ပြည်တွင်း၌ နေ့စဉ်ကြက်ဥစားသုံးမှုအနေဖြင့် နံနက်စာ၊ ဟင်းလျာအပြင် မုန့်ထုတ်လုပ်ငန်းများတွင်လည်း တွင်ကျယ်စွာ အသုံးပြုလျက်ရှိပါသည်။ ကြက်ဥထုတ်လုပ်မှုအနေဖြင့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မွေးမြူရေးခြံများ၏ ထုတ်လုပ်မှုကုန်ကျစရိတ်အရ ကြက်ဥတစ်ပိဿာ ၂၆လုံးလျှင် ငွေကျပ် ၁၂၂၀ဝ ကုန်ကျသဖြင့် တစ်လုံးလျှင် ငွေကျပ် ၄၇၀ ဝန်းကျင် ကျသင့်လျက်ရှိကြောင်း မွေးမြူရေးလုပ်ငန်းရှင်များထံမှ သိရသည်။
ကြက်မွေးမြူရေးခြံများမှ ကြက်ဥအကွဲပါဝင်မှုနှင့် သယ်ယူပို့ဆောင်စရိတ် ၄၀ ကျပ်၊ ထုတ်လုပ်သူအမြတ် ကျပ် ၂၀ (၄ ရာခိုင်နှုန်း) ထပ်ဆောင်း၍ ဒိုင်အရောက်တစ်လုံးလျှင် ငွေကျပ် ၅၃၀ ကျသင့်ပြီး ဈေးကွက်အရောက်သယ်ယူပို့ဆောင်ခ နှင့် ဒိုင်အမြတ်ငွေ ကျပ် ၂၀ ထပ်မံပေါင်းစပ်ကာဈေးကွက်အတွင်း အများပြည်သူသို့ ကြက်ဥတစ်လုံးလျှင် ငွေကျပ် ၅၅၀ နှုန်းဖြင့် ဖြန့်ဖြူး ရောင်းချပေးလျက်ရှိသည်
လတ်တလောတွင် လူမှုကွန်ရက်စာမျက်နှာအချို့၌ ဖော်ပြခဲ့သည့် ကောလာဟလသတင်းများကြောင့် အများပြည်သူအကြား အထိတ်တလန့် ဖြစ်ပေါ်ကာ ဈေးကွက်အတွင်း ကြက်ဥဝယ်လိုအား ရုတ်တရက်မြင့်တက်ခဲ့သော်လည်း လက်ရှိတွင် Supermarket များ၊ Convenience Store များ၊ Shopping Mall များ၊ ရပ်ကွက်ဈေးများနှင့် စည်ပင်သာယာဈေးကြီးများ၌ ကြက်ဥတစ်လုံးလျှင် ကျပ် ၅၅၀ နှုန်းဖြင့် ဝယ်ယူရရှိနိုင်ကြောင်း အိမ်ရှင်မများထံမှ သိရသည်။
အေးမွန်
