Main menu

Background

စပါးစိုက်တောင်သူများ စတင်ပျိုးထောင်နေ

Mon, 07/03/2023 - 10:52 -- journal_editor

ကျောက်ဆည်ခရိုင်အတွင်းရှိ   တောင်သူများသည် စပါး၊ ပဲ၊ ပြောင်း၊ နှမ်း စသည့် သီးနှံမျိုးစုံ စိုက်ပျိုးကြသော်လည်း စပါးကိုသာ  အဓိကထား စိုက်ပျိုးကြကြောင်း သိရသည်။ ယခု နှစ် ဇွန်လတွင် မိုးစပါးရာသီအတွက် စပါးမျိုးများ စတင်ပျိုး ထောင်နေပြီဖြစ်ပြီး ဧရာပဒေသာစပါးမျိုးကို  အဓိကထား စိုက်ပျိုးကြကြောင်း၊ ယခင်နှစ်က စပါးမျိုးတစ်တင်းလျှင် ကျပ် ၂၀ဝ၀ ဝန်းကျင်ရှိခဲ့သော်လည်း ယခုအခါ ဧရာပဒေသာမျိုး စပါးတစ်တင်းလျှင် ကျပ် ၂၈၀ဝ၀-၃၀ဝ၀ဝ အထိ ဈေးပေး ဝယ်ယူရကြောင်း၊ တစ်ဧက စိုက်ပျိုးရန်အတွက် စပါးမျိုး နှစ်တင်း ပျိုးထောင်ရကြောင်း သိရှိရသည်။ 
ယခုအခါ စပါးများ ပျိုးထောင်ရန်အတွက် ဆည်မြောင်း ဦးစီးဌာနက ဇွန် ၁၆ ရက်မှစတင်ပြီး ရေများပေးဝေပြီဖြစ်သည့်အတွက် တောင်သူများ စပါးပျိုးထောင်ရန် စတင်ပြင်ဆင်နေပြီ ဖြစ်ကြောင်း၊ ပျိုးထောင်ရန်အတွက်  ထယ်ရေးပြင်ရာတွင် နွားချေးနှင့် ဖွဲပြာအောက်ခံထားပြီး ပျိုးထောင်ပါက ပျိုးပင်ဖြစ်ထွန်းမှု အားကောင်းကြောင်း၊ ပျိုးပင်တစ်လသားအကျော်တွင် ရွှေ့ပြောင်းစိုက်ပျိုးနိုင်ကြောင်း သိရသည်။ 
တချို့ တောင်သူအနည်းငယ်မှာ ပျိုးနုတ်၊ လယ်ထွန်၊ ကောက်စိုက်စရိတ် သက်သာရန်အတွက် လယ်ကွက်ထဲတွင် တိုက်ရိုက်အစေ့ချ  စိုက်ပျိုးကြကြောင်းလည်း သိရှိရသည်။ တိုက်ရိုက်အစေ့ချ စိုက်ပျိုးပြီး တစ်လကျော်အချိန်တွင် တမန်း နှိုးရသည်။  တမန်းနှိုးသည့်အနေဖြင့် နွားထွန်ဖြင့် တမန်းနှိုးပြီး ဓာတ်မြေသြဇာ ထည့်သွင်းပတ်ကြဲပေးရသည်။  တောင်သူ အများစုမှာ ပျိုးထောင်ပြီး ရွှေ့ပြောင်းစိုက်ပျိုးသည့်စနစ်ကို သာ အများဆုံးစိုက်ပျိုးကြကြောင်း၊  တစ်ဧက စိုက်ပျိုးရန်အတွက် ပျိုးထောင်စရိတ်အနေဖြင့် ထွန်ယက်မြေပြင်၊ မျိုး စပါး၊ လုပ်သားခ စုစုပေါင်း ကျပ် ၁၀ဝ၀ဝ၀ ဝန်းကျင် ကုန်ကျကြောင်း စပါးစိုက်တောင်သူတစ်ဦး၏  ပြောကြားချက်အရ သိရှိရသည်။                                                                                  
စိုးမင်းထွန်း