မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံကြား ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် စစ်တွေဆိပ်ကမ်းသစ်ကို မကြာမီ ဖွင့်လှစ်နိုင်တော့မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ကုန် သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ သိရသည်။
လက်ရှိတွင် ဆိပ်ကမ်း၌ ဆိုက်ကပ်မည့် နိုင်ငံတကာသင်္ဘောများ ဝင်ရောက်မှုနှင့်ထွက်ခွာမှုအတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ကာ ပြည်တွင်းသင်္ဘောများ ဝင်ရောက်နိုင်ရန်အတွက်လည်း လိုအပ်သည်များကို ဆက်လက် လုပ်ဆောင်နေပြီဖြစ်ကြောင်းသိရသည်။
သို့ဖြစ်၍ ရခိုင်ပြည်နယ်မှ ထွက်ရှိသည့် အရည်အသွေးကောင်း ဆန်တန်ချိန် ၂၅၀ဝ ကို လာမည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းတွင် ကုလားတန်စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် စစ်တွေဆိပ်ကမ်းသစ်မှတစ်ဆင့် တင်ပို့နိုင် တော့မည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် စစ်တွေဆိပ်ကမ်းသစ်ကို ဇန်နဝါရီလတွင် ဖွင့်လှစ်လာနိုင်ကြောင်း ရခိုင်ပြည်နယ်ရှိ ကုန်သည်များက ခန့်မှန်းထားသည်။
ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းတွင် စစ်တွေဆိပ်ကမ်း တိုးချဲ့ဆောက်လုပ်ရေး၊ နိုင်ငံတကာသင်္ဘောများ သွားလာနိုင်ရေးအတွက် ကုလားတန်မြစ်ကို တိုးချဲ့တူးဖော်ရေးနှင့် ချင်းပြည်နယ် ပလက်ဝ မြို့မှတစ်ဆင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည် နယ်အထိ ကားလမ်းဖောက်လုပ်ရေးများ ပါဝင် ကြောင်း သိရသည်။
အိန္ဒိယမှ ကုန်ပစ္စည်းများကို ကုလားတန် မြစ်ကို ဖြတ်ပြီး စစ်တွေ မြို့မှတစ်ဆင့် ပလက်ဝသို့ ရေကြောင်းကနေ ပို့ဆောင်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများကိုတော့ ပလက်ဝ မှနေ၍ မီဇိုရမ်အထိ ကုန်တင်ကားဖြင့် တင်ပို့ရန် စီစဉ်ထားကြောင်း ကုန်သည်များက ပြောသည်။
အဆိုပါ စစ်တွေဆိပ်ကမ်း ဖွင့်လှစ်ပြီးနောက် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံကြား ကုန်သွယ်ရာ၌ သင်္ဘောလိုင်းတစ်ခုထားရှိရန်အပြင် အပတ်စဉ် သို့မဟုတ် လစဉ် သင်္ဘောပြေးဆွဲနိုင်ရန်အတွက် ကုန်သည်များ၊ လုပ်ငန်းရှင်များနှင့် အိန္ဒိယနိုင်ငံမှ တာဝန်ရှိသူများ ဆွေးနွေးနေ ကြောင်း သိရသည်။
ထို ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းကို ၂၀ဝ၈ခုနှစ်တွင် အိန္ဒိယနှင့် မြန်မာအကြား သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မှုများကို ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလတွင် စတင်ခဲ့ကာ အဆိုပါ စီမံကိန်းကို အိန္ဒိယနိုင်ငံက အမေရိကန်ဒေါ်လာ ၄၈၄ သန်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။
Background