Main menu

Background

ပြည်ပဲမျိုးစုံစျေးကွက်မှာမတ်ပဲသီးနှံစျေးလျော့သွားပေမယ့်ကျန်ပဲများစျေးမြင့်တက်လာခဲ့

Wed, 10/21/2020 - 15:13 -- journal_editor

ပြည်ပဲမျိုးစုံစျေးကွက်မှာယခုတစ်ပတ် မတ်ပဲသီးနှံစျေးလျော့သွားပြီးကုလားပဲ၊ ပဲကြီးသီးနှံများ စျေးမြင့်တက်လာခဲ့ကြပါတယ်။ လက်လီပဲစျေးကွက်မှာတော့ ဘိုကိတ်ပဲနှင့်ပဲနီပြားသီးနှံများစျေးငြိမ်နေခဲ့ပေမယ့် စားတော်ပဲသီးနှံကစျေးမြင့်တက်လျက်ရှိပါတယ်။

မတ်ပဲ

            မတ်ပဲသီးနှံမှာအောက်တိုဘာလဆန်းရက်မှစ၍ ပဲစျေးတရိပ်ရိပ် မြင့်တက်လာလို့ တစ်တင်း၄၁၀၀၀ ကျပ်ထိ အရောင်းအ၀ယ်ဖြစ်ခဲ့ရာမှ ယခုတစ်ပတ်မှာစျေးပြန်လျော့သွားပြီးတစ်တင်း ၃၉၀၀၀ ကျပ်ဖြင့်သာ ရန်ကုန်၀ယ်လက်သမားများဖြင့် ရောင်း၀ယ်နေခဲ့ကြပါတယ်။ နေ့စဉ်အ၀ယ်မရှိဘဲ ရက်ခြားရောင်း၀ယ်နေခဲ့လို့ အရောင်းအ၀ယ်ဖြစ်သည့်ရက်မှာအိတ် ၁၀၀/၂၀၀ကျော် ၀ယ်ယူမှုရှိခဲ့ပါတယ်။

ကုလားပဲ

            ကုလားပဲသီးနှံမှာယခုတစ်ပတ် တစ်တင်း ၃၂၅၀၀ ကျပ်၊ ၃၃၀၀၀ကျပ်တို့ဖြင့် ရောင်း၀ယ်ခဲ့ကြသည့် အတွက် ယခင်အပတ်စျေးထက် စျေးပိုရလာပြီးဒေသတွင်းပဲခွဲစက်သမားများ နေ့စဉ်ပုံမှန်၀ယ်ယူလျက်ရှိခဲ့ကြ ကြောင်းသိရပါတယ်။ ဒါ့ကြောင့် တစ်ရက်အိတ် ၂၀၀/၃၀၀ ကျော် ရောင်း၀ယ်လျက်ရှိခဲ့ကာ လက်ကျန် လှောင်ပဲများရောင်းချမှုရှိခဲ့ကြပါတယ်။ ကုလားပဲသီးနှံမှာယခုနှစ် တစ်တင်းကျပ် သုံးသောင်းအထက် ရရှိလာခဲ့သည့်တွက် မျိုးပဲစျေးချိန်ကျရောက်လျှင်လည်းစျေးမြင့်တက်လာနိုင်ကြောင်းခန့်မှန်းနေကြပါတယ်။ ယခင်နှစ်က မျိုးပဲရာသီ၀ယ်ယူတဲ့ စျေးကတော့ တစ်တင်း သုံးသောင်းကျပ်ဖြင့် အရောင်းအ၀ယ်ဖြစ် ခဲ့ကြောင်းသိရပါတယ်။

ပဲကြီး

            ပဲကြီးသီးနှံမှာလည်းစျေးကွက်အတွင်းစျေးမြင့်လာခဲ့တဲ့ ပဲထဲပါ၀င်နေလို့ ပဲကြီး (ရွှေကျွန်း) တစ်တင်း ၃၅၀၀၀ ကျပ်၊ (ကမ်းနား)တစ်တင်း ၃၁၀၀၀ကျပ် တို့ဖြင့် အသီးသီးရောင်း၀ယ်နေခဲ့ကြပါတယ်။ ပဲကြော်ဖို လုပ်ငန်းသမားများ အဓိက၀ယ်ယူနေပြီး နေ့စဉ်ပုံမှန် ရောင်း၀ယ်မှုဖြစ်ခဲ့ကာ အိတ် ၂၀၀/၃၀၀ ကျော်ရောင်း၀ယ်မှုဖြစ်ခဲ့ကြပါတယ်။ ပဲကြီးသီးနှံသည် နှစ်စဉ်လိုလိုစျေးကောင်းနေခဲ့တဲ့အတွက် ယခင်နှစ် ကလည်းယခုအချိန်မှာတစ်တင်းကျပ် သုံးသောင်းကျော်ဖြင့် ရောင်း၀ယ်နေခဲ့ကြကြောင်းသိရပါတယ်။

ဘိုကိတ်၊ ပဲနီပြား၊ စားတော်ပဲ

            လက်လီပဲစျေးကွက်အတွင်းမှာ ရောင်း၀ယ်နေကြတဲ့ ဘိုကိတ်၊ ပဲနီပြား၊ စားတော်ပဲသီးနှံများထဲမှာ စားတော်ပဲသီးနှံကစျေးအမြင့်ဆုံးရလျှက်ရှိပြီး လက်လီသာရောင်း၀ယ်နေကြတဲ့အတွက် တစ်ရက်အိတ် ၂၀/၃၀ခန့် အရောင်းအ၀ယ်ဖြစ်ခဲ့ကြပါတယ်။ တစ်တင်း ၅၇၀၀၀ကျပ်ဖြင့် ပဲစျေးကွက်မှာလည်း စျေးအမြင့်ဆုံး ဖြစ်နေခဲ့ ပါတယ်။ ဘိုကိတ်ပဲသီးနှံစျေးကတော့ တစ်တင်း ၄၅၀၀၀ကျပ်၊ ပဲနီပြားသီးနှံကတစ်တင်း ၂၇၀၀၀ကျပ်တို့ဖြင့် ရောင်း၀ယ်နေကြကြောင်းသိရပါတယ်။

ခင်ဆွေ၀င်း(ပြည်)