Main menu

Background

အညာမြေ၏ ဆီးသီးဈေးကွက်

Tue, 05/23/2023 - 13:42 -- journal_editor

မကွေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများသည် စားဖိုဆောင်သီးနှံမျိုးစုံကို ဧကထောင် ပေါင်းများစွာ စိုက်ပျိုး လျက်ရှိသည်။ ထို့ပြင် ထန်း၊ မန်ကျည်း၊ တမာနှင့် ဆီးကဲ့သို့သော သီးနှံပင်များသည် သဘာဝအလျောက်  အလေ့ကျပေါက် ရောက် ပြန့်ပွားခြင်းကြောင့်လည်းကောင်း၊ လူတို့စိုက်ပျိုးခြင်းကြောင့်လည်းကောင်း တိုင်းဒေသကြီးအတွင်း  နေရာအနှံ့ အပြားတွင် ဖြစ်ထွန်းလျက်ရှိသည်။ တိုင်းဒေသကြီးအတွင်း၌ ပခုက္ကူခရိုင်နှင့် မကွေးခရိုင်တို့သည် ဆီးသီးပင်များကို စိုက် ပျိုးလျက်ရှိရာ စိုက်ဧကအများဆုံးဖြစ်ကြောင်း သိရှိရသည်။
ဆီးရိုင်းပင်များသည် သဲနုန်းမြေ၊ ကိုင်းမြေရင့်၊ ယာမြေများတွင် ပေါက်ရောက်ပြီး တစ်ဧကလျှင် အပင် ၇၀ ဝင်ဆံ့ ကြောင်းသိရသည်။ ဆီးသီးပင်သည် နှစ်စဉ် စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် စတင်ဖူးပွင့်၍  ရက်ပေါင်း ၉၀ အကြာ ဒီဇင်ဘာလတွင်  သီးကင်းများစုံလင်ကာ  ဖေဖော်ဝါရီလမှ စတင်၍  အများဆုံး ရင့်မှည့်သည်။  ဆီးပင်သက် သုံးနှစ်သားအရွယ်တွင် အသီးစတင် သီးပြီး ငါးနှစ်သားအရွယ်တွင် သီးအား အကောင်းဆုံးဖြစ်သည်။  မိုးနှောင်းရာသီ၊ မိုးနည်းချိန်တွင် သီးပွင့်ဖြစ်ထွန်းမှု ကောင်းမွန်သည်။ ဆီးသီး(သီးစို)များကို မိုးမကျမီ နေပြင်းပြင်းနှင့် ခြောက်သွေ့အောင် လှန်းပြီး ကုန်လှောင်ရုံများအတွင်း ထည့်သွင်းသိုလှောင်ကြသည်။  ဆီးသီးများအား အလုံးအတိုင်း စားသုံးရန်အတွက် သော်လည်းကောင်း၊ ရန်ကုန်နှင့် မန္တလေးမြို့များသို့ အဓိက တင်ပို့ရောင်းချရန်အတွက်လည်းကောင်း  စိုက်ပျိုးလျက် ရှိသည်။ 
ဆီးသီးရောင်းဝယ်ပြုလုပ်ကြရာတွင် ဒေသခံ ဆီးခြံပိုင်ရှင်များက ဆီးခွဲစက်၊ ဆီးကုန်သည်များထံသို့ ရောင်းချခြင်း၊ ဆီးခွဲစက်များမှ ဆီးဆန်အဖြစ်ထုတ်လုပ်၍ မန္တလေးမြို့သို့လည်းကောင်း၊ ရန်ကုန်မြို့ ဘုရင့်နောင်ပွဲရုံတွင် ဆီးသီးအလုံး အတိုင်း တင်ပို့ရောင်းချခြင်းများ ပြုလုပ်ကြကြောင်း လေ့လာသိရှိရသည်။   ဆီးသီး(အစို)တစ်တင်းအား   အခြောက် လှန်းပါက  ၁၀/၁၂ ပြည် ကျန်ရှိကြောင်းလည်း သိရှိရသည်။ ဆီးသီးခြောက်များကို ဆီးခွဲစက်များသို့ ကုန်ကြမ်းအဖြစ် တင်ပို့လျက်ရှိပြီး ဆီးသီးကုန်သည်များမှာ မိမိတို့ရွေးချယ်သန့်စင်ရရှိသော အလုံးကောင်းဆီးသီးများကို ရန်ကုန်၊ မန္တလေး မြို့များရှိ ဆီးယို၊ဆီးဖျော်ရည်လုပ်ငန်းများအတွက် ဒေသတွင်း တင်ပို့ရောင်းချခြင်းများရှိသည့်အပြင် ပြည်ပတင်ပို့ရောင်းချ ခြင်းများလည်းရှိကြောင်း သိရသည်။
ပခုက္ကူခရိုင်တွင်မူ ဆီးသီးများကို ဆီးဖျော်ရည်၊ချင်းဆီးပြား၊ဆီးတော်ဖီ၊ဆီးယို၊ ဆီးပေါင်း၊ဆီးငံစေ့ စသည့် သရေစာ အဖြစ် စားသုံးနိုင်သည့် အသေးစား  အိမ်တွင်းစီးပွားရေးအဖြစ် တစ်နိုင်တစ်ပိုင်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ ယခုနှစ်တွင် ဆီးသီး(အခြောက်)တစ်တင်းလျှင်  ကျပ် ၁၃၀ဝ၀-၁၄၀ဝ၀ နှုန်း၊ ဆီးဆန်တစ်ပိဿာ လျှင်ကျပ် ၆၀ဝ၀ဝ-၆၄၀ဝ၀နှုန်းအထိ ဈေးနှုန်းရရှိနေသည်ကိုတွေ့ရှိရပြီး ဆီးဆံဈေးနှုန်းမှာတက်ဈေးဖြင့်သာ ဆက်လက် ရပ်တည်နေမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးရှိ ဆီးခွဲစက်လုပ်ငန်းရှင်တစ်ဦးထံမှသိရှိရသည်။

 

ဆုလပြည့်ဝင်း(မကွေး)