Main menu

Background

ရွှေတောင်ဒေသထွက် ပိန်းပန်းဈေးကွက်

Tue, 05/09/2023 - 15:35 -- journal_editor

ပိန်းပန်းပင်သည် မြန်မာလိုအခေါ်အဝေါ်ဖြစ်ပြီး အင်္ဂလိပ်လို ဆိုလျှင် Flamingo Flower၊  Tail Flower၊ Painter's Palette၊  Laceleaf စသည်ဖြင့် အမျိုးမျိုး‌ခေါ်ဆိုကြသည်။ မြန်မာပြည်တွင် ပိန်းပန်းပင်များအား လူကြိုက်များသလို ထိုင်း၊ မလေးရှား၊ တရုတ်နှင့် ဖိလစ်ပိုင်တို့တွင်လည်း လူကြိုက်များကြောင်းသိရသည်။
ပိန်းပန်းပင်များသည် ပူနွေးစိုစွတ်သော ရာသီဥတုကို ကြိုက် နှစ်သက်သည်။ ပိန်းပန်းပင်များသည် အရွက်၊ အပွင့်၊ အရောင်၊ အရွယ်အစားမျိုးစုံရှိပြီး ရာသီမရွေး ပန်းများပွင့်ရန်အတွက် ပြုစု ၍စိုက်ပျိုးရသည်။ မူလမျိုးရင်းမှာ အနီရောင်၊ ပန်းရောင်၊ အညိုရောင် နှင့်အဖြူရောင်တို့ဖြစ်ပါသည်။ ပိန်းပန်းပင်များအား စိုက်ပျိုးရာတွင် တိုက်ရိုက်  နေရောင်မထိဘဲ  စိုထိုင်းမှုကို  ကြိုက်နှစ်သက်သည်။ ပိန်းပန်းပင်များ သည် ပုံမှန်အားဖြင့် သုံးလလျှင် တစ်ကြိမ်ပွင့်တက်ပြီး ပွင်းလင်းရာသီနေရောင်ကောင်းစွာ ရရှိလျှင် အပွင့်များစွာပွင့်သည်။ မိုးရာသီ ရောက်လျှင် အပင်များမှ ပင်ပွားများထွက်လာပြီး ထိုပင်ပွား များကို ဖြတ်တောက်၍ မျိုးပွားစိုက်ပျိုးနိုင်သည်။
ပိန်းပန်းပင်များကို အိုးများဖြင့်စိုက်ပျိုးကြပြီး ထိုအိုးများထဲသို့ အုန်းခွံခြောက်၊ အုန်းဆံမှုန့်၊ အုန်းဆံဖတ်၊ မီးသွေးခဲ၊ စပါးခွံပြာနှင့် အုတ်နီခဲအကျိုးအကြေများကိုထည့်၍ စိုက်ပျိုးကြသည်။ ပိန်းပင်များ အား အိုးအတွင်းသို့ထည့်၍ စိုက်ပျိုးလျှင် အပင်များ ခွေခေါက်၍ မနေစေရန် မြေဆွေးများလည်းထည့်၍ စိုက်ပျိုးရသည်။ ရေလောင်း ရာ၌လည်း စိုစွတ်ရုံသာ လောင်းပေးရသည်။ ပိန်းပန်း ပင်မျိုးများအား ပြင်ဦးလွင်နှင့် မန္တလေးမြို့များမှဝယ်ယူပြီး ရွှေတောင်မြို့နယ် တောင် လုံးညိုရွာတွင် စီးပွားဖြစ်စိုက်ပျိုးကြသည်။ ထိုပိန်းပန်းများကို အလှူပွဲ များ၊ မင်္ဂလာဆောင်ပွဲများတွင် အလှပန်းများ ထိုးရာတွင် အသုံးပြု ကြသည်။
ရွှေတောင်ဒေသထွက် ပိန်းပန်းများအား ခြံအတွင်းသို့ လာ ရောက်ဝယ်ယူကြသလို  ရန်ကုန်မြို့သို့လည်း  တင်ပို့ရောင်းချကြ သည်။  ရန်ကုန်မြို့သို့ တင်ပို့ရာတွင် ပိန်းပန်းခက်  ၁၀ ခက် တစ်စည်း အား သတင်းစာစက္ကူဖြင့် ထုပ်ပိုး၍ လေလုံသော စက္ကူပုံးများသို့ ထည့်၍ တင်ပို့ရောင်းချကြသည်။ ယခုအချိန်တွင် အလှူပွဲ၊ မင်္ဂလာ ဆောင်ပွဲများတွင် အလှပန်းအိုးများ ထိုးရန်အတွက် ဈေးကွက်တွင် အရောင်း အဝယ်သွက်နေသဖြင့် တစ်ခက်လျှင် ကျပ် ၂၅၀ နှုန်းဖြင့် ရောင်းချကြောင်း သိရသည်။
ခင်ဆွေဦး(ပြည်)