Main menu

Background

ဆန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ရေဘေးသင့်ဒေသများအတွက် သက်သာသောဈေးနှုန်းဖြင့် ဆန်အိတ်ရေ တစ်သိန်း ရောင်းချပေးမည်

Thu, 09/17/2026 - 14:10 -- journal_editor

ပြည်တွင်းဆန်ဈေးနှုန်း တည်ငြိမ်မှန်ကန်ရေးနှင့် ရေကြီးရေလျှံမှုဖြစ်ပေါ်နေသည့်ဒေသများအတွက် သက်သာသောဈေးနှုန်းများဖြင့် ဆန်အိတ်ရေတစ်သိန်းရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှထုတ်ပြန်ခဲ့သည်။
အဆိုပါအစီအစဉ်တွင် ရေဘေးကူညီရေးပရဟိတအဖွဲ့အစည်းများအတွက် သက်သာသောဈေးနှုန်းဖြင့် ဆန်အိတ်ရေတစ်သိန်းရောင်းချပေးခြင်းနှင့်ပြည်သူများထံ အိမ်တိုင်ရာရောက် ရောင်းချပေးမည့်အစီအစဉ်များပါဝင်သည်။
ထုတ်ပြန်ချက်အရ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သောဒေသများသို့ ဖြန့်ဝေပေးမည့် ပရဟိတနှင့် လူမှုရေးအဖွဲ့အစည်းများအတွက် ဧည့်မထ ၁၅  ရာခိုင်နှုန်းအဆင့် ဆန် (၂၄ ပြည်-၁၀၈ ပေါင်) အိတ် ကြီး အိတ်ရေတစ်သိန်းကို တစ်အိတ်လျှင် ကျပ် ၇၀ဝ၀ဝ နှုန်းဖြင့် ရောင်းချပေးမည်ဖြစ်သည်။
အလားတူ ပြည်ထောင်စုနယ်မြေနေပြည်တော်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ရွှေဘိုပေါ်ဆန်း (၂၄ ပြည် ၁၀၈ ပေါင်) တစ်အိတ်လျှင် ငွေကျပ် ၂၀ဝ၀ဝ၀ နှင့် ဧရာဝတီပေါ်ဆန်း (၂၄ ပြည် ၁၀၈ ပေါင်) တစ်အိတ်လျှင် ငွေကျပ် ၁၅၀ဝ၀ဝ နှုန်းဖြင့် အိမ်တိုင်ရာရောက်ပို့ဆောင်ပေးမည့် (Home Delivery) စနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။
အဆိုပါစနစ်အားK- Pay ဖြင့် ငွေဝင်ရောက်ပြီးပါကငါးရက်အတွင်းအိမ်တိုင်ရာရောက်ပို့ဆောင်ပေးမည်ဖြစ်ကာViber ဖုန်းနံပါတ် ဝ၉-၄၀ဝ၀၆၇၂၄၀၊ ဝ၉-၄၀ဝ၀၆၇၂၅၀၊ ဝ၉-၄၀ဝ၀၆၇၂၆၀ နှင့်Email: sales@mrf.com.mm တို့မှတစ်ဆင့်  ဆက်သွယ်ဝယ်ယူနိုင်မည်ဖြစ်သည်။ 
ယခုနှစ် နွေစပါးရာသီနှင့် ယခင်နှစ် မိုးစပါးရာသီကထွက်ရှိသည့် စပါးဟောင်း၊ ဆန်ဟောင်းများကို ကြိတ်ခွဲထုတ်လုပ်ကာ သိုလှောင် ဖြန့်ဖြူးရောင်းချပေးနေပြီး ယခုနှစ်ကုန်အထိ ပြည်တွင်းစားသုံးရန် လိုအပ်ချက်ကို အခက်အခဲမရှိ ဖူလုံလောက်ငစွာထုတ်လုပ်ရောင်းချပေးနိုင်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။ 
ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုများ၊ နေရာဒေသအချို့တွင်ရေကြီးမှုများကြောင့် စားသုံးသူပြည်သူများစိုးရိမ်ပူပန်စိတ်များမဖြစ်စေရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ရန်နှင့် ဆန်စက်များ၊ ကုမ္ပဏီများနှင့် ဆန်ကုန်သည်/ပွဲရုံများ၊ လက်လီလက်ကား  ဆန်အရောင်းဆိုင်များအနေဖြင့် ပြည်သူများ သက်သာသော ဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်ရေးပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်စွာဖြင့် ရောင်းချပေးရန် မေတ္တာရပ်ခံထားကြောင်းသိရသည်။