Main menu

Background

သာယာလှပသော မြို့ရွှေတောင်နှင့် ရာသီချိန် ပန်းဟော်လန်

Mon, 07/31/2023 - 11:41 -- journal_editor

ပဲခူးတိုင်းဒေသကြီး  ပြည်ခရိုင်အတွင်းရှိ ရွှေတောင်မြို့သည် ဧရာဝတီမြစ်ကမ်းနံဘေးတွင် တည်ရှိပြီး အနောက်ဘက်တွင် ရခိုင်ရိုးမ၊ အရှေ့ ဘက်တွင် ပဲခူးရိုးမတို့ ဝန်းရံလျက်ရှိကာ ပြည်မြို့ နှင့်ထိစပ်လျက်ရှိသည့် သမိုင်းဝင်မြို့လေးတစ်မြို့ ဖြစ်သည်။  မိုးရာသီကာလ ဝါဆို၊ ဝါခေါင်၊ တော် သလင်းနှင့်သီတင်းကျွတ်လများတွင်  ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ၏   အထွတ်အမြတ်ထားရာ ဝါတွင်းသုံးလ  အခါသမယ၌  မြို့နယ်အတွင်းရှိ ဘုရားစေတီများ၌  နေ့စဉ် အဘိဓမ္မာတရားပွဲ များကို   ကျင်းပပြုလုပ်၍   တရားသံများဖြင့် ပြည့်လျှံဝေစည်နေပြီး  သမိုင်းဝင်  တန်ခိုးကြီး  ဘုရားများဖြစ်သည့် ရွှေမျက်မှန်ဘုရား၊ ရွှေနတ် တောင်ဘုရားများ တည်ရှိရာ တင့်တယ်သာယာ လှပနေသော မြို့လေးတစ်မြို့ဖြစ်သည်။ 
ရွှေတောင်မြို့အတွင်းရှိ မြို့နယ်များတွင် ရာသီချိန်အလိုက် စပါး၊ ပဲမျိုးစုံ၊ ကောက်ပဲသီးနှံ များ၊ သစ်သီးဝလံများ၊ ပန်းမာန်များကို စိုက်ပျိုး လျက်ရှိရာ ရွှေတောင်မြို့နယ်၌  မိုးရာသီ အချိန် ကာလတွင်    ဗုဒ္ဓဘာသာ   မြန်မာလူမျိုးများ အထွတ်အမြတ် အလေးထားရာ ဝါတွင်းကာလ တရားပွဲများ၊    ဝါဆိုသင်္ကန်း   ကပ်ပွဲများတွင် ဟော်လန် (အော်လံ)ပန်း (ခ)သစ္စာပန်းများကို အများဆုံး ကပ်လှူ အသုံးပြုကြ သည်။  
]]တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာတစ်ပုဒ် ဆန်း}}ဆိုသည့် ရှေးဆိုရိုးစကား ရှိသည်နှင့်အညီ သစ္စာပန်းအနွယ်ဝင် ဟော်လန်ပန်း (အော်လံ ပန်း) များကို ရွှေတောင်ဒေသ အခေါ်အနေဖြင့် သစ္စာပန်းနှင့်   ဟော်လန်ပန်း(အော်လံပန်း)ဟု ခွဲခြားခေါ်ဝေါ်ကြပြီး အပွင့်၏ ပုံသဏ္ဌာန်သည် အော်လံ  ပုံသဏ္ဌာန်ရှိ၍   ပန်းရိုးတံများကြီး၍ အပွင့်ကြီးသော ပန်းများကို   ဟော်လန်ပန်း (အော်လံပန်း) သစ္စာပန်းမျိုးကြီးဟု ခေါ်ဆိုကြပြီး ပန်းရိုးတံသေး၍ အပွင့်သေးသော ပန်းများကို သစ္စာပန်းဟု သီးခြားအမည် နာမတပ်၍ခေါ်တွင် ကြကြောင်းနှင့်  အခြားဒေသများတွင် သစ္စာပန်း ဟု ခေါ်တွင်ကြကြောင်း လေ့လာသိရှိရသည်။  
ဟော်လန် (အော်လံ)ပန်းများသည် အရွက် ရှည်ရှည် ချွန်ချွန်များအလယ်မှ သေးသွယ် ရှည် လျား၍ မားမားမတ်သော ပွင့်တံများ ထွက်လာ ပြီးလျှင် ပွင့်တံအဖျားတွင် ထိပ်ချွန်သော ပန်းခိုင် မျိုးဖြစ်ပြီး ပန်းပွင့်များသည် ပွင့်တံ၏ တစ်ဖက် သတ်သတ်၌   အပွင့်ချင်း လွှဲထွက်ကာ ဆင့်ရရင့် လှပစွာဖူးပွင့်ကြသည်။ အောက်ဘက်မှ အပွင့် များသည် ဦးစွာပွင့်၍ အပေါ်ပိုင်းမှ အဖူးချွန်ချွန် များသည်   တစ်ခုပြီးတစ်ခုပွင့်၍   လိုက်လာကြ သည်။ အောက်ဘက်မှ အဖူးများ ပွင့်အာစပြုလျှင် ပင်  ပန်းခိုင်များကို   ခူးဖြတ်လိုက်သည့် တိုင် အောင် အပွင့်များသည်အဖူးများ ကုန်လုနီးသည် အထိ တစ်ပွင့်ပြီး တစ်ပွင့်ပွင့်ကြသည်။ ပွင့်ဖတ် ကလေးများသည်  ပိုးသားကဲ့သို့   ချောမွတ်ကာ တောင့်တောင့်ကလေး ဖြစ်ကြသည်။ ဟော်လန် (အော်လံ)ပန်းများသည်  သင်းပျံ့မွှေးကြိုင်သော  ရနံ့များရှိကြောင်း လေ့လာသိရှိရသည်။ 
မိုးရာသီတွင်  ဟော်လန်(အော်လံ)ပန်း(ခ)  သစ္စာပန်းများကို  ရွှေတောင်မြို့နယ်ရှိ  တောဟိုင်၊ ကံသုံးဆင့်၊  မကျီးပေါက်ကုန်း၊  ကျွန်းတန်းရိုး၊ ဝါးတော၊  ဖားအိုင့်   စသည့် ယာမြေများတွင် စီးပွားဖြစ်အနေဖြင့်တောင်သူ ၂၅ ဦးမှ ၃၅ ဧက ခန့်နှင့် ရေကြီးရေလျှံ ဖြစ်ပေါ်နိုင်သည့် မိုးရာသီ ကာလတွင် ကိုင်းကျွန်းမြေများဖြစ်သည့်  လမိုင်း၊ မြို့မ၊ သူဌေးကုန်း၊ ယင်းမူကုန်း စသည့် ဒေသများ တွင် တောင်သူဦးရေ ၁၀ ဦးမှ  ခန့်မှန်းဧက ၁၅ ခန့်သာ စိုက်ပျိုးကြရပြီး  မိုးလေကင်းလွတ်သည့် နွေရာသီအချိန်ကာလများ၌ ကိုင်းကျွန်းမြေများ တွင် ယခုထက် ပိုမိုစိုက်ပျိုးကြကြောင်း လေ့လာ သိရသည်။
ပျိုးပင်ပေါက်  ပန်းဥများကို  ဘောင်များ တွင် စတင်စိုက်ပျိုးချိန်မှ စ၍ တစ်ပတ်အကြာတွင် ဥတက်မှ အပင်ပေါက်သည် စတင်ထွက်လာပြီး ပန်းလက် နှစ်လက်၊  သုံးလက်  ထွက်လာလျှင် အလုပ်သမားများဖြင့် အပင်အားဆေး၊ အပွင့် အားဆေးများ၊ ပိုးသတ်ဆေးများ၊ မြေဆီအတွက် အားဆေးများကို စတင်ကျွေးခြင်း၊ မြက်နုတ်ခြင်း၊ ဘောင်တင်ခြင်းများ ပြုလုပ်ရသည်။ ပန်းလက် ခြောက်လက်ထွက် ရှိလာလျှင် စတင် သားပိုက်၍ ခုနစ်လက်မှ ရှစ်လက်ဆိုလျှင် ပန်းတံများ စတင် ထွက်ရှိလာပြီး ပန်ချိုးခြင်းလုပ်ငန်းများကို နေ့စဉ် နံနက်ပိုင်းနှင့် ညနေပိုင်းများတွင် တစ်ရက်လျှင် နှစ်ကြိမ်(သို့မဟုတ်) အချို့  ပန်းစိုက်တောင်သူ များသည် နံနက်ပိုင်း တစ်ကြိမ်သာ ပန်းချိုးကြပြီး  နှစ်လ၊ သုံးလအကြာ၌ ပန်းခုတ်ခြင်း၊ ပန်းချိုးခြင်း လုပ်ငန်းများ ပြီးဆုံးကြောင်း လေ့လာသိရှိရသည်။ 
မျိုးဥများကို  ပန်းအမျိုးအစား အရောင် အသွေးပေါ်မူတည်၍ တစ်ဥလျှင်(၁၃-၁၅-၁၈) ကျပ်အထိ  ပြင်ဦးလွင်မှ ပန်းမျိုးများ ဝယ်ယူရ သည်။   ပန်းအမျိုးအစားအနေဖြင့်  ပတ္တမြား၊ စတော်ဘယ်ရီ၊ အဖြူ၊ မိတ်ချွန်၊ ရောင်စမ်း၊ ကာ နေရှင်းဟု အမျိုးအစားများစွာကို ရွှေတောင်မြို့ နယ်အတွင်း စိုက်ပျိုးကြပြီး ပတ္တမြားအရောင် (အနီရောင်)သည် ဈေးကွက်တွင် ဈေးနှုန်း ပိုမို ရရှိ၍   ဝယ်သူများ၊  အကြိုက်များကြကာ ဈေး ကောင်း ပိုမိုရရှိသည်။ 
တစ်ဧကလျှင် ပန်းမျိုးဥ  ငါးသောင်းခန့် စိုက်ပျိုးကြပြီး   စိုက်ပျိုးစရိတ်အနေဖြင့်  ထွန် ယက်ခ ရှစ်သောင်းခန့်၊   စိုက်ပျိုးခ ငါးသောင်း ခန့်၊  မြေဆီနှစ်အိတ်လျှင် နှစ်သိန်းခြောက်သောင်း ခန့်၊  ပိုးသတ်ဆေး၊ အပင်အားဆေး လေးသောင်း ခန့်၊ မြတ်နုတ်ဘောင်တင်ရန်အတွက် အမျိုးသား လုပ်သားများကို တစ်ရက်လျှင် ကျပ် ၆၀ဝ၀  နှုန်း ဖြင့် အလုပ်သမားခ ၁၀ ဦးကို  ခြောက်သောင်း ကျပ်ခန့်နှင့် ပန်းချိုး၊ ပန်းခုတ်ခြင်းများ လုပ်ငန်း များ ဆောင်ရွက်ချိန်တွင်  တစ်ရက်လျှင် အမျိုး သားနှစ်ဦးကို တစ်ဦးကို  ကျပ် ၆၀ဝ၀ ဖြင့်လည်း ကောင်း၊  အမျိုးသမီးနှစ်ဦးကို တစ်ရက်လျှင် တစ်ဦးကို ကျပ်  ၅၀ဝ၀ နှုန်းဖြင့် လည်းကောင်း သုံးလ အတွက် တစ်ဆယ့်ကိုးသိန်းရှစ်သောင်း ခန့်ဖြင့် ငှားရမ်းလုပ်ကိုင်ရ၍ တစ်ဧက ခန့်မှန်း ကုန်ကျစရိတ်  စုစုပေါင်း ကျပ် ၃၄၁၀ဝ၀ဝ ခန့် ကုန်ကျကြောင်း လေ့လာသိရှိရသည်။  
ပန်းပွင့်ကျသောရာသီတွင် ဥတက်များကို မြေမှ  တူးဖော်၍ ခြောက်သွေ့သောနေရာတွင် သိမ်းထားရသည်။ သို့မှသာ ဥတက်များ အပျက် အစီးနည်း၍  ဆောင်ကူးရာသီတွင်  ဥတက်များ ကို တူးဖော်၍  သိမ်းထားပြီး  နွေကူးရာသီတွင် ပြန်လည်စိုက်ကြသည်။ ဟော်လန်ပန်း (အော်လံ ပန်း)(ခ) သစ္စာပန်းတို့သည် ရေကောင်းစွာ ရရှိ၍ မြေသြဇာကောင်းသော မြေပျော့မျိုး၌ ဖြစ်ထွန်း သည်။ မြေဆွေးနှင့် နောက်ချေးမြေမျိုးကို နှစ် သက်သည်။ မြေများပြုပြင်ပြီးထားသော စိုက်ခင်း မြောင်းဘောင်မို့မို့တွင် ဥတက်တစ်ခုလျှင် ခြောက် လက်မခန့်ခွာလျက် ကျင်းတိမ်တိမ်တူး၍ စိုက်ပျိုး ရသည်။ ဟော်လန် (အော်လံ) သစ္စာပန်းကြီးမျိုး သည် ပန်းတစ်ခိုင်လျှင် ခုနစ်ပွင့်မှ ၁၀ ပွင့် နီးပါး ထိပွင့်ကြောင်း သိရှိရသည်။ 
ယခုအခါ ကိုင်းကျွန်းမြေဖြစ်သည့် မြို့မ နယ်တွင် ဟော်လန်ပန်းများ စတင်ထွက်ရှိနေပြီး ပန်းစိုက်တောင်သူများအနေဖြင့်    နေရာတွင် ပန်းတံများကို  ပန်းတံ တစ်တံလျှင် ၁၁၅ ကျပ်မှ ၁၂၀ ကျပ်အထိ   ဈေးရရှိကြောင်း၊ မိုးများ၍ အရောင်းအဝယ်အေးသော အချိန် များတွင် ၈၀ မှ ၁၀ဝ ကျပ်သာ  ရရှိကြောင်း၊ အချို့တောင်သူ များအနေဖြင့် ပေါ်ဦးပေါ်ဖျားတွင်  ပန်းတံများ လှလျှင်လှသလို ပန်းတံတစ်တံလျှင် ၁၅၀ ကျပ် အထိဈေးရရှိကြကြောင်း၊  အကျိုးအမြတ်အနေ ဖြင့် ပန်းတံထွက်ရှိမှု၊  ပျက်စီးဆုံးရှုံးမှု၊ ရာသီဥတု နှင့်   ဈေးနှုန်းဈေးကွက်ပေါ်မူတည်၍  အရှုံး အမြတ်ရှိကြောင်း ရွှေတောင်မြို့နယ်ရှိ ပန်းစိုက် တောင်သူတစ်ဦး၏ ပြောကြားချက်အရ လေ့လာ သိရှိခဲ့ရသည်။ 
ရွှေတောင်မြို့နယ်တွင် ပန်းစိုက်ရာသီချိန် ၌ ဟော်လန်ပန်းများကို ပန်းစိုက်တောင်သူများ ရှိရာနေရာသို့ လိုက်လံကောက်ယူ(ဝယ်ယူ)သည့် ပန်းဒိုင်များလည်းရှိကြောင်း၊ ပန်းဒိုင်များအနေ ဖြင့် မိုးရာသီတွင် ရှစ်ဒိုင်ခန့်သာရှိ၍ မိုးလေကင်း လွတ်သည့်  ပွင့်လင်းရာသီတွင် ဒိုင် ၂၀ ခန့်ရှိ ကြောင်း၊ ပန်းဒိုင်များအနေဖြင့် နေရာတွင် ဝယ် ယူသည့် ပန်းများကို သယ်ယူခြင်း၊ ပန်းများကို အကြီး၊ အလတ်၊ အငယ်၊ ပယ်ပန်းများ ရွေးချယ် ခြင်း၊ ပန်းစည်းခြင်း၊ ကုန်တင်/ကုန်ချ ပြုလုပ်ခြင်း လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် အမျိုးသား လုပ်သားတစ်ဦးလျှင် ကျပ် ၆၀ဝ၀ နှုန်း၊ အမျိုး သမီးလုပ်သားတစ်ဦးလျှင် ကျပ် ၅၀ဝ၀ နှုန်းဖြင့်  တစ်ရက်လျှင် လုပ်သား ၂၀ ခန့်ကို ငှားရမ်းဆောင် ရွက်ရ၍ မိမိတို့ရပ်ကွက်၊ ကျေးရွာ၊ လမ်းများရှိ ပြည်သူများအတွက်  အလုပ်အကိုင်  အခွင့် အလမ်းများ ပိုမိုရရှိစေခြင်း၊ အလုပ်အကိုင်ရှား ပါးမှုများကို   တစ်ဖက်တစ်လမ်းမှ   အထောက် အကူပြု ကူညီရာလည်းရောက်ကြောင်း၊ ပန်းကုန် သည်များသည် စရိတ်စကအနေဖြင့် ပန်းတံများ စတင်ဝယ်ယူသည်မှ နေရာဒေသမရွေး တင်ပို့ သည့်ဈေးကွက်သို့ ရောက်ရှိချိန်အထိ ပန်းတံ တစ်တံလျှင်  ၁၅ ကျပ်မှ ၂၀ ကျပ်ခန့် ကုန်ကျ စရိတ်ရှိကြောင်း လေ့လာသိရှိရသည်။
ပန်းဈေးကွက်အနေဖြင့်   ရန်ကုန်တိုင်း ဒေသကြီးတွင်    စံပြဈေး၊   ထောက်ကြန့်နှင့် ရန်ကုန်မြို့ သီရိမင်္ဂလာဈေးကွက်သို့ အများဆုံး တင်ပို့ကြောင်း၊ ပဲခူးတိုင်းဒေသကြီးတွင် ပဲခူး၊ ဝေါမြို့များသို့လည်းကောင်း၊ မွန်ပြည်နယ်တွင် ကျိုက်ထို၊ ပေါင်၊ သံဖြူဇရပ်ဈေးကွက်သို့ လည်း ကောင်း၊တနင်္သာရီတိုင်းဒေသကြီးတွင် ထားဝယ်၊ နေပြည်တော်၊ မကွေးနှင့် ရခိုင်ပြည်နယ်သို့လည်း  တင်ပို့ရောင်းချပါကြောင်း၊ ဈေးကွက်တွင် လက် လီပြန်လည်ရောင်းချသော ပန်းသည်များ အနေ ဖြင့် ၁၆၀ မှ ၁၇၀ ကျပ်အထိ ဈေးကွက်တွင် ပြန် လည်ရောင်းချလျက်ရှိကြောင်း၊ လက်ကားပန်း ဒိုင်များ၏ အကျိုးအမြတ်အနေဖြင့် သယ်ယူရာ တွင် ထိခိုက်ပျက်စီးမှု၊  နယ်မြေဒေသအလိုက် အချိန်ကြာမြင့်မှုနှင့် ဈေးနှုန်းဈေးကွက် ပေါ်မူ တည်၍  အရှုံးအမြတ်ကို  တွက်ချက်၍ မရ ကြောင်း၊ ပန်းရှားလျှင် ဈေးကောင်းရ၍ မိုးများပြီး ဝယ်လက်အေးချိန်တွင် အရောင်းအဝယ်အေး ကြောင်း၊ ပန်းဝယ်ယူရရှိသည့်အပေါ် မူတည်၍ ဈေးကွက်ကို  ဖြန့်၍  တင်ပို့ရောင်းချကြောင်း ပန်းဒိုင်ဖွင့်၍ ဝယ်ယူရောင်းချနေသော လုပ်ငန်း ရှင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ရွှေတောင်သူ