်ပြည်နယ်တွင် အများဆုံး စိုက်ပျိုးလေ့ရှိပြီး အခြားစိုက်ပျိုးမှုအနေနှင့် ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တို့တွင်လည်း  တိုးချဲ့ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ပန်းဆု