Main menu

Background

ပြည်တွင်းထုတ်ကုန်ဖွံ့ဖြိုးဖို့ အားလုံးဝိုင်းဝန်းကြိုးပမ်းစို့

Mon, 06/08/2026 - 12:10 -- journal_editor

မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့အတွင်းရှိ အမရပူရမြို့နယ်သည်  စက်ရက်ကန်း၊ လက်ရက်ကန်းများဖြင့် ကျားဝတ်၊ မဝတ်ချည်ချောနှင့် ချည်ကြမ်းဖြင့်ရက်လုပ်သည့် လုံချည်များကို မြန်မာပြည်အနှံ့သို့ တင်ပို့ရောင်းချလျက်ရှိသည်။ 
အမရပူရမြို့ရှိ ရက်ကန်းစက်ရုံများအနေနှင့် ချည်ကုန်ကြမ်း ၂/၈၀ နှင့် ၂/၁၀ဝ ချည်များကို တရုတ်နှင့် အိန္ဒိယနိုင်ငံများမှ ဝင်ရောက်သည့် ချည်များကို အသုံးပြုခြင်း၊ ပိုးချည်အနေဖြင့် တရုတ်နိုင်ငံမှတင်သွင်းသည့်ပိုးချည်များကို အသုံး ပြုခြင်း၊ ပြည်တွင်းချည် အသုံးပြုမှုအနေနှင့် ဝမ်းတွင်းမြို့မှ ထွက်ရှိသည့် ၁/၄၀၊ ၁/၂၀ချည်များကို အသုံးပြုမှုရှိကြောင်း၊ အမရပူရမြို့နယ်အတွင်း စက်ရက်ကန်း၊  လက်ရက်ကန်းစက်ရုံ ၃၀ဝ၀ ကျော်ရှိပြီး ယခုလတ်တလော အမရပူရမြို့နယ်အနေနှင့် ရက်ကန်းစက်ရုံအရေအတွက် ၁၀ဝ၀ ဝန်းကျင်ခန့်လုပ်ငန်း လုပ်ကိုင်ပြီး အချို့လက်ရက်ကန်းစင်များအနေနှင့်  လွန်းရာကျော်နှင့်  ကြိုးကြီးချိတ်များကို  ကြိုတင်အမှာများရှိပါက  လက်ခံဆောင်ရွက်လျက်ရှိသည်။
အမရပူရမြို့နယ် ရက်ကန်းစက်ရုံများမှ   အထည်များ ထုတ်လုပ်မှုအနေနှင့် လုပ်သားဦးရေ ၁၀ဝ ဝန်းကျင်နှင့် တစ်ရက်လျှင် အထည် ၁၀ဝ၀ ကျော်  ထုတ်လုပ်နိုင်ပြီး ပိုးထည်အနေနှင့် ပွဲထိုင်များအတွက် အော်ဒါလက်ခံဆောင်ရွက်ခြင်း၊ ချည်ထည်များကိုဒေသတွင်း ဈေးကွက်နှင့်အညီ ဒီဇိုင်းအသစ် အဆန်းများ ဆန်းသစ်တီထွင်ခြင်း၊ ဌာနဆိုင်ရာနှင့် ကုမ္ပဏီ များမှ  ယူနီဖောင်းများကိုလည်း လက်ခံဆောင်ရွက်လျက်ရှိသည်။ အမျိုးသမီးများအတွက်ချည်ပဝါ၊ ပိုးပဝါလေးများကို   နိုင်ငံခြားခရီးသွားဝင်ရောက်မှုများသည့် အင်းလေးဒေသနှင့် ပုဂံဒေသများသို့ တင်ပို့ရောင်းချလျက်ရှိသည်။ 
အမရပူရမြို့နယ်ရှိ စက်ရက်ကန်းများထုတ်လုပ်သည့် ချည်ထည်ဈေးနှုန်းဈေးကွက်အနေနှင့် ကျားဝတ်ချည်ချော လုံချည်တစ်ကွင်းလျှင် ကျပ် ၁၂၀ဝ၀၊ ကျပ် ၁၅၀ဝ၀၊ ကျပ် ၁၇၀ဝ၀ မှ ကျပ်၂၀ဝ၀ဝ ထိ ဒီဇိုင်းနှင့် ချည်အမျိုးအစားအလိုက် ရောင်းချခြင်း၊ ပိုးပုဆိုးတစ်ကွင်းလျှင်  ကျပ် ၂၅၀ဝ၀ မှ ကျပ် ၅၅၀ဝ၀၊ မာစလိုက်ချည်နှင့် အကွက်စုံ အကြမ်းဝတ်တစ်ကွင်းလျှင် ကျပ် ၈၀ဝ၀ မှ ကျပ် ၁၀ဝ၀ဝ အထိ၊ အဆင်မျိုးစုံ ဗမာချည်ရိုးရိုး တစ်ကွင်းလျှင် ကျပ် ၆၅၀ဝ မှ ကျပ် ၈၀ဝ၀၊ အမျိုးသမီးဝတ် မာစလိုက်ပြောင် ရောင်စုံတစ်ကွင်းလျှင် ကျပ် ၈၅၀ဝ မှ ကျပ် ၉၀ဝ၀၊ ချည်ဒူးနားချိတ် အဆင်စုံတစ်ကွင်းလျှင် ကျပ် ၉၀ဝ၀ မှ ကျပ် ၁၁၀ဝ၀၊ ချည်ချောချိတ်  အဆင်စုံတစ်ကွင်း ကျပ် ၁၅၀ဝ၀ မှ   ကျပ် ၂၀ဝ၀ဝ တို့ဖြင့် ရောင်းချလျက်ရှိသည်။
အမရပူရမြို့နယ်ရှိ ရက်ကန်းလုပ်ငန်းများအနေနှင့် ပွဲထိုင်ချိတ်အမျိုးမျိုး၊ ပိုးစစ်လွန်းရာကျော်ချိတ်များကို နမူနာဒီဇိုင်းများပြ၍  ကြိုတင်မှာယူပါက လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း၊  အမျိုးသမီး၊ အမျိုးသား တူညီဝတ်စုံများကို လည်း မှာယူလိုပါက ဆောင်ရွက်ပေးလျက်ရှိပြီး အမြို့မြို့အနယ်နယ်မှ ကျားဝတ်၊ မဝတ်လုံချည်များကို ၁၀ ကွင်းမှ အစ အကွင်း ၅၀-၁၀ဝ-၂၀ဝ ထိ ဈေးနူန်းမှန်ကန်မှု ပစ္စည်းမှန်ကန်မှုနှင့်  တိတိကျကျ  အရောက်ပို့စနစ်နှင့်  အမြို့မြို့ အနယ်နယ်သို့ တင်ပို့ရောင်းချကြသည်။  
အမရပူရမြို့နယ်မှ ထွက်ရှိသည့်ကျားဝတ်၊ မဝတ်ချည်လုံချည်များသည် အဆင်ဒီဇိုင်းအရောင်အသွေးလှပပြီး လူကြိုက်များသည့် ချည်ထည်များလည်းဖြစ်သည်။ အမရပူရမြို့မှ ရက်ကန်းလုပ်ငန်းရှင်များအနေနှင့် ပြည်တွင်းဈေးကွက် ဖြန့်ဖြူးရာ၌ ပြည်တွင်းကုန်စည်ပြပွဲများတွင် ခင်းကျင်းပြသ ရောင်းချခြင်းဖြင့် မိမိတို့ပစ္စည်းများ ဈေးကွက်ဝယ်လိုအား ကောင်းမွန်စေရန်အတွက် ဆောင်ရွက်လျက်ရှိသည်။
အမရပူရမြို့နယ်အတွင်းရှိ ရက်ကန်းလုပ်ငန်းအသင်း အစုအဖွဲ့အနေနှင့် မိမိတို့လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဈေးကွက်ရရှိရေးနှင့် လုပ်ငန်းစဉ်ဆက်မပြတ်ရရှိရေးတို့အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း ကုန်စည် ပြပွဲများကို ညီနောင်အသင်းများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ ဌာနများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခြင်းများဖြင့် မိမိတို့ထုတ်ကုန်ပစ္စည်းများကို ပြည်နယ်နှင့် တိုင်းအနှံ့ကုန်ပစ္စည်းများ ခင်းကျင်းပြသကာ ဈေးကွက်ရရှိအောင် ဆောင်ရွက်ခြင်းများအပြင် ပြည်ပကုန်စည်ပြပွဲများကိုလည်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်အသင်းသာမက ဝန်ကြီးဌာနများက ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ဖိတ်ခေါ်ပါက ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိသည်။ 
ထိုကဲ့သို့ အစိုးရ-ပုဂ္ဂလိက အတူတကွ ပူးပေါင်းပါဝင် ဆောင်ရွက်မှုများကြောင့် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်မှထွက်ရှိသည့် ချည်ထည်အမျိုးမျိုးနှင့် ပွဲထိုင်ချိတ်အမျိုးမျိုး၊ ပိုးစစ်လွန်းရာကျော်ချိတ်များသည် မြန်မာပြည် အတွင်းရှိ နေရာအနှံ့အပြားတွင် လူကြိုက်များပြီး ရောင်းအား ကောင်းမွန်သည့် ပြည်တွင်းဖြစ် ထုတ်ကုန်ပစ္စည်းတစ်မျိုး ဖြစ်လာသည်။
သို့ပါ၍ ပြည်တွင်းအသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ(MSMEs) ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းလုပ်ငန်းရှင်များကို နည်းပညာနှင့် အရင်းအနှီးများ  ပံ့ပိုးကူညီ ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်တွင်း လုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ခင်ပပနိုင်