Main menu

Background

ပြည်မြို့၏ ပေါ်ဦးပေါ်ဖျား ပန်းထိမ်မနိုင် ဘုရားပန်းဈေးကွက်

Tue, 07/14/2026 - 10:42 -- journal_editor

ပန်းအလှကို ပန်းထိမ်ဆရာပင် လက်မှိုင်ချရသည်အထိ တင်စားခေါ်ဆိုသော ပန်းထိမ်မနိုင်ပန်းသည် မိုးရာသီ၌ အဓိက ပွင့်လန်းတတ်သော ရေပန်းစားသည့် ပန်းတစ်မျိုးလည်းဖြစ်သည်။ ဇွန်လ ပထမပတ်မှစတင်၍  ဈေးကွက်တွင် ပေါ်ဦးပေါ်ဖျားအဖြစ်  ရောင်းချလျက်ရှိသည်။
မြန်မာလူမျိုးများအနေနှင့် ဘုရားပန်းအဖြစ်သာမက အခမ်းအနားများတွင်ပါ တန်ဖိုးထား အလှဆင်သော ပန်းတစ်မျိုးလည်းဖြစ်သည်။ ပန်းထိမ်မနိုင်ပန်းသည် အဖြူရောင်၊ ခရမ်းရောင်၊ ပန်းရောင်နှင့် အဝါဖျော့ရောင်စသည့်အရောင်များစွာ ရှိတတ်ပါသည်။ ဘုရားပန်းအဖြစ် ရေရှည်ခံနိုင်ပြီး ကြည့်ရှုရသည်မှာလည်း နှစ်ထောင်းအားရစရာ ကောင်းလှသည်။ 
အဆိုပါ ပန်းထိမ်မနိုင်ပန်းကို မြန်မာတစ်နိုင်ငံလုံးတွင် နေရာအနှံ့အပြားတွင်  စိုက်ပျိုးကြပြီး  တချို့ကစီးပွားဖြစ်စိုက်ပျိုးကြပြီး တချို့ကမိသားစုအပိုငွေရရှိစေရန် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသည်။ ပန်းထိမ်မနိုင်ပန်းကို ပြည်မြို့အနီးဝန်းကျင်ရှိ ကျေးရွာများ၊ စက်မှုကွက်သစ်နှင့် နဝဒေးကွက်သစ်ဘက်တို့တွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး မှော်ဇာ၊ ဇီးအုပ်၊ တောင်လုံးညို၊ ပေါက်ခေါင်း၊ ပန်းတောင်း၊ အင်းမ၊ ရွှေတောင်အစရှိသော မြို့နယ်များမှ ပြည်မြို့ မြို့မစည်ပင်သာယာဈေးကြီးနှင့် အခြားဈေးများတွင် တိုက်ရိုက်သော်လည်းကောင်း၊ တစ်ဆင့်ခံ ပန်းသည်များဖြင့်သော်လည်းကောင်း ရောင်းချကြသည်။
ပြည်မြို့၏ ပေါ်ဦးပေါ်ဖျားဖြစ်သည့်  ပန်းထိမ်မနိုင်ပန်း အဖြူရောင် (သို့မဟုတ်) ခရမ်းရောင်အကြီး အချောငါးတံပါ တစ်စည်းလျှင် ကျပ် ၉၀ဝ၀-၁၀ဝ၀ဝ နှင့် အလတ်ငါးတံပါ  တစ်စည်းလျှင် ကျပ် ၅၀ဝ၀ - ၆၀ဝ၀ ဖြင့် အရောင်း အဝယ်ဖြစ်ကြောင်း သိရှိရသည်။
ပြည်မြို့နှင့်မြို့နယ်များထွက်ရှိသော ပန်းထိမ်မနိုင်ပန်းများကို ရထားဖြင့် ရန်ကုန်မြို့ရှိ သီရိမင်္ဂလာဈေးသို့ အများဆုံး တင်ပို့ရောင်းချကြောင်း သိရှိရသည်။

အိအိခိုင် (DOCA PYAY)