Main menu

Background

ပြည်ထောင်စုနယ်မြေ မန်ကျည်းဈေးကွက်အခြေအနေ

Tue, 04/25/2023 - 10:42 -- journal_editor

ပြည်ထောင်စုနယ်မြေအတွင်း ခရိုင်လေးခု၊ မြို့နယ်ရှစ်မြို့နယ်ရှိရာ မြို့နယ်အားလုံးမှ မန်ကျည်း ထွက်ရှိမှုရှိသည်ကို သိရှိရသည်။ မန်ကျည်းထွက်ရှိမှု အနေဖြင့် နှစ်စဉ်ပိဿာချိန် သိန်း ၈၀ အထက်တွင် ရှိနေပြီး ရောင်းဝယ်မှု အနေ အထား အကောင်းဆုံးအခြေအနေကို တပ်ကုန်းမြို့နယ်တွင် တွေ့ရှိရသည်။   မန်ကျည်းသီးရောင်းဝယ်မှု ပုံစံများတွင် အသီးနုတင်ချိန်မှစ၍ အသီးရင့်မှည့်၍ အသီးချွေရန် အချိန်နီးလာသည့် ကာလအထိ အပင်သီးအား အခြေအနေကို ကြည့်၍ ဈေးဖြတ်ကာ ဝယ်ယူမှုရှိနေသည်ဟု သိရသည်။  ဝယ်ယူမှုများ စတင်ချိန်သည် ဇူလိုင်လမှ စတင်၍   ဝယ်ယူမှုများ ရှိသော်လည်း အများဆုံးဝယ်ယူသည့် အချိန်သည် နိုဝင်ဘာလ နှင့် ဒီဇင်ဘာလများဖြစ်သည်ဟု သိရှိရသည်။
မန်ကျည်းဈေးကွက်တွင် မန်ကျည်းရွက်နု၊ အသီးနုနှင့်   အသီးအမှည့် အနေအထားများဖြင့် ဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိသည်ကို တွေ့ရပြီး မန်ကျည်းရွက်နုသည် မန္တလေးဈေးကွက်သို့ တင်ပို့မှုရှိပြီး  မန်ကျည်းသီးအနုနှင့် ရင့်မှည့်ပြီး မန်ကျည်းသီးတို့သည် ရန်ကုန်ဈေးကွက်သို့ တင်ပို့မှု ရှိသည်။   မန်ကျည်းမှည့်သည် ပြည်တွင်းသုံးစွဲမှုအပြင် ပြည်ပသို့တင်ပို့မှုများရှိနေသဖြင့် ပြည်ပဝင်ငွေ ရှာဖွေနိုင်သော အနေအထားတွင်ရှိနေသည်။
မန်ကျည်းအရွက်၊ အသီးရောင်းဝယ်မှုများတွင် ပိဿာချိန်အရေအတွက်နှင့်သာ ရောင်းဝယ်မှုပုံစံရှိနေပြီး  မန်ကျည်းသီးတွင် ထုပ်ပိုးမှုပုံစံနှင့် ကုန်ပစ္စည်းအနေအထားတွင်  ပုံစံပြောင်းလဲမှု အနေအထားများသာ ရှိလာသည်။ ယခင် ၁၀ နှစ်ကျော် ကာလများ  မန်ကျည်းသီးမှည့် တင်ပို့မှုတွင် အစေ့မပါ အနေအထားဖြင့် နှီးခြင်းတောင်းများဖြင့် တင်ပို့မှုရှိသော်လည်း   ယခုအခါ အစေ့ပါအနေ အထားဖြင့် ပီနံအိတ်တွင် ရေစိုခံအိတ်ဖြင့်  ထည့်သွင်းပြီး သင်္ဘောတင်အဆင့် တင်ပို့မှုအခြေအနေသို့ ရောက်ရှိနေသည်ကို တွေ့ရသည်။
မန်ကျည်းရောင်းဝယ်မှုများကို ဒီဇင်ဘာဒုတိယပတ်တွင် စတင်ပြီး ဧပြီလကုန်တွင် နည်းပါးသွားလေ့ရှိသည်ကို  တွေ့ရသည်။ မန်ကျည်းမှည့် အစေ့ပါ အကြောဆွဲ တစ်ပိဿာ ယခင်နှစ် ပေါက်ဈေးနှုန်း ကျပ် ၁၃၀ဝ ဝန်းကျင် ရှိခဲ့ သော်လည်း ယခုနှစ်ဈေးနှုန်း ဖြစ်ပေါ်မှုများတွင် ကျပ် ၁၀ဝ၀ ဈေးဖြင့် ဈေးဖွင့်ခဲ့သော်လည်း မတ်လ ဒုတိယပတ် တွင် ကျပ် ၉၀ဝ ဈေးနှုန်းသို့ လျော့ကျမှု  ရှိခဲ့သည်။ တင်ပို့မှုအခြေအနေတွင် တိုက်ရိုက်သင်္ဘာတင် အဆင့်ဖြင့် ၃၀ ဒသမ ၅ ပိဿာ  ဝင်ဆံ့မှု အနေအထားဖြင့် ရေစိုခံအိတ်ပါ ပီနံအိတ်တွင် ထည့်သွင်းပြီး တင်ပို့မှုအနေအထား၊ ဘလောက်တုံးပုံစံသွင်း၍ ပလတ်စတစ်ထုပ်ပိုးမှုဖြင့် အိတ်သွတ်၍ တင်ပို့မှုများ ရှိနေသည်။
မန်ကျည်းတင်ပို့ရန်အတွက် အိတ်သွတ်၊ ချိန်ချုပ်၊  ကားတင်ခ   ကျပ် ၃၅၀ ခန့် ကုန်ကျမှုရှိပြီး ဘလောက်တုံးပုံစံသွင်း၍   ပလတ်စတစ်ပုံ အိတ်သွတ်လျှင် ကျပ် ၅၀ဝ ခန့်  ကုန်ကျနေပြီး နေပြည်တော်မှ ရန်ကုန်ကားခ တစ်အိတ်ကျပ် ၂၃၀ဝ ရှိနေသည်ဟု သိရှိရသည်။  ပီနံအိတ်နှင့် ရေစိုခံအိတ်သည်  ကျပ် ၄၀ဝခန့်  ကုန်ကျ မှု ရှိနေသည်ကို သိရ သည်။
တပ်ကုန်းမြို့နယ်မှ   ဦးတင်လွန်း၊ ဦးမင်းသိန်းနှင့် ကုန်သည်နှစ်ဦးနှင့် တွေ့ဆုံမှုအရ နှစ်စဉ် ကုန်ချိန်  ၁၅ သိန်းခန့် ဝယ်ယူတင်ပို့မှုများ ရှိခဲ့သည်ဟု သိရှိရပြီး တိုက်ရိုက်သင်္ဘာတင် အဆင့်အထိ ဗီယက်နမ်၊ မလေးရှား၊ ပါကစ္စတန် နိုင်ငံများသို့ တင်ပို့ရန်အတွက် လုပ်ဆောင်ပေးခဲ့ရသည်ဟု သိရသည်။                
ထွန်းမင်းသန့်(နေပြည်တော်)