ပြည်ခရိုင် ပြည်မြို့ရှိ ပဲဈေးကွက်များတွင် ရောင်းချနေသော ပဲသီးနှံများဖြစ်သည့် မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲနှင့် စားတော်ပဲတို့၏ မေလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ဈေးနှုန်း/ ဈေးကွက်များအား ဖော်ပြလိုက်ပါသည်။
မတ်ပဲသီးနှံမှာ ရန်ကုန်ဝယ်လက် အဝယ်ရှိမှုအပေါ် မတည်၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပဲဝင်ရောက်သည့် ရက်များတွင် အိတ် ၁၅၀-၂၀ဝ ခန့်ဝင်ရောက်ခဲ့ပြီး လက်ကျန်ပဲများလည်းရှိသည့်အတွက် အရောင်းအဝယ်ပုံမှန်ဖြစ်လျက်ရှိသည်။ မတ်ပဲဈေးနှုန်းများအနေဖြင့် မေလစတုတ္ထပတ်တွင် တစ်တင်းလျှင် ကျပ် ၉၇၅၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခင်နှစ်ကာလတူအချိန် ဈေးနှုန်းမှာ ကျပ် ၉၆၀ဝ၀ ဖြစ်သည့်အတွက် တစ်တင်းလျှင် ကျပ် ၁၅၀ဝ ဈေးမြင့်တက်လာခဲ့ သည်။ မတ်ပဲကို ရန်ကုန်ဝယ်လက်များ ဝယ်ယူမှုရှိသလို မြို့ တွင်း ဝယ်လက်များကလည်း ဝယ်ယူမှုရှိသဖြင့် တစ်နေ့လျှင် အိတ် ၁၅၀ ခန့်သာ အရောင်းအဝယ်ဖြစ်ကြောင်း သိရ သည်။
ပဲစင်းငုံသီးနှံအနေဖြင့် ပဲအဝင်မရှိသော်လည်း လက်ကျန်ပဲအချို့ကြောင့် အရောင်းအဝယ်မှာတစ်နေ့လျှင် အိတ် ၁၀ဝ ခန့်ရှိသည်။ ပဲစင်းငုံဈေးနှုန်းအနေဖြင့် မေလစတုတ္ထပတ်တွင် ပဲစင်းငုံတစ်တင်းလျှင် ကျပ် ၉၆၅၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ယခင်နှစ်ကာလတူအချိန်က ပဲစင်းငုံ တစ်တင်းလျှင် ကျပ် ၈၉၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခုနှစ်တွင် တစ်တင်းလျှင် ကျပ် ၇၅၀ဝ ဈေးမြင့်တက်လာခဲ့သည်။
ကုလားပဲသီးနှံအနေဖြင့် မေလစတုတ္ထပတ်တွင် ကုလားပဲ (ဟော်လန်)တစ်တင်းလျှင် ကျပ် ၈၁၀ဝ၀၊ မြကြေးမှုံတစ်တင်းလျှင် ကျပ် ၈၅၀ဝ၀ ဖြင့် ဒေသတွင်းခွဲစက်သမားများက အဓိကဝယ်ယူမှုရှိသဖြင့် တစ်နေ့လျှင်အိတ် ၂၀ဝ ခန့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ယခင်နှစ် အလားတူက ကုလားပဲ(ဟော်လန်) တစ်တင်းလျှင် ကျပ် ၉၂၅၀ဝ၊ မြကြေးမှုံ တစ်တင်းလျှင် ကျပ် ၉၅၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခုနှစ်တွင် ကုလားပဲ (ဟော်လန်)တစ်တင်းလျှင် ကျပ် ၁၁၅၀ဝ၊ မြကြေးမှုံ တစ်တင်းလျှင် ကျပ် ၁၀ဝ၀ဝ ခန့် ဈေးကျလာခဲ့သည်။
စားတော်ပဲသီးနှံသည် ဈေးအမြင့်ဆုံးသို့ ရောက်ရှိနေသော ပဲတစ်မျိုးဖြစ်သည်။ စားတော်ပဲကို ဒေသတွင်းဝယ်လက်များကဝယ်ယူမှုရှိသဖြင့် နေ့စဉ်အရောင်းအဝယ်ဖြစ်၍ တစ်နေ့လျှင် အိတ် ၁၅၀ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ စားတော်ပဲ ဈေးနှုန်းများအနေဖြင့် မေလစတုတ္ထပတ်တွင် တစ်တင်းလျှင် ကျပ် ၁၉၀ဝ၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်ရာ ယခင်နှစ်ကာလတူအချိန်က ကျပ် ၁၆၀ဝ၀ဝ ဖြင့် ရောင်းဝယ်ခဲ့သဖြင့် ယခုနှစ်တွင် တစ်တင်းလျှင် ကျပ် ၃၀ဝ၀ဝ ဈေးမြင့်တက်လာခဲ့သည်။ စားတော်ပဲသည် နှစ်စဉ်လိုလို ဈေးများ တရိပ်ရိပ် တက်လာသည့် ပဲတစ်မျိုးဖြစ်ပြီး စားသုံးမှုများ၍ ဝယ်ယူများသည်။
ပြည်မြို့၏ ပဲမျိုးစုံဈေးကွက်တွင် ဈေးတန်းအမြင့်ဆုံးပဲမှာ စားတော်ပဲဖြစ်၍ အရောင်းအဝယ်ကောင်းသော ပဲတစ်မျိုးဖြစ်ကြောင်း သိရသည်။
ဝေဝေမင်း(ပြည်)
