Main menu

Background

ပြည်ပဲမျိုးစုံစျေးကွက်မှာ ပဲစျေးအားလုံးလိုလိုစျေးမြင့်တက်လျှက်ရှိနေခဲ့

Thu, 10/08/2020 - 13:31 -- journal_editor

ပဲခူးတိုင်းဒေသကြီး၊ ပဲမျိုးစုံစျေးကွက်မှာ ယခုကာလပဲစျေးအားလုံးလိုလို စျေးမြင့်တက်လာခဲ့ကြောင်း သိရပါတယ်။ မတ်ပဲနှင့် ကုလားပဲသီးနှံများ စျေးသိသိသာသာစျေးပိုရလာသလို လက်လီပဲစျေးကွက်မှာလည်း ဗိုလ်ကိတ်နှင့် ပဲလွမ်းဖြူသီးနှံများ စျေးအမြင့်ဆုံးဖြစ်နေခဲ့ပါတယ်။

မတ်ပဲ

            မတ်ပဲသီးနှံမှာ ပြည်ပဲစျေးကွက်အတွင်း ၀င်ရောက်မှုမရှိပေမယ့် လှောင်ပဲလက်ကျန် အချို့ရှိနေကြတဲ့အတွက် ၀ယ်ယူသလောက်ရောင်းချနိုင်ခဲ့ကြပါတယ်။ ဒါ့ကြောင့် အရောင်းအ၀ယ်ဖြစ်သည့်ရက်၌ အိတ် ၂၀၀ ကျော် ရောင်းချခဲ့ရပြီး ပဲစျေးမှာ တစ်တင်းကျပ် ၃၈၀၀၀ အထိ စျေးကောင်းရလာခဲ့ကာ မျိုးပဲများလည်း ၀ယ်ယူနေကြတဲ့အတွက် မျိုးပဲစျေးမှာ တစ်တင်းကျပ် လေးသောင်းအထိ ရရှိခဲ့ကြောင်းသိရပါတယ်။ စက်တင်ဘာလအတွင်း တစ်တင်း ကျပ် သုံး​သောင်းတစ်ပတ်လည်သာ စျေးငြိမ်နေပေမယ့် ယခုလမှာတော့ လဆန်းရက်မှစ၍ မတ်ပဲစျေးနှုန်း တစ်နေ့တခြားစျေးမြင့်တက်ခဲ့ကြောင်းသိရပါတယ်။

ပဲတီစိမ်း

            ပဲတီစိမ်းသီးနှံမှာ ပဲအ၀င်ပါးသွာပြီဖြစ်လို့ အရောင်းအ၀ယ်အနည်းငယ်သာဖြစ်ပြီး ပဲစျေးမှာတစ်တင်း ကျပ် ၃၆၀၀၀ဖြင့် စက်တင်ဘာလက အရောင်းအ၀ယ်ဖြစ်ခဲ့သော စျေးအတိုင်း အတက်အကျမရှိဘဲ ရောင်းချ ခဲ့ကြရပါ တယ်။ နေ့စဉ်အရောင်းအ၀ယ်မဖြစ်ဘဲ ၀ယ်လက်ရှိသည့်ရက်မှသာ ရောင်းချခဲ့ကြရပြီး ပဲတီစိမ်းသီးနှံအား မန္တလေးလိုင်းသမားသာ ၀ယ်ယူမှုရှိတယ်လို့သိရပါတယ်။ ပဲတီစိမ်းသီးနှံမှာ စက်တင်ဘာလအတွင်း မတ်ပဲသီးနှံထက် စျေးပိုရ ခဲ့သော်လည်း အောက်တိုဘာလမှာတော့ မတ်ပဲသီးနှံစျေးတရိပ်ရိပ် တက်လာသည့် အတွက် ပဲတီစိမ်းသီးနှံက မတ်ပဲသီးနှံနှင့်ယှဉ်လျှင် စျေးလျော့နေတယ်လို့သိရပါတယ်။

ကုလားပဲ

            ကုလားပဲသီးနှံမှာ ဒေသတွင်းပဲခွဲစက်သမားအဓိက ၀ယ်ယူလို့ အိတ် ၂၀၀/၃၀၀ ရောင်းချမှုရှိခဲ့ပြီး လှောင်ပဲများရှိတဲ့အတွက် ၀ယ်လိုအားရှိသလောက် ရောင်းချနိုင်ခဲ့ကြပါတယ်။ ပဲစျေးနှုန်းမှှာ ဟော်လန် အမျိုးအစားက တစ်တင်း ကျပ် ၃၀၅၀၀၊ မြကြေးမှုံအမျိုးအစားက တစ်တင်း ကျပ် ၃၀၅၀၀ တို့ဖြင့် အသီးသီး ရောင်း၀ယ်မှုဖြစ်နေတဲ့အတွက် ကုလားပဲသီးနှံစျေး စက်တင်ဘာလအတွင်း ရောင်း၀ယ်ခဲ့သော စျေးနှုန်းထက် စျေးမြင့်တက်လာခဲ့ကြောင်း သိရပါတယ်။

ဗိုလ်ကိတ်

            လက်လီပဲစျေးကွက်မှာ စျေးကောင်းရနေတဲ့ ပဲသီးနှံကတော့ ဗိုလ်ကိတ်ပဲသီးနှံဖြစ်နေပြီး လက်ကျန် အနည်းငယ်သာ ရှိတဲ့အတွက် လက်လီ၀ယ်ယူမှုအပေါ် အိတ်အနည်းငယ် ရောင်းချနိုင်ခဲ့ကြရကြောင်းသိရပါတယ်။ ပဲစျေးနှုန်းမှာ တစ်တင်းကျပ် ၄၅၀၀၀ ဖြင့် ရောင်း၀ယ်နေကြသည့်အတွက် စက်တင်ဘာလက စျေးနှုန်းထက်သိသိသာသာစျေးပိုရနေသလို  ပဲစျေးကွက်အတွင်းမှာလည်း စျေးအမြင့်ဖြင့် မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲသီးနှံတို့ထက်ပင် စျေးပိုရနေခဲ့ပါတယ်။

ပဲလွမ်းဖြူ

            ပဲလွမ်းဖြူသီးနှံကတော့ ယခုနှစ်အတွင်း လက်လီပဲစျေးကွက်မှာ စျေးအမြင့်ဆုံးရနေသလို ယခုလမှာ တစ်တင်းကျပ် ငါးသောင်းထိရခဲ့လို့ အခြားပဲအားလုံးထက်လည်း စျေးပိုရနေခဲ့ပါတယ်။ ယခုလိုကာလများတွင် လက်ကျန်ပဲ အနည်းငယ်သာရှိလို့ အိတ်အနည်းငယ်သာ ရောင်းချမှုရှိခဲ့ကြပါတယ်။ ပဲလွမ်းဖြူသီးနှံမှာ ပဲထွက်ပေါ်ချိန်ကာလများတွင်သာ လက်လီ/လက်ကားရောင်း၀ယ်မှု အရောင်းသွက်ပေမယ့် ပဲအထွက်ပါး သွားချိန်ပဲ၀င်ရောက်မှုနည်းချိန်မှစ၍ လက်လီသမားဖြင့်သာ ရောင်း၀ယ်နေကြောင်းသိရပါတယ်။

ခင်ဆွေ၀င်း (ပြည်)